တစ်ရံရောအခါကပါ။
******************
တစ်ခုသော သီတင်းကျွတ်လပြည့်နေ့။
ကိုသာဟန်တစ်ယောက် အသပ်ရပ်ဆုံး ပြင်ဆင်ပြီး ထွက်လာပါတယ်။ဘုန်းကြီးကျောင်း ကိုသွားရမယ်။မနက်ကလည်း စောစောထပြီး ဆွမ်းလောင်းပွဲကို သွားခဲ့ပြီးပြီ။ဆွမ်းလောင်း ဖို့တော့ မဟုတ်။ဆွမ်းလောင်းလာသူ အပျိုချောတွေကို ကြည့်ဖို့။
ထီးလင်းမြို့လယ် လမ်းမကြီးတစ်လျှောက် ဆွမ်းလောင်းဖို့ တန်းစီနေကြတဲ့ အပျိုကြီး၊အပျိုလတ်၊အပျိုလေးတွေကို ရှေ့ကကြည့်လိုက်၊ နောက်ကကြည့်လိုက်နဲ့ နွားရွေးသလို စေ့စေ့စပ်စပ် ကြည့်ခဲ့ပြီးပြီ။သူတို့ကလည်း သည်နေ့မှာတော့ အကြည့်ခံဖို့ အစွမ်းကုန်
သ လာခဲ့ပဲလေ။ကြည့်ပါစေ။
အခုလည်း ဘုန်းကြီးကျောင်းကို သွားပြန်ပြီ။သီလယူဖို့ သက်သက်တော့ ဟုတ်ဟန်မတူ။
" ဟေ့ သာဟန်"
"ဟ! လိန်းဟုန်းပါကား"
သူငယ်ချင်း ချင်းကလေးနဲ့ တွေ့တယ်။သည်ကောင်က သည်နှစ်မှ ကျောင်းလာနေတဲ့ကောင်။ဗမာရည် မလည်သေး။
"နင် ဖယ်သွားမလို့လဲ"
"ဘုန်းကြီးကျောင်း သွားမလို့"
"ဖာ လုပ်လဲ"
"ဟ. ! အခုလို အခါကြီး ရက်ကြီးမှာ ကုသိုလ် ကောင်းမှု လုပ်ရတယ်"
"မသိပါဘူးကွာ။ကောင်မလေးတွေ ကြည့်ဖို့ သွားတယ် မှတ်နေတာ" ဟီး ဟီး -
လိန်းဟုန်းက ကုသိုလ်ဆိုတာ နားမလည်ဘူး။ကောင်းမှုဆိုတာကတော့ ကောင်းတာ တစ်ခုခု ဖြစ်မှာဘဲ လို့တွေးမိတယ်။
"ငါရော လိုက်လို့ ရသလော"
"ရပါတယ်"
"ဘုန်းကြီးဆိုတာ "လူ" လောကွယ်"
"လူပါ့ ဟ။လူကနေ ဘုန်းကြီးဝတ်ထားတာ"
" အော - နင်တို့ ဘုန်းကြီးက စွမ်း သလော"
"ဖာရယ်? "
"ငါတို့ ပဆန်းဆရာ(နတ်ဆရာ)လောက် စွမ်း သလောလို့ မေးတာ"
"သိခြင်ရင် မင့် လိုက်ခဲ့လေ"
"အဲ - လိုက်မယ်"
ဘုန်းကြီးကျောင်းရောက်တော့ အစိန္တေယျနဲ့ ဘုရားရှိခိုး နေကြပြီ။သူတို့ နှစ်ယောက်လည်း နောက်နားမှာ ခပ်သျှိုသျှို ကလေး ၀င်ထိုင်လိုက်ကြပါတယ်။သြကာသ ကန်တော့ခ်ျိုးနဲ့ တစ်ညီတစ်ညာတည်း သံဃာတွေကို ကန်တော့ကြပြန်ပါတယ်။ဆရာတော်ကြီးက ဆုပေးပြီးချိန်မှာ အားလုံးက ဦးချရှိခိုးလိုက်ကြပါတယ်။
လိန်းဟုန်း ပထမတော့ ကြောင်သွားတယ်။နောက်ပြီး ကြောက်လာတယ်။
ဆရာတော်ကြီးက သီလဆက်ပေးတယ်။ပြီးတော့ ထုံးစံအတိုင်း "တိသရေဏ သဟ.့ အပ္ပမာဒေန သမ္ပာဒေထ"
ဆိုလိုက်တော့ ပရိတ်သတ်အားလုံးက "အာမဘန္တေ" လို့ဆိုပြီး ရှိခိုးလိုက်ကြတယ်။
လိန်းဟုန်း မျက်စိ မျက်နှာ ပျက်ပျက်နဲ့ -
"သာဟန် ထ. ထ. ပြန်ရအောင်"
"ဟ. ! မပြီးသေးဘူး "
"လာစမ်းပါ ။ ငါ ကြောက်တယ်"
"ဖာဖြစ်လို့လဲ"
"လာစမ်းပါကွာ' ပြန်ရအောင်ပါဆို"
အတင်းဆွဲခေါ်တယ်။လမ်းပေါ်ရောက်မှ
"မင်းတို့ ဗမာဘုန်းကြီးက အတော် စွမ်း သဟ"
"ဟေ - ဖလိုဖြစ်"
"လူတွေက၀ိုင်းပြီး 'မန်း' ကြတာ။ဘုန်းကြီးက တုတ်တုတ်မလှုပ်ဖူး။ဘုန်းကြီးက ပြန်ပြီးလည်း 'မန်း' လိုက်ရော။
လူတွေ အကုန်လုံးကွာ။ရှေ့ကို ပြားကနဲ နေအောင် လဲကျသွားတယ်။
ငါကတော့ မလဲရဘူးနော် ဆိုပြီး ကြမ်းပြင်ကို သေချာကိုင်ထားတာ။
ဒါတောင် ခေါင်းထဲမှာ မိုက်မိုက် မိုက်မိုက် န ဖြစ်လာသေးတယ်" ။ တဲ့။
အဲ - ဗျား။
တစ်ရံရောအခါက သီတင်းကျွတ် အမှတ်တရပါ။
Credit= Aung Myint Oo
photo= တိုးတက်ရောင် ခြည် စာကြည့်တိုက်( ယော)
No comments:
Post a Comment