Monday, September 28, 2015
ယောသူယောသားတွေဟာ စုန်းကဝေတွေကွ ဟုတ်တယ်
ယခုတော့ ယောနယ်မြေ ဆောမြို့ သို့ ရောက်နေပြီ ။ ယောနယ်သည် စုန်းကဝေ ပေါသည် ဆိုသည်မှာ ယောပြန်မျက်လှည့်ဆရာကြီးများ၏ လက်သုံးစကားဖြစ်ပါသည် ။ စာရေးဆရာကြီး မြစင်္ကြာ၏ ယောပြည်မှ မှော်ကဝေ ၊ စုန်းဘုရင် ဝတ္ထုများသည် ကျွန်တော့ ဘွားဘွား၏ စာအုပ်စင်တွင် တွေ့ ရှိမှတ်သားထားသဖြင့် ကြောက်စိတ်ဝင်နေမိပါသည်။
ကျွန်တော်တို့ တိုက်အိမ်လေးမှာ ညအချိန် ရောက်လာလေ တိတ်ဆိတ်ငြိမ်သက်သွားပါသည် ။ လျှပ်စစ်မီးက ( ၉ ) နာရီလောက်သာ ထွန်းပေးပါသည်။ ညနက်လာလေလေ မှောင်မှည်းလာလေလေ ။ ကျွန်တော်တို့  ကြောက် လာ လေလေ ဖြစ်ပါသည် ။ မမရည်မွန်သာနှင့် ကျွန်တော်တို့  သည် တစ်ခန်းအိပ်ကြပါသည် ။ ဖေဖေနှင့် မေမေတို့ က အိပ်ခန်းတစ်ခန်း အိပ်ကြပါသည်။
အရှေ့ ဘက်ဆီမှ ဆောချောင်းရေသည် တဝေါဝေါ စီးဆင်းနေသည်။ ဆောချောင်းအရှေ့ ဘက်တွင် ငှက်ကျောတောင်ကြီးရှိသည်။ တောင်ဘက်တွင် ကွမ်းအုပ်စစ်တောင်ရှိသည်။ အနောက်ဘက်တွင် ချင်းတောင်တန်းကြီးက မြင့်မြင့်မားမားရပ်တည်နေပါသည်။ မြောက်ဘက်မှာမူ အကြည်ကတင်းတောင်တန်းကြီးက ဝိုင်းရံနေ၏ ။ ဆောမြို့ ကလေးမှာ ဒယ်အိုးကြီးထဲ ရောက်နေသကဲ့သို့  ဖြစ်နေသည်။
`` မမရည်မွန် ကျွန်တော် အိပ်မရဘူးဗျာ ´´
`` ဘုရားစာ တိုးတိုးရွတ်ပေါ့ ´´
`` ဟာကြောက်တယ်ဟ ။ ဘာဘုရားစာမှတောင် မရွတ်တတ်တော့ဘူး ´´
ဖေဖေနှင့် မေမေ ကျွန်တော်တို့ မောင်နှမ စကားများကို ကြားသွားဟန်တူသည်။ ညယံက တိတ်ဆိတ်နေ၏ ။ ဖေဖေသည် ဖယောင်းတိုင်မီးထွန်း၍ ကျွန်တော်တို့ အခန်းထဲ သို့  ဝင်လာသည်။
`` သားတို့ သမီးတို့  မအိပ်ကြသေးဘူးလားဟင် ´´
``ဟုတ်တယ် ဖေဖေ ´´
`` ဘာဖြစ်လို့ လဲ ´´
``ကြောက်လို့ပါဖေဖေ ´´
`` ဘာကိုကြောက်တာလဲ ´´
`` ယောသူ ယောသားတွေကိုပါ ´´
`` ယောသူယောသားတွေက လူတွေပဲ ဘာလို့ ကြောက်ရမှာလဲ ´´
`` မဟုတ်ဖူး ဖေဖေ ။ မဟုတ်ဖူး ´´
``ကျွန်တော်တို့ မောင်နှမ နှင့် ဖေဖေ စကားအချီအချ ပြောနေကြစဉ် မေမေ အခန်းထဲသို့  ဝင်လာသည်။
`` ဒီလောက် ခရီးပန်းလာတာ မအိပ်ကြသေးဘူးလား ဒီမောင်နှမက ´´
``ကြောက်လို့ပါမေမေ ´´
`` ဘာကိုကြောက်တာလဲ ´
`` ဟိုးးး စုန်းကဝေ တစ္ဆေ တွေနဲ့  ဖင်ကပ်စေးတွေကိုပါ ´´
`` အော် ……… ဟား ဟား ဟားး ဟားး ´´
ဖေဖေက အူလှိုက် သည်းလှိုက် ရယ်ပါသည် ။ ကျွန်တော်တို့ မိသားစု ညကြီးမင်းကြီး ဖေဖေထူးထူးခြားခြားရယ်သံကြောင့် ပို၍ ကြောက်သွားပါသည်။ ဖေဖေ့ကို ယောသူယောသားတွေက ပြုစားဖမ်းစားသွားပြီ ထင်မိပါသည်
`` မင်းတို့ မောင်နှမနှင့် ဒေါ်နီလာဟာ ဒီယောနယ်မြေ ဆောမြို့ ကို ရောက်ကတည်းက ပေးတာမယူ ။ ကျွေးတာမစား ။ အနေအထိုင် တစ်မူထူးခြားနေတာ ဒါကြောင့်ကိုးကွ ။ ´´
ဖေဖေ ပြောပြောဆိုဆိုနှင့် ကျွန်တော့ ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပါသည်။ မေမေက မမရည်မွန်သာခုတင်တွင် ထိုင်လိုက်ပါသည် ။ ကျွန်တော်သည် ဖေဖေ့ကို သိုင်းဖက်ထား လိုက်မိသည်။
`` သားတို့ သမီးတို့  နယ်ချဲ့ အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ်မှု ယန္တရားကြားက အခုထိ မလွတ်သေးဘူးကိုးကွ ။ ဒါတွေဟာ နယ်ချဲ့တွေရဲ့  ခေတ်နောက်ပြန်ဆွဲ ဝါဒတွေကွ။ တကယ်တော့ ယောသူယောသားတွေဟာ သားတို့ သမီးတို့  ထင်နေသလိုပဲ စုန်းကဝေတွေကွ ။ ဟုတ်တယ် ဟုတ်တယ် ´´
``ဟင် ကိုတေဇာ တကယ်လားဟင် ´´
`` ဟုတ်တယ် နီလာရေ ´´
`` ကျွန်တော် မျက်လုံး ပြူးကျယ်သွားပါသည် ။ အိပ်ချင်စိတ်များပင် ဘယ်ရောက်သွားသည် မသိပါ ။
ကျွန်တော်တို့ မိသားစု ယောမြေ ဆောမြို့ က အတောင်တင်လို့ ပျံလို့ ရလျှင် ယခုပင် ရန်ကုန်သို့  ပြန်လိုက်ချင်ပါသည် ။
`` ဟုတ်တယ် ။ ယောသူယောသားတွေက စုန်း တွေ ။ စီးပွားရေး ၊ပညာရေး၊ လူမှုရေး ၊လမ်းပန်းဆက်သွယ်ရေး၊ ဘဝအဖုံဖုံ အလုံးစုံ နွံနစ်နေတဲ့  ၊ လူ့ ဘဝ စုံးစုံးနစ်မြုပ် နေတဲ့ သူတွေပေါ့ကွာ ။ သားတို့ သမီးတို့ ဇနီးသည်တို့  ထင်နေသလို စလုံးတချောင်းငင်နသတ် ဝစ္စ နှစ်လုံးပေါက်တဲ့ စုန်း မဟုတ်ဖူး ။ စလုံးတစ်ချောင်းငင် သေးသေးတင် ဝစ္စ နှစ်လုံးပေါက်တဲ့  စုံး ပါ ´´
ဖေဖေ မောသွားဟန် တူပါသည် ။ စကားကို ခေတ္တ ရပ်လိုက်သည်။ ဖယောင်းတိုင် အသစ်တစ်တိုင်ကို ထွန်းညှိ လိုက်ပါသည်။
`` သားတို့ သမီးတို့ ဇနီးတို့  ဒီနေ့ ပဲ ကြည့်ပါလား ။ လမ်းပန်းမဖွံ့ ဖြိုးဘူး ။ ကျန်းမာရေး မဖွံ့ ဖြိုးဘူး ။ လူမှုရေး မဖွံ့ ဖြိုးဘူး ။ ယောသူယောသားတွေရဲ့  စကားတွေက ဟိုးရှေး မြန်မာကြီးတွေရဲ့  ပေါရာဏစကားတွေပြောနေတုန်းပါ။ လယ်ယာဥယျာဉ်ခြံမြေကို ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီး ရိုးသားကြိုးစားနေတဲ့  မြန်မာအနွယ်ဝင် ညီနောင်ယောသား တို့ သွေးသားတွေပါ ။
၁၉၇၅ ခုနှစ် ၊ သန်းခေါင်စာရင်းမှာ မြန်မာ အနွယ်ဝင်အမျိုးထဲက တစ်မျိုးအပါအဝင်ပါပဲ ၊ အဲဒီသွေးသားတွေကို ( မရှိသူခိုးနိုး ၊ မလှစုန်းရိုး ) ဆိုတဲ့ စကားပုံလို စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးမလှတော့ စုန်းဘဝ ရောက်ခဲ့ကြတယ် ။ နယ်ချဲ့သွေးခွဲ အထင်လွဲလို့ မပြီးသေးခင်မှာ အလံနီ ကွန်မြူနစ်ပါတီ သခင်စိုးက အမာခံနယ်မြေ ထူထောင်ပြီး ၊ ဆက်ကြေးတောင်း ။ ဗုံးထောင် ၊ ဆင်စွယ်ရွာ တစ်ရွာလုံး လူသတ် လုပ်ခဲ့ကြ ။ ကျောင်း ၊ ဆေးရုံ မရှိလို့ သေခဲ့ကြရတာ အနန္တ။ အသိနောက်ကြခဲ့တာ ဗလပွ။ အခု တိုင်းရင်းသားဖွံ့ ဖြိုးရေးတွေ ဝတိုင်းရင်းသားတွေကို နိင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက် ပေးနေသလို ဖေဖေတို့ က ပညာရေးအသိ ၊ ကျန်းမာရေးသတိနဲ့  လုပ်ရမှာမို့  ဒီကိုပြောင်းလာတာကွ သားတို့  သမီးတို့  ဇနီးတို့ ရဲ့ ´´
ဖေဖေပြာစကားကို ကျွန်တော် သဘောပေါက်သွားပါသည်။
လက်တွေ့ အနေနဲ့လည်း အမှန်ပင် ဖြစ်သည်။
ကျွန်တော်တို့ သံသယတွေ ပျောက်ကာ အမှန်ဘဝကို ရောက်ခဲ့ကြပါသည်။ ညီနောင်ယောသား တို့ သွေးသားများဟု ကျွန်တော်တို့ မောင်နှမ သန္နိဋ္ဌာန်ချကာ အိပ်ရာဝင် ခဲ့ကြပါသည်။
အကြောက်တရားဟူသည် မြူစမျှပင် မရှိတော့ပါ ။
________________________________________________
ယောနက ဖိုးထောင်ရဲ့ ပန်းဆုဝေ လူငယ်ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ (ညီနောင်ယောသား တို့ သွေးသား ) မှကြိုက်နှစ်သက်သော တပိုင်းတစကို ပုံနှိပ် အတိုင်း ရေးသားဖော်ပြခြင်းဖြစ်ပါတယ်ရှင် ။
ယောသူတို့ရွာ facebook page မှ ကူးယူဖေါ်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment