Menu

Wednesday, June 1, 2016

ဝါးတံခါးလေး သို့မဟုတ် ယော ဟူသည်(ယောဆိုတာ အဲသလိုရယ်ပါဗျာ - ၁)

"ယော "
ဆိုတာဘာလဲ
ဟုမေးကြသော မိတ်ဆွေများအား ယောဒေသက ဝါးတံခါးလေး အကြောင်းကို ပြည်တွင်းရောပြည်ပကမိတ်ဆွေများပါ ကြိမ်ဖန်များစွာကျနော် တခုတ်တရပြောဖူးသည်။
ပြည်ပကမိတ်ဆွေများကတော့ မယုံကြည်သလိုလို အံ့သြသလိုလို နဲ့ မျက်ခုံးလေးပင့် ပုခုံးလေးတွန့်ပြပြီး ပါးစပ်အဟောင်းသား။
ပြည်တွင်းမိတ်ဆွေများကတော့ မဖြစ်နိုင်ပါဘူးကွာ ဟု ပွင့်ပွင့်လင်းလင်းပြောကြသည်။
စာဖတ်သူမိတ်ဆွေလည်း လွတ်လပ်စွာ
ယုံကြည်ခွင့် ငြင်းပယ်ခွင့်ရှိပါသည်။အမှန်တကယ် ဖြစ်စဉ်ဆိုသည်ကတော့ အသေအချာပါ။
ဝါးတံခါးဟုလွယ်လွယ်ပြောရသော်လည်း
ဝါးခြမ်းကို မလွှာဘဲယက်လုပ်ထားသော အိမ်ခြံဝင်းတံခါး ဖြစ်ပြီး ယောဒေသ ခြံဝင်းတံခါးများက ဆယ့်နှစ်ရာသီ နှစ်ဆယ့်လေးနာရီ ဖွင့်ထားတတ်မျိုးိမို့  တံခါးဟုမည်ကာမတ္တသာ။
တံခါးဆိုသည်ထက် Notice board
ကြော်ငြာသင်ပုန်းဆိုက ပိုမှန်ပါမည်။
ကဲ
ဲ အဲသည် ဝါးတံခါးအကြောင်းပြောပြပါမည်။
ယောဒေသကျေးရွာများတွင် ဈေးဟူ၍သီးခြားမရှိကြ။ သူ့ အိမ်ကဟင်းရွက် ကိုယ်ခူး ကိုယ့်အိမ်ကအသီးသူ့ မျှဖြင့် အတ္တ ပရမျှတစွာနေထိုင်ကြသည်။
အသားငါး ဆိုလျှင်လည်း တောထဲတောင်ထဲချောင်းမြောင်းထဲမှာ ရှာရလျှင်ရ မရလျှင် အိမ်မှာမွေးထားသော အကောင်ပလောင်လေးများသာ။
ဤနေရာမှာ ဝါးတံခါးကဏ္ဍပါလာပါပြီ။
ဆိုကြပါစို့…
့ဘအောင်အိမ်မှ သူ့မွေးထားသောဝက်ပေါ်ပြီး ရောင်းသည်။
ထိုအခါ ရွာထဲက ဝက်သားဝယ်လိုသူများက မိမိလိုသလောက်လာယူသွားကြသည်။
အကြွေးစနစ်ဖြင့်  ဘယ်နေ့ ဘယ်လ ပေးမည်။
အကြွေးပေးရမည့် နေ့တွင် အကြွေးယူထားသူက အရေးကိစ္စ တစ်ခုပေါ်လာသည်။ကတိသစ္စာကို အလေးအနက်ထားသူများမို့ အကြွေးမပေးလို့ ကလည်းမဖြစ်
သွားစရာကိစ္စကလည်း ဖျက်လို့ မဖြစ်
မည်သို့ လုပ်ရမည်နည်း…
လွယ်ပါသည်။
မီးဖိုထဲ မီးသွေးတစ်ခဲရှာ
ဝါးတံခါးလေးမှာ
"ဘအောင် ဝက်သားဖိုး ထရံမှာညှပ်ထားတယ်"
ဟုရေးထားခဲ့ပြီး မိမိကိစ္စရှိရာ ထွက်သွားရုံသာ။
အကြွေးရစရာရှိသူက
အိမ်လာ
ဝါးတံခါးလေးက စာကိုကြည့်ပြီး အိမ်ပေါ်တက် ထရံကြားက ပိုက်ဆန်ယူ ပိုနေလျှင် ပြန်အမ်းထားခဲ့ယုံသာ။
အိမ်ရှင်၏ ပစ္စည်းများအား ကံသုံးပါးဖြင့် တစိုးတစိမှ ပြစ်မှားခြင်းမရှိကြ။
ကဲ !
မိတ်ဆွေ
စိတ်ထဲမှာ ဘယ်လိုခံစားရပါသလ။ဲ
ယုံကြည်ခြင်း မယုံကြည်ခြင်းကတော့
ကိုယ်ပိုင် အခွင့်အရေးမို့ ဘာမှမပြောလိုပါ။
သေချာတာတစ်ခုကတော့ ခုတစ်ခေါက်ရွာအပြန် ရွာက
ဝါးတံခါးလေးတွေ မှာ မီးသွေးခဲလက်ရေးလေး တွေ ခပ်ရေးရေးတွေ့ရပါသေးသည်။
ယောသိင်္ခ



ဖိုက်ခြင်တောင်းပွဲခေါ်မိုးခေါ်ပွဲ အပိုင်း(၂ )


ဖိုက်ခြင်းတောင်းကို တောင်သားရိုးရာ မိန်းမ၀တ်များ ပတ်လျှက် ၀တ်ဆင်လိုက်ရပေသည်။အမွှေးနံ့သာများ လိမ်းကျံပက်ဖျန်းပေးထားရသည်။သီးပန်း၊သီးရွက်(သို့မဟုတ်) နဘူးပန်း၊နဘူးရွက်တို့ကို ခြင်းတောင်း၏ထိပ်(တောင်းကို မှောက်လျက်အနေထားဖြင့်)တွင် ထိုးစိုက်ချည်နှောင်ကြသည်။ထိုပန်းတို့၏အလယ်တွင် ၀ါပေါက်၊၀ါတွတ်ကို ထားရပါသည်။အစစအရာရာပြင်ဆင်ပြီးသောအခါ မိုးခေါ်ပွဲ(၀ါ)ဖိုက်ခြင်တောင်းပွဲကို ဦးဆောင် ကျင်းပမည့်သူသည် အုန်းငှက်ပျော၊ကန်တော့ပွဲကို ရှေ့မှာထားပြီးဗုဒ္ဓမြတ်စွာ ဘုရားအား ဦးစွာကန်တော့ကာ နောက်ပိုင်းနတ်ပင့်ဂါထာရွတ်ဖတ်၍ နတ်ပင့်ပါသည်။နတ်ဝင်မည့် ဖိုက်ခြင်တောင်းကိုင် မိန်းမကြီးငယ်တို့ကား အသင့်ဖြစ်နေရပါသည်။ထိုဖိုက်ခြင်တောင်းကို ကိုင်မည့် မိန်းမကြီးငယ်တို့သည် ကိုယ်ဝန်ဆောင် မိခင်များ မဖြစ်ရပါ။ထိုသို့ သတ်မှတ်ရခြင်းမှာ နတ်ပူးဝင်ခြင်းမရှိဟု အယူရှိကြသောကြောင့် ဖြစ်သည်။
နတ်ပင့်ဆရာက နတ်ပင့်ခြင်းအမှု့ ပြီးဆုံးပါက တီးခတ်နေသော ဆိုင်းအားခေတ္တ ရပ်ဆိုင်းလိုက်ရသည်။ဖိုက်ခြင်တောင်း ကိုင်မည့် အမျိုးသမီးများကလည်းနတ်ဝင်ကမည့် ဖိုက်ခြင်တောင်း၏အစွန်းကို လက်ဝါးဖြင့်ပင့်ကာ တင်ထားကြရပြီး ပတ်လည်ဝိုင်း ထိုင်နေကြရပါသည်။နတ်ပင့်ပြီးသော် နတ်ဆရာက မတ်တပ်ရပ်ပြီး အမွှေးနံ့သာရည်ဆွတ်ဖျန်းထားသော ခွက်ဖလားထဲမှ နံ့သာရေကို ဖိုက်ခြင်တောင်းအား ပက်ဖျန်းလိုက်ပါသည်။ထို့နောက် နတ်ဆရာမှ မိုးခေါ်ဧချင်းကို တိုင်ပေးသည်။ဖိုက်ခြင်တောင်းကိုင် အမျိုးသမီးများက သံပြိုင်လိုက်ဆိုကြပါသည်။
ပွဲကြည့်ပရိတ်သတ်များကလည်း စိတ်ပါနစ်မြောစွာ လိုက်ဆိုကြသည်မှာ ပွဲကျင်းပရာ ကွင်းတစ်ခုလုံး ဟိန်းနေပါတော့သည်။
ထိုသို့နတ်ဆရာက တိုင်ပေးရင်းလက်ထဲမှ နံ့သာရည်များ၊ပက်ဖျန်းပါသည်။ထိုအချိန်တွင်ဆိုင်းအဖွဲ့က အနားယူပြီး ဘေးမှ အိုးစည်ဝိုင်းအဖွဲ့မှ ညာသံများပေးလျက် တီးခတ်လိုက်ကြရာ အလယ်မှ ဖိုက်ခြင်တောင်းသည် ဘယ်ညာယိမ်းက လှုပ်ရှားလာပါတော့သည်။
ဧချင်း
တ တမင်သီ ရှင်ဇော်ဂျီ ဇော်ဂျီရှင်မ နတ်ကယ် တိမ်းပေးတော့ ယိမ်းပေတော့။
ဝါဖလေး ဖြူတော်စင် ရွှေလက်တောက်နဲ့ငင်
ဇော်ဂျီရှင်မနတ်ကယ် တိမ်းပေတော့ ယိမ်းပေတော့။
"-သံပုရာခွံ၊လမ်းမမှာညွှံ ဒူးဆစ်မြုပ်အောင် ရွာပါ့မိုး၊ရွာပါ့မိုး။
-လှေခါးဦး ကျွဲလူးရအောင် ရွာပါ့မိုး၊ရွာပါ့မိုး။
-စားဖိုထောင့် ကြာပင်ပေါက်အောင် ရွာပါ့မိုး ၊ရွာပါ့မိုး။
-ယက္ကန်းစင်၊ပျိုလေးခင်၊ချည်ခင်မျောအောင် ရွာပါ့မိုး၊ရွာပါ့မိုး။
-အိမ်မိုးခေါင် မြုံးထောင်ရအောင် ရွာပါ့မိုး၊ရွာပါ့မိုး။"
နတ်ဆရာက တိုင်ပေးလိုက် နတ်ထိန်း( ဖိုက်ခြင်တောင်းကိုင်)များက လိုက်ဆိုလိုက်ဖြင့် အရှိန်ရနေချိန်မှာ နတ်ဝင်ပူးထားသည့် ဖိုက်ခြင်တောင်းသည် ဘယ်ညာယိမ်းက ခုန်ပေါက်လာပါတော့သည်။ဖိုက်ခြင်တောင်းကိုင်များကလဲ အလိုက်သင့် ထိန်းပေးရလေသည်။
-ငါးပိကောင် ၊ငါးရှင်ဖြစ်အောင် ရွာပါ့မိုး၊ရွာပါ့မိုး။
-ပေဖူးပေါ် ပေပင်ပေါက်အောင် ရွာပါ့မိုးရွာပါ့မိုး။
-ကောက်ပင်ညိုမြ၊မမိုးခကို၊ရေရမြက်တင် ရွာစေချင်၊ဇော်ဂျီရှင်မနတ်ကယ် တိမ်းပေတော့ ယိမ်းပေတော့။
ဖိုက်ခြင်တောင်းသည် ပိုမိုအရှိန်ကောင်းစွာ ခုန်ပေါက်လာပါတော့သည်။ ဆိုင်းဝိုင်းက နတ်ဒိုးတီးပေးပြီ။နတ်ချင်းမှာမူ "ရွှေပုပ္ပါး၊ရွှေပုပ္ပါးရယ်သာ၊လာချင်ပါရဲ့လေး
ဟူသောတေးသွားပင် ဖြစ်ပါသည်။ပွဲကြည့် ပရိတ်သတ်များသည် နတ်ချင်း၊နတ်ဒိုးသံတို့တွင် နှစ်မျောလေပြီ။စိတ်တွေ လှုပ်ရှား လာကြပြီး ကိုယ်တိုင် ၀င်ကကြတော့သည်။ထန်းရေသောက်ထားသူများအဖို့ကား ပြောဖွယ်ရာ မရှိတော့ပြီ။ကလေးသူငယ်များပါ အပျော်တွေ ကူးစက်ပြီး ၀င်က ကြပါလေတော့သည်။ ကျနော့်အဖို့ မဖော်ပြနိုင်သော ၀မ်းသာပီတိဖြစ်မှု့မျိုး ခံစားလာရပါသည်။ကြက်သီးတွေ တသီတစ်တစ်တန်းပင် ထလာပါတော့သည်။
ယိမ်းယိုင်လှုပ်ခတ်နေသော ဖိုက်ခြင်တောင်းမှာ အရှိန်ရလာသည်နဲ့ အမျှ လမ်းမပေါ်သို့ ဦးဆောင် ခေါ်ယူသွားတော့သည်။ အထိန်းတော် အမျိုးသမီးများမှာလဲ အလိုက်သင့်ခြံရံ ထိန်းပေးရင်း အိုးစည်၊ဒိုးပတ်သံတွေ တမြိုင်မြိုင်ဖြင့် ရွေ့လျားကာ ရှေ့သို့ ဦးတည်ကာ ကခုန်လျက် ချီတက်ကြသည်။ပွဲကြည့်ပရိတ်သတ်များကလည်း သစ်ကိုင်းသစ်ခက်တို့ ကိုကိုင်ဆောင်အော်ဟစ်လိုက်ပါကြသည်။ခပ်လှမ်းလှမ်းသို့ ရောက်လျှင်တော့ နတ်ဆရာမှ ပြန်လည် ပင့်ဖိတ်ပြီး သတ်မှတ်နေရာသို့ ခေါ်ဆောင်ကာ ကပြကြပြီး ဖိုက်ခြင်တောင်း အလိုအလျောက် ငြိမ်သက်မှ မိုးခေါ်ပွဲပြီးမြောက်သည်ဟု ယူဆကြပါသည်။
မူလကျင်းပရန် သတ်မှတ်ထားသော နေရာတွင် နဘူးနွယ်ဖြင့် လွန်ဆွဲပွဲ ကျင်းပရန် ကျန်နေသေးသည်။ကျားလျှင် ကျားချင်း၊မိန်းမသားတို့လျှင် မိန်းမသားတို့ချင်း ကိုယ့်နှစ်သက်ရာ အစုအဖွဲ့ဖြင့် လွန်ဆွဲကြခြင်းဖြစ်သည်။ထိုသို့ သုံးလေးကြိမ်ကပြခြင်းဖြင့် ညည့်နက်သည်အထိ ကျင်းပကြသည်။ဖိုက်ခြင်တောင်းနတ်မှာ မအောင်ဖြူဟုခေါ်ကြောင်း ရွာမှ လူကြီးသူမများ ပြောကြားမှု့ကြောင့် သိရှိရပါသည်။ဖိုက်ခြင်တောင်းပွဲသည် ငွေကုန်ကြေးကျ သိပ်မများပဲ ကလေး၊လူကြီးအားလုံး ပါဝင်ဆင်နွှဲနိုင်သော ကျေးလက်ရိုးရာ ပွဲတော် တစ်ခုပင်ဖြစ်ပါသည်။တကယ်လို့များ ဒီလိုပွဲတော်လေးကို ကိုယ်တိုင်ကြုံကြိုက် ဆင်နွှဲလိုကြရင်ဖြင့် ထီးလင်းမြို့နယ်၊အိုင်းမရွာသို့ တစ်ခါတစ်ခေါက် လာရောက်လေ့လာ ဆင်နွှဲနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ဖြည့်စွက်ချက်။ ။
နှစ်ပေါင်း(၇၀)ခန့်အတွင်း ရွာသူရွာသားအချင်းချင်း လူသတ်မှု/မုဒိမ်းမှု/ခိုးမှု တစုံတရာမရှိခဲ့သော ထေရဝါဒစစ်စစ်ရွာလေး၌ နတ်ကိုးကွယ်မှုနှင့်ဆိုင်သော ပွဲတော်ကျင်းပ ရခြင်းအကြောင်းရင်းကိုဆန်းစစ်သောအခါ
မိုးဦးကျ မိုးရွာသင့်သောအချိန်၌ မိုးမရွာသောအခါ ရွာသူရွာသားများမှာ စိတ်ဓါတ်ညှိုးချုံးကျဆင်းကြပေသည်။
ထိုအချိန်တွင် ရွာသူရွာသားများ၏စိတ်ဓါတ်ခွန်အားမြင့်တက်စေရန(် Motivation)ရည်ရွယ်ရင်းကို စေ့ငုမိသောအခါ ရှေးယောလူကြီးများ၏ အမျှော်အမြင်အား ဦးနှိမ်ညွှတ်တွားမိပါကြောင်း
ဌေးလှိုင် (အိုင်းမ)
@ ယောသိခ င်္

ဖိုက်ခြင်တောင်းပွဲခေါ် မိုးခေါ်ပွဲ (အပိုင်း ၁)


မြန်မာနိုင်ငံတွင် တစ်ဆယ့်နှစ်လ တစ်ဆယ့် နှစ်ပွဲအနေဖြင့် လစဉ်ပွဲတော်များ ကျင်းပလျက် ရှိပါသည်။ ရှေးအတီတေမှသည် ယနေ့မျက်မှောက်ကာလအထိ နှစ်စဉ်လစဉ် ကျင်းပ လာခဲ့ကြသည်မှာ ရိုးရာယဉ်ကျေးမှု တစ်ရပ် ပင်ဖြစ်သည်။ သင်္ကြန်ပွဲတော်မှသည် တပေါင်း ပွဲတော်အထိ ကျင်းပလာခဲ့ကြရာ အချို့သော ပွဲတော်များသည် နေရာဒေသ၊ ထုံးတမ်းဓလေ့ အစဉ်အလာများကို မှီတည်ကာ ကျင်းပကြသည်။ အချို့သော ပွဲတော်များ ကား နေ့ရက်ကို တည်မှီကာ ဘာသာ၊ သာသနာဆိုင်ရာပွဲတော်များအဖြစ် ကျင်းပကြသည်။ အချို့မှာ မိရိုး ဖလာ နတ်ပွဲများဖြစ်ကြသည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းများစွာ စုစည်းနေထိုင်သော ပြည်ထောင်စုဖြစ်ပေရာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဟူသော စကားကဲ့သို့ကျင်းပကြသော ပွဲတော်များလည်း အမျိုး အမျိုး ကွဲပြားကြပေသည်။ ယင်းတို့အနက်မှ ကျွန်တော်ဖော်ပြ လိုသော ပွဲတစ်ခုမှာ ယောနယ်ဒေသရှိကျေးရွာအချို့တွင် ယုံကြည်လက်ခံကျင်းပဆဲဖြစ်သော ပွဲတစ်ခုပင်ဖြစ်ပါသည်။ တစ်ခါကြုံ ဘူးရုံးမျှနှင့် စိတ်ထဲတွင် စွဲမြဲကြံရစ်မည့် ပွဲဟုလည်း ဆိုချင်ပါသည်။ ထိုပွဲကို ကျွန်တော့်ဇာတိရွာလေးဖြစ်သော မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း မြို့ နယ်အတွင်းရှိ အိုင်းမ အမည်ရ ရွာကလေးတွင် ကျင်းပသော ပွဲပင်ဖြစ်ပါသည်။ ကျွန်တော့် ဇာတိမြေ အိုင်းမရွာကား ထီးလင်း ဂန့်ဂေါကားလမ်းပေါ်တွင် တည်ရှိပါသည်။ အဓိကအသက်မွေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်ပါသည်။ လယ်ယာလုပ်ငန်း တစ်ဖက်နှင့် အားလပ်ချိန်လေးများတွင် မိန်းမကြီး/ ငယ်တို့မှာ ဗိုင်း၊ ချည်၊ ၀ါယက်ကန်း လုပ်ငန်းများ ကြားညှပ်လုပ်ကိုင်ကြသည်။ ယခုအခါ မာစရိုက်ချည်ဖြင့် ချည်ချော ချိတ် လုံခြည်ထုတ်လုပ်သည့် လုပ်ငန်းများပါ လုပ်ကိုင်လာကြပါပြီ။ မိမိတို့ယောမှ ထွက်သောဝါဖြင့် ၀ါဖန်၊ ၀ါကြိတ်၊ ဗိုင်းငင်၊ ချည်ချ အထည်ယက်လုပ်ငန်းမှာမူ မိရိုးဖလာ လုပ်ငန်းဖြစ်ကာ အရွယ်ရောက်သော မိန်းကလေးမှန်သမျှ ဗိုင်းငှင်၊ယက်ကန်းတတ်မြောက်ရသည်။ ဗိုင်းယက်ကန်းမျှ မတတ်သောမိန်းကလေးကို ချွေးမ မတော်ချင်ကြ။
ယခုဖော်ပြလိုသော ပွဲမှာလည်း ယင်းဝါဖန် ၀ါကြိတ်လုပ်ငန်းနှင့် နှီးနွှယ် လျက် ရှိပါသည်။ အချိန်မှာ ၀ါဆို ၀ါခေါင်လဖြစ်ကာ ကောက်စိုက်ပြီးစ ကာလတွင် ဖြစ်ပါသည်။ ထိုနှစ်မိုးခေါင်သဖြင့် သည်ပွဲကို ကြည့်ရခြင်းဖြစ်ပါသည်။ကောက်စိုက်ပြီး မိုးခေါင်သွားလို့ မဖြစ်။ရေသွင်းနိုင်သောလယ်များ မဟုတ်ကြ။ မိုးကောင်းမှ ကောင်းကင်ကျရေကို အားကိုးရသော လယ်များဖြစ်ရာ မိုးမှန်စေလိုသည်။ ထိုသို့မိုးရွာစေ လို သောကြောင့်လည်း ဒီပွဲကိုကျင်းပခြင်းဖြစ်သည်။ ပွဲအမည်မှာ မိုးခေါ်ပွဲ သို့မဟုတ် ဖိုက်ခြင်တောင်း ပွဲဖြစ်ပါသည်။ မိုးနတ်ကိုတင်မြှောက်ပသပူဇော် ပွဲသည့်ပွဲဖြစ်ပါသည်။ကျေးလက် တောရွာဖြစ်ရကား ပွဲလမ်းသဘင် ရှားပါးပါသည်။ ထို့ကြောင့်လည်း ထိုပွဲကို ကလေးသူငယ်မှအပ လူရွယ် လူလတ် ပိုင်းပါမကျန် ကြည့်လို သောပွဲဖြစ်သည်။ ညနေနေ၀င်ရီ တရောအချိန် ကပင်လျှင် အိုးစည်သံတစ်ထုံထုံ၊ လင်းကွင်း(ရကွင်း)သံ တညံ ညံကြားနေရပြီ။
ကလေးများ ဟေးလား...၀ါးလား... အော်ဟစ်မြူးတူးနေကြပြီ။ ဆိုင်းသံဗုံသံကြားလျှင် ထိုးထိုးတွန့်တွန့် ဖြစ်လာကြပြီ ဆိုရမည်။မိုးခေါ်ပွဲ သို့မဟုတ် ဖိုက်ခြင်တောင်း ကပွဲကျင်းပမည့် နေရာကား အလယ်လမ်းမကြီး လေးခုဆုံရာ ကွက်လပ်ဘေး ဇရပ်ကြီး တစ်ဆောင်အနီး တွင် ဖြစ်သည်။ ဇရပ်ဝန်းကျင်မှ ဖျာပေါ်တွင် ငှက်ပျောဖီးဆိုင်နှင့် အုန်းသီး လှလှ ထည့်ထားသည် ကန်တော့ပွဲများ အုန်းသီးပေါ်တွင် ဖယောင်းတိုင်မီး ထွန်းထားသည်။ ကန်တော့ပွဲများတည်း။ မနီးမဝေးတွင် မူ အောက်လင်းဓါတ်မီးအိုးတစ်လုံး ထွန်းထားပါသည်။ အိုးစည်ဝိုင်းကလည်း မြိုင်မြိုင်ကြီးတီးနေကြပါပြီ။ ရွာရှိရိုးရာ မြန်မာ့ဆိုင်း အဖွဲ့ကလည်း ပတ်စာရေစာ ပြင်ကြပြီ။ ( ကိုယ့်ရွာ ကိုယ့်ဆိုင်းမရှိလျှင် ငှားရမည် ) မြန်မာ့ ဆိုင်းအဖွဲ့လည်း ဧည့်ခံတီးမှုတ် ဖျော်ဖြေကြပြီ။
ခဏအကြာတွင် ကြမ်းခင်းထားသော ဖျာများပေါ်တွင် ၀ါဂွမ်းဖတ်ရာတွင် ထည့်စရာ အဖြစ်သုံးသော ခြင်းတောင်းရှည်ကြီး တစ်လုံးကို အလယ်မှာ ချကာ အမျိုးသမီးကြီးများ ၀ိုင်းဝန်းပြင်ဆင် နေကြသည်ကို တွေ့ရသည်။ ထိုနေရာ ထိုအရာကား နတ်ဝင်မည့်နေရာပင် ဖြစ်တော့သည်။ (ဖိုက်ခြင် တောင်းဆိုသည်မှာ ဆေးလိပ်ပိုများသဖွယ် ရှည်မျောမျောရက်လုပ် ထားသော နှီးသေးသေး ချောချောဖြင့် ရက်ထားသော အောက် အနည်းငယ် ကျဉ်းပြီး အ၀တွင် အနည်းငယ်ပိုပြီး ကျယ်ကားနေသည့် ခြင်းတောင်း တစ်မျိုး ဖြစ်ပါသည်။) ဖိုက်ခြင်တောင်းကရန် ပြင်ဆင်ကြသောအခါ အဓိက မပါမဖြစ်သော အရာဝတ္ထု ပစ္စည်းများမှာ -
၁။ ၀ါဂွမ်းဖတ်ရာတွင် သုံးသောခြင်းတောင်းရှည်ကြီးတစ်လုံး
၂။ တောင်သားရိုးရာ မိန်းမ၀တ်များ ( အင်္ကျီ ၊ ထဘီနှင့် ခါးစည်းတံဘတ်စ အ၀တ်)
၃။ သီးပန်း ၊ သီးရွက်(မရပါက) နဘူးပန်း၊ နဘူးရွက်။
၎။ ၀ါပင်မှ ဆွတ်ယူထားသော ၀ါပေါက်၊ ၀ါတွက်၊(ဂွမ်းအဖြစ်မရောက် မီမူလအနေ)
၅။ နံ့သာဖြူ နီ၊ အမွှေးအကြိုင်များ ရိုးရာသနပ်ခါး စသည်တို့သည် မပါမဖြစ် မရှိမဖြစ် လိုအပ်ပါသည်။
(ထီးလင်းမဂ္ဂဇင်းပါ မောင်ဌေးလှိုင်(အိုင်းမ)ရဲ့ စာမူအား ပြန်လည် ကူးယူဖော်ပြသည်)