မြန်မာနိုင်ငံတွင် တစ်ဆယ့်နှစ်လ တစ်ဆယ့် နှစ်ပွဲအနေဖြင့် လစဉ်ပွဲတော်များ ကျင်းပလျက် ရှိပါသည်။ ရှေးအတီတေမှသည် ယနေ့မျက်မှောက်ကာလအထိ နှစ်စဉ်လစဉ် ကျင်းပ လာခဲ့ကြသည်မှာ ရိုးရာယဉ်ကျေးမှု တစ်ရပ် ပင်ဖြစ်သည်။ သင်္ကြန်ပွဲတော်မှသည် တပေါင်း ပွဲတော်အထိ ကျင်းပလာခဲ့ကြရာ အချို့သော ပွဲတော်များသည် နေရာဒေသ၊ ထုံးတမ်းဓလေ့ အစဉ်အလာများကို မှီတည်ကာ ကျင်းပကြသည်။ အချို့သော ပွဲတော်များ ကား နေ့ရက်ကို တည်မှီကာ ဘာသာ၊ သာသနာဆိုင်ရာပွဲတော်များအဖြစ် ကျင်းပကြသည်။ အချို့မှာ မိရိုး ဖလာ နတ်ပွဲများဖြစ်ကြသည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းများစွာ စုစည်းနေထိုင်သော
ပြည်ထောင်စုဖြစ်ပေရာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဟူသော
စကားကဲ့သို့ကျင်းပကြသော ပွဲတော်များလည်း အမျိုး အမျိုး ကွဲပြားကြပေသည်။
ယင်းတို့အနက်မှ ကျွန်တော်ဖော်ပြ လိုသော ပွဲတစ်ခုမှာ
ယောနယ်ဒေသရှိကျေးရွာအချို့တွင် ယုံကြည်လက်ခံကျင်းပဆဲဖြစ်သော
ပွဲတစ်ခုပင်ဖြစ်ပါသည်။ တစ်ခါကြုံ ဘူးရုံးမျှနှင့် စိတ်ထဲတွင်
စွဲမြဲကြံရစ်မည့် ပွဲဟုလည်း ဆိုချင်ပါသည်။ ထိုပွဲကို
ကျွန်တော့်ဇာတိရွာလေးဖြစ်သော မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း မြို
့နယ်အတွင်းရှိ အိုင်းမ အမည်ရ ရွာကလေးတွင် ကျင်းပသော ပွဲပင်ဖြစ်ပါသည်။
ကျွန်တော့် ဇာတိမြေ အိုင်းမရွာကား ထီးလင်း ဂန့်ဂေါကားလမ်းပေါ်တွင်
တည်ရှိပါသည်။ အဓိကအသက်မွေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်ပါသည်။
လယ်ယာလုပ်ငန်း တစ်ဖက်နှင့် အားလပ်ချိန်လေးများတွင် မိန်းမကြီး/ ငယ်တို့မှာ
ဗိုင်း၊ ချည်၊ ၀ါယက်ကန်း လုပ်ငန်းများ ကြားညှပ်လုပ်ကိုင်ကြသည်။ ယခုအခါ
မာစရိုက်ချည်ဖြင့် ချည်ချော ချိတ် လုံခြည်ထုတ်လုပ်သည့် လုပ်ငန်းများပါ
လုပ်ကိုင်လာကြပါပြီ။ မိမိတို့ယောမှ ထွက်သောဝါဖြင့် ၀ါဖန်၊ ၀ါကြိတ်၊
ဗိုင်းငင်၊ ချည်ချ အထည်ယက်လုပ်ငန်းမှာမူ မိရိုးဖလာ လုပ်ငန်းဖြစ်ကာ
အရွယ်ရောက်သော မိန်းကလေးမှန်သမျှ ဗိုင်းငှင်၊ယက်ကန်းတတ်မြောက်ရသည်။
ဗိုင်းယက်ကန်းမျှ မတတ်သောမိန်းကလေးကို ချွေးမ မတော်ချင်ကြ။
ယခုဖော်ပြလိုသော ပွဲမှာလည်း ယင်းဝါဖန် ၀ါကြိတ်လုပ်ငန်းနှင့် နှီးနွှယ် လျက် ရှိပါသည်။ အချိန်မှာ ၀ါဆို ၀ါခေါင်လဖြစ်ကာ ကောက်စိုက်ပြီးစ ကာလတွင် ဖြစ်ပါသည်။ ထိုနှစ်မိုးခေါင်သဖြင့် သည်ပွဲကို ကြည့်ရခြင်းဖြစ်ပါသည်။ကောက်စိုက်ပြီး မိုးခေါင်သွားလို့ မဖြစ်။ရေသွင်းနိုင်သောလယ်များ မဟုတ်ကြ။ မိုးကောင်းမှ ကောင်းကင်ကျရေကို အားကိုးရသော လယ်များဖြစ်ရာ မိုးမှန်စေလိုသည်။ ထိုသို့မိုးရွာစေ လို သောကြောင့်လည်း ဒီပွဲကိုကျင်းပခြင်းဖြစ်သည်။ ပွဲအမည်မှာ မိုးခေါ်ပွဲ သို့မဟုတ် ဖိုက်ခြင်တောင်း ပွဲဖြစ်ပါသည်။ မိုးနတ်ကိုတင်မြှောက်ပသပူဇော် ပွဲသည့်ပွဲဖြစ်ပါသည်။ကျေးလက် တောရွာဖြစ်ရကား ပွဲလမ်းသဘင် ရှားပါးပါသည်။ ထို့ကြောင့်လည်း ထိုပွဲကို ကလေးသူငယ်မှအပ လူရွယ် လူလတ် ပိုင်းပါမကျန် ကြည့်လို သောပွဲဖြစ်သည်။ ညနေနေ၀င်ရီ တရောအချိန် ကပင်လျှင် အိုးစည်သံတစ်ထုံထုံ၊ လင်းကွင်း(ရကွင်း)သံ တညံ ညံကြားနေရပြီ။
ကလေးများ ဟေးလား...၀ါးလား... အော်ဟစ်မြူးတူးနေကြပြီ။ ဆိုင်းသံဗုံသံကြားလျှင် ထိုးထိုးတွန့်တွန့် ဖြစ်လာကြပြီ ဆိုရမည်။မိုးခေါ်ပွဲ သို့မဟုတ် ဖိုက်ခြင်တောင်း ကပွဲကျင်းပမည့် နေရာကား အလယ်လမ်းမကြီး လေးခုဆုံရာ ကွက်လပ်ဘေး ဇရပ်ကြီး တစ်ဆောင်အနီး တွင် ဖြစ်သည်။ ဇရပ်ဝန်းကျင်မှ ဖျာပေါ်တွင် ငှက်ပျောဖီးဆိုင်နှင့် အုန်းသီး လှလှ ထည့်ထားသည် ကန်တော့ပွဲများ အုန်းသီးပေါ်တွင် ဖယောင်းတိုင်မီး ထွန်းထားသည်။ ကန်တော့ပွဲများတည်း။ မနီးမဝေးတွင် မူ အောက်လင်းဓါတ်မီးအိုးတစ်လုံး ထွန်းထားပါသည်။ အိုးစည်ဝိုင်းကလည်း မြိုင်မြိုင်ကြီးတီးနေကြပါပြီ။ ရွာရှိရိုးရာ မြန်မာ့ဆိုင်း အဖွဲ့ကလည်း ပတ်စာရေစာ ပြင်ကြပြီ။ ( ကိုယ့်ရွာ ကိုယ့်ဆိုင်းမရှိလျှင် ငှားရမည် ) မြန်မာ့ ဆိုင်းအဖွဲ့လည်း ဧည့်ခံတီးမှုတ် ဖျော်ဖြေကြပြီ။
ခဏအကြာတွင် ကြမ်းခင်းထားသော ဖျာများပေါ်တွင် ၀ါဂွမ်းဖတ်ရာတွင် ထည့်စရာ အဖြစ်သုံးသော ခြင်းတောင်းရှည်ကြီး တစ်လုံးကို အလယ်မှာ ချကာ အမျိုးသမီးကြီးများ ၀ိုင်းဝန်းပြင်ဆင် နေကြသည်ကို တွေ့ရသည်။ ထိုနေရာ ထိုအရာကား နတ်ဝင်မည့်နေရာပင် ဖြစ်တော့သည်။ (ဖိုက်ခြင် တောင်းဆိုသည်မှာ ဆေးလိပ်ပိုများသဖွယ် ရှည်မျောမျောရက်လုပ် ထားသော နှီးသေးသေး ချောချောဖြင့် ရက်ထားသော အောက် အနည်းငယ် ကျဉ်းပြီး အ၀တွင် အနည်းငယ်ပိုပြီး ကျယ်ကားနေသည့် ခြင်းတောင်း တစ်မျိုး ဖြစ်ပါသည်။) ဖိုက်ခြင်တောင်းကရန် ပြင်ဆင်ကြသောအခါ အဓိက မပါမဖြစ်သော အရာဝတ္ထု ပစ္စည်းများမှာ -
၁။ ၀ါဂွမ်းဖတ်ရာတွင် သုံးသောခြင်းတောင်းရှည်ကြီးတစ်လုံး
၂။ တောင်သားရိုးရာ မိန်းမ၀တ်များ ( အင်္ကျီ ၊ ထဘီနှင့် ခါးစည်းတံဘတ်စ အ၀တ်)
၃။ သီးပန်း ၊ သီးရွက်(မရပါက) နဘူးပန်း၊ နဘူးရွက်။
၎။ ၀ါပင်မှ ဆွတ်ယူထားသော ၀ါပေါက်၊ ၀ါတွက်၊(ဂွမ်းအဖြစ်မရောက် မီမူလအနေ)
၅။ နံ့သာဖြူ နီ၊ အမွှေးအကြိုင်များ ရိုးရာသနပ်ခါး စသည်တို့သည် မပါမဖြစ် မရှိမဖြစ် လိုအပ်ပါသည်။
(ထီးလင်းမဂ္ဂဇင်းပါ မောင်ဌေးလှိုင်(အိုင်းမ)ရဲ့ စာမူအား ပြန်လည် ကူးယူဖော်ပြသည်)

No comments:
Post a Comment