Menu

Tuesday, October 4, 2016

ဗိဿ နိုး ဘုရင်မ ပန်ထွာဧကရီ

ဗိဿ     နိုး ဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ( ရာဇ၀င်ကျမ်းများအရ "ပြည်" ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)
ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘ၀ညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘ၀ညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘ၀ကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)
စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။
ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

( ပန်ထွာဘုရင်မမှာ အတိတ်ဘ၀က ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ )
ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။
စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။)
ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။
သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။
ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။
သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ၀င်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။
သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။
ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၄င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။
ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။
နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။
(ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။
ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။
စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။
-" သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။"
ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။
ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။
သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။ သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။
ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ ( အချို့က သုဿန်မှ အ၀တ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပ၀ါ အဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။
ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပ၀ါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။
တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။
ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။
-" ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘ၀တွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘ၀များတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ"
ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။
(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ၀က်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)
ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။
ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။
ရာဇ၀င်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို စာစီပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။
Posted by moe kya shwe ko

ယောနယ်က တောင်သားလူမျိုး အကြောင်း

ခုတလော နာမည်ကြီးလာတဲ့ တောင်သား(ပျူ ) လူမျိုးအကြောင်း
ဆရာကြီးဒေါက်တာသန်းထွန်းက သူ့ရဲ့  ( ပျူတွေ ဘယ်ပျောက်သွားသလဲ ) စာအုပ် အမှာစာမှာ “”အခုထိ ယောနယ်ထဲမှာ ပျူတွေ ရှိသေးတယ်လို့ ပြောပါတယ် ။ သို့သော် အလွန်ရှားပါးသွားပါပြီ” …. ဆိုပြီး ရေးထားတာကို ဖတ်ရပါတယ် ။
ဆရာကြီးပြောတဲ့ စကား အသွားအလာကိုကြည့်ရရင် ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ အဆိုကို တိတိကျကျ မငြင်းပယ်ထားဘဲ အတည်ပြုလက်ခံဖို့ကျတော့လည်း သုတေသနပြုမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုချင်ပုံရတယ် ။ “သို့သော် အလွန်ရှားပါးသွားပါပြီ” ဆိုတဲ့ စကားကတော့ ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ အနည်းနည်းလေးပဲ ဖြစ်ဖြစ် ရှိနေတယ်ဆိုတာကို လက်ခံထားသိလိုပါပဲ ။
ပုဂံခေတ်ဦး သမုဒ္ဓရာဇ်မင်းလက်ထက်မှာ ပျူလူမျိုးတွေဖြစ်တဲ့ မောင်စိန့် ခေါ် ငစိန့်တို့တစ်စုက ပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း ပုပ္ပါးအရပ်မှာ နေထိုင်ကြတယ် ။ တစ်နေ့မှာ ပုဂံမင်း သမုဒ္ဓရာဇ်မင်းဟာ တစ်ပါးသူရဲ့ ကုန်းချောမှုကြောင့် မောင်စိန့်တို့ လူတစ်စုအပေါ် မျက်ဒေါသထွက်ပြီး သေမိန့်ပေးခဲ့တယ် ။ အဲဒီအချိန်မှာ မောင်စိန့်နဲ့ စန္ဒာဒေ၀ီ မိဘုရားအပါအ၀င် လူတစ်စုဟာ နေရင်းအရပ်ဖြစ်တဲ့ ပုပ္ပါးဒေသကို ထားခဲ့ပြီး ပခုက္ကူနယ် အတွင်းက ပုခန်းကြီးရပ် ၊ သံဖိုကြီးအရပ် တို့မှတဆင့် ယခု ယောနယ်ထဲကို ပြေးဝင်ကြတယ် ။ ခရီးလမ်းတစ်လျှောက် လမ်းခရီးကကြမ်းထမ်းပြီး တောကြီးတောင်ကြီးတွေကို ဖြတ်သန်းရတယ် ။ ပြေးထွက်လာတဲ့ အထဲမှာ မိန်းမသားတွေက အလွန်မောပန်းကြပြီး သက်လုံမကွဲစေဖို့ ရင်မှာ တဘက်စည်းပြီး ပြေးကြရတယ် ။
ပုန်းအောင်းပြီး ပြေးလွှားနေရတဲ့ တောင်တန်းကို ပုန်းတောင်တန်း ( နောက်တော့ ပုံတောင်တန်းဖြစ်လာခဲ့တယ် ) ရှေးကခေါ်ကြတယ် ။ အဲဒီလို ပြေးလွှားနေခဲ့ရာမှာ အုပ်စုတစ်ခုနဲ့ တစ်ခု မကွဲသွားအောင် ပုန်းအောင်း ညာသံပေးပြီး ပြေးကြရတယ် ။ အဲဒီတောင်ကိုတော့ ပုန်းညာတောင် ( နောက်တော့ ပုံညာတောင် ဖြစ်လာတယ် ) လို့ ရှေးက ခေါ်ကြတယ် ။ မောင်စိန့်နဲ့ လူတစ်စုဟာ သူတို့ ရောက်ရှိနေတဲ့ ဒေသအသစ် ( ယောဒေသ ) မှာ တခြားလူမျိုးတွေက မင်းတို့ ဘယ်ကနေလာကြသလဲလို့ မေးရင် .. တောင်ပေါ်ကလာတယ် .. ဒါဖြင့်ရင် မင်းတို့က တောင်ပေါ်ကလာတဲ့ တောင်သားလား လို့ ပြန်မေးရင် ဟုတ်တယ် တို့တတွေဟာ တောင်သားတွေ ဖြစ်တယ်လို့ ဖြေဆိုကြတယ် ။ အဲဒါကြောင့်မို့ တောင်သားလူမျိုးဆိုပြီး အမည်တွင်လာတယ် ။
အဲဒီ တောင်သားလူမျိုး ဆိုပြီး အမည်တွင်လာတဲ့ သူတွေဟာ မူလက ပျူလူမျိုးဖြစ်ကြပေမယ့်  ပုဂံမင်းရဲ့  ရန်ရှာမှုမှကင်းဝေးအောင် မူလလူမျိုးအဖြစ်မှ ဖုံးကွယ်ပြီး စကားပြောဆိုမှုမှာရော အ၀တ်စားဆင်မြန်းမှုမှာပါ ပြောင်းလဲပြစ်လိုက်တယ်လို့ ဆိုပါတယ် ။ ဒါက တောင်သားလူမျိုးနဲ့ ပက်သက်လို့ အစဉ်လာရ ပြောစကားများကို အခြေခံပြီး ရေးသားကြတာကို ကောက်နုတ်ပြီး တင်ပြတာဖြစ်ပါတယ် ။
တောင်သားလူမျိုးတွေဟာ မူလက ပျူလူတွေ ဖြစ်ကြတယ်ဆိုတာကို တချို့  သုတေသနပညာရှင်များကလည်း အခုလို သက်သေပြကြပါတယ် ။ ပျူလူမျိုးတွေဟာ ယောင်္ကျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ငယ်စသ်ကတည်းကနေ အသက် ၂၀ အထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ် ၊ ဗုဒ္ဓမြတ်စွာရဲ့  တရားတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးကြတယ် ၊ အသက် ၂၀ မှာ တကယ်လုပ်နိုင်တဲ့ သူတွေကျတော့ ရဟန်းဝတ်ကြတယ် ၊ မိန်းကလေးဆိုရင် ဘိက္ခူနီမအဖြစ် နဲ့ သာသနဘောင်ဝင်ကြတယ် ၊ အရွယ်ရောက်လာတဲ့ မိန်းကလေးများက ဘိက္ခူနီမ ၀တ်ဆင်သလိုမျိုး ရင်စည်းကို ၀တ်ဆင်ကြတယ် ။ တောင်သားလူမျိုး အရွယ်ရောက်လာတဲ့ အမျိုးသမီးများမှာ ရင်စည်းကို အခုထိဝတ်ဆင်ကြတုန်းဖြစ်တယ် ။ နောက်ပြီး ပျူလူမျိုးတွေဟာ အဖြူရောင် ပိတ်ချည်ကိုဝတ်ဆင်ကြတယ် ။ အခုလက်ရှိ တောင်သား လူမျိုး အရွယ်ရောက်ပြီး မိန်းကလေးများ ၀တ်ဆင်နေကြတဲ့ ရင်စည်းနဲ့ အဖြူရောင်ပိတ်ထည်တွေဟာ ပျူလူမျိုးတို့ရဲ့  ၀တ်စားမှု ပြယုဂ်ဖြစ်တယ် …ဆိုပြီး သက်သေပြကြပါတယ်
C.Yaw Blog
ကျနော်ဖတ်ဖူးတဲ့စာအုပ်မှာ အစ်ကိုက မင်းမှုထမ်း ညီမက မိဖုရား သမုဒရာဇ်မင်းလက်ထက် ပုဂံပြည်လို့ ဆိုပါတယ်။ မင်းဒဏ်သင့်တော့ တမျိုးလုံး ယောနယ်ကိုပြေးကြတယ်။ ပုံးတဲ့တောင် ကို ပုံးတောင် (ပုံတောင်)၊ ပုံးတယ်လို့ ညာပြောတဲ့တောင်ကို ပုံးညာ (ပုံညာ) ရယ်လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဗမာစကားမပြောရဲတော့ ဘာသာစကား တစ်ခုထွင်ကြတယ်။ ရှမ်းတို့ချင်းတို့နဲ့နီစပ်တော့ တောင်သားစကားမှာ ဒီနှစ်မျိုးအများဆုံးပါတာကိုတွေ့ရတယ်။ ဘာသာစကားရှိတယ်။ ရိုးရာ အ၀တ်အစား ယဉ်ကျေးမှု ဓလေ့ထုံးစံရှိတယ်။
ဝမ်းနည်းစရာကောင်းတာက ၁၃၅မျိုးဆိုတဲ့ထဲမှာ တောင်သားကို ထည့်မထားဘူး။ ပျုစစ်စစ်ကိုထိန်းထားတာ တောင်သားတွေပဲ ရှိပါတော့တယ်။
C. Aung San Htay
V. C. Eleven Media 19.8.2016 via Ashin Khemar Yaw

ဝိသမ လောဘသား ရှေးဟောင်း မုဆိုးအချို့ အရိုးသခံ ယောနယ်ကို ခေတ်သစ်ဗျုဟာတွေနဲ့ ထပ်ကြော့ ဝင်မွှေနေကြပြီ

သမိုင်းကို ငွေနဲ့မလဲကြပါနဲ့
ယောဒေသသည် သမိုင်းတန်ဖိုးမြင့်မား ပါလျက် မပေါ်လွင်ခဲ့ပေ။ သမိုင်းအမှန် ပေါ်လွင်ထင်ရှားစေရန် စတင်ကြိုးစားဆဲ ဖြစ်သည်။ သမိုင်းအမှန်ထင်ရှားလာခြင်း နှင့်အတူ ဝိသမလောဘသားတို့ မျက်စိကျ စရာလည်း ဖြစ်လာပေတော့သည်။
ရှေးဟောင်းကို ငွေဖြင့်လဲ၍ရသော်လည်း ငွေဖြင့် ရှေးဟောင်းသမိုင်းကို ဖန်တီး၍ မရပေ။ လဲယူ၍ မရနိုင်ပေ။ ဆောမြို့ နယ် ကျောက်ထုဒေသရှိ ရွာတစ်ရွာတွင် ပေထုပ်တစ်ခုကို သိန်းရှစ်ဆယ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
နောက်ထပ် ရှေးဟောင်းပစ္စည်းဝယ်သူများ ယောဒေသသို့ မကြာမီလာကြမည်ဟု လည်း ကြားသိနေရသည်။ ဒေသခံများ သမိုင်းတရားခံ မဖြစ်ကြစေရန် သတိထား ရမည်။ ယောဒေသသမိုင်းသည် အနာဂတ် ယောလူငယ်မျိုးဆက်များ၏ အသက်ဖြစ် သည်။
မည်သို့ တားဆီးသင့်ကြောင်း ဆရာကြီး ဦးဝင်းမောင် ကဲ့သို့သော သမိုင်း ပညာရှင် များ သုတေသီများ သမိုင်းကို တန်ဖိုးထား သူများ၏ အကူအညီများကိုလည်း စောင့်မျှော်ပါသည်။
ယောမင်းကြီး

ယောနယ် တစ်ခွင်ရှိ ရှေးဟောင်းအမွေအနှစ် များကို ၀ိုင်းဝန်း ထိန်းသိမ်းကြပါစို့ -၂

တွေဝေတွေးတောရင်း၊ဒုက္ခ သုက္ခတွေ အမျိုးမျိုးနဲ့ ကျနော်တို့တွေ အချိန်အများကြီးကုန်ခဲ့ကြပြီးပါပြီ။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု့အမွေအနှစ်တွေဟာ ဥရောပသားတွေ ၀င်ရောက်ပြီး သုတေသနပြု မျက်စိရည် နားရည်ဝအောင် ပြုလုပ်ပေးပြီးကတည်းက တန်ဖိုးတွေ သိလာကြတယ်။ တန်ဖိုးတွေ သိလာတာနဲ့အမျှ အလွဲသုံးစားလုပ်တဲ့ လူတန်းစား အရပ်ရပ်တွေ ထွက်ပေါ်လာခဲ့တယ်။ (အလွဲသုံးစား လုပ်တယ်ဆိုတာက ပြည်ပကိုထုတ်ဖို့ ပြည်တွင်းက သကောင့်သားတွေက ကွန်ယက်တွေဖြန့်တယ်။တနိုင်ငံလုံးက နယ်မြေဒေသအသီးသီးမှာ အ၀ယ်တော်တွေလွှတ်တယ်။အဲ့ဒီအ၀ယ်တော်တွေက ပစ္စည်လက်ဝယ်ရှိတဲ့ မည်သည့်ရဟန်း လူပုဂိုလ်မဆို အချိန်အခါကြည့်ပြီး စကားတွေဆင်ကာ ပစ္စည်းကို အရယူကြတယ်။ဒါတွေက နောက်ဆုံးတော့ နိုင်ငံခြားကို ထုတ်ရောင်းကြတာပါပဲ။ နိုင်ငံခြားက ၀ယ်တယ်ဆိုတာက ကျနော်နားလည်သလောက်ကို အနှစ်ချုပ်ပြောရရင် မြန်မာတွေမှာရှိခဲ့တဲ့ ကောင်းပေ့ညွန့်ပေးဆိုတဲ့ ယဉ်ကျေးမှု့တွေကို သူတို့အပိုင်ဖြစ်ဖို့နဲ့ မြန်မာတွေဟာ လူညံ့လူဖျင်း အဆင့်အတန်ူမရှိတဲ့ လူမျိုးစုအနေနဲ့ တင်ကျန်ရစ်ဖို့ ရုပ်လုံး ပေါ်စေဖို့လို့ပဲ မြင်မိပါတယ်) ။
ဒီလိုနဲ့ ခေတ်အလိုက် ထွန်းကားခဲ့ ရှေးဟောင်း ပစ္စည်း ရောင်းဝယ်ရေးသံသရာကြီးတွေဟာ ၀ိသမ လောဘသားတွေ အဖို့ အလွယ်တကူနဲ့ ၀င်ငွေဖြောင့်တဲ့ အလုပ်ဖြစ်တာကြောင့် အမြစ်တွယ်ဆဲ ဖြစ်လို့နေပါတယ်။ ဆုံးရှုံးသွားရပြီးဖြစ်တဲ့ နိုင်ငံ့ အမွေအနှစ်တွေဟာ နိုင်ငံတွင်းက နယ်မြေခံအချို့တွေရဲ့ ပူးပေါင်း စီးပွား ရှာမှု့ကြောင့် အတော်လေး ကုန်ခမ်းသွားခဲ့ပါပြီ။ သူတို့တွေ အတော်အတန် ငြိမ်သက်နေပီး လှုပ်ရှားမှု့တွေ ရပ်တန့် နေကြတယ်လို့ ထင်ရချိန်မှာ အွန်လိုင်း အင်တာနက် ကျေးဇူးကြောင့် ရှေးဟောင်း အမွေအနှစ်တွေ အမှန်တကယ် ထိန်းသိမ်းရေး ၀ါသနာပါတဲ့ လူငယ်တွေ စုစည်းမိခဲ့ကြတာကို မြင်ရတယ်။သူတို့ဝါသနာနဲ့ အနစ်နာတွေ ရောစပ်ပြီး တက်တက်ကြွကြွ လုပ်ဆောင်နေကြတာကို အားရ၀မ်းသာရှိလှတဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးတစ်ချို့ကနေ လက်တွဲခေါ်ယူ မျှဝေ သင်ကြားပေးနေကြတယ်။
ဒီလိုတွေ တိုးတက်လာတာဟာ မြန်မာတွေ ကမ္ဘာမှာ တခေတ်ဆန်းလာစေမယ့် အနေအထားဆီ ဦးတည်နေလာနေပြီ ဆိုတာကို လက်ခံမိပါတယ်။ ဒါပေမယ့်လဲ တဖက်မှာက ကြောက်စရာကောင်းလှတဲ့ မြေငလျင်ကြောပေါ်မှာ ရှိနေတဲ့ မြန်မာ ၊ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားရေးအဖွဲ့ကြီးတွေ ၁၂ဖွဲ့တောင် ရှိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ ၊ပြည်သူအားလုံး သမိုင်းတစ်ခုရဲ့ တန်ဖိုးဆိုတာကို ဘယ်လို သတ်မှတ်ကြတယ်၊ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို တာဝန်ရှိသူတွေက နည်းလမ်းရှာ မပို့ချနိုင်သေးတဲ့ မြန်မာ၊သမိုင်းလောကကို အရောင်ဆိုးမယ့်သူနဲ့ အရောင် တောက်အောင် လုပ်မယ့်သူ ကွဲပြားအောင် မခွဲခြားတတ်သေးတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းကြီးဟာ " အကုန်ပြောင်မှ အေးတော့မှာလား " လို့ မေးရင် လွန်များ လွန်သွားမလားပါပဲ။
အောက်က ပုံတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းထဲကပဲ ယောနယ် ကျောက်ထုဒေသထဲက (...........)ရွာမှာ ရှေးဟောင်းပစ္စည်းအရောင်းအဝယ်သမားတွေ လာရောက် ဝယ်ယူသွားတဲ့ ရှေးဟောင်း ပေထုပ်တွေပဲ ဖြစ်ပါတယ်။
ကိုရင် ဒိပ္ပ

#မီးဝင်္ကပါအကြီးစားနဲ့ နွှဲကြတော့မယ့် ပင်တောင်ရွာ#

" အလည်လာပြီးရင် မပြန်ချင်တာရယ် ယောနယ်ယောနယ် "ဆိုတဲ့ ယောသူတို့ရွာတွေမှာ အလှပဆုံး အချိန် ရောက်တော့မှာပါ။ ဒေသတွင်း သီတင်းကျွတ်ပွဲတော် ကာလတွင်းမှာ ပြုလုပ်လေ့ရှိတဲ့ မြင့်မိုရ်တောင် မီးဝင်္ကပါပတ် မီးပူဇော်တဲ့ဓလေ့ပွဲအတွက် ယခုအချိန်မှာဆိုရင် ကျေးရွာအသီးသီးဟာ ကြိုတင် ပြုလုပ် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေကြတဲ့ ရွာတွေထဲကမှ လက်ရှိအချိန်မှာ ကျနော်လေ့လာမိသလောက် ထုထည် အမြင့်တွေနှင့် သေသပ်လှပမှု့တွေမှာ အသာဆုံးလို့ သိထားရတဲ့ ရွာလေးဆီကို မြန်မာ့ဓလေ့ စိတ်ဝင်စားသူတွေဆီ၊ မှတ်တမ်းတို ရိုက်ကူးလိုသူတွေဆီ သတင်းစကားပါလိုပါတယ်။ ဒီရွာလေးကို သွားမယ်ဆိုရင် ပခုက္ကူကနေ ၂နာရီခန့်ပဲ ကားစီရပါတယ်။ ကမ္ဘာကျော် ပုံတောင်၊ပုံညာတောင်တန်းကြီးရဲ့ ခြေရင်းနားက ရွာတွေထဲက တစ်ရွာပါ။ရပ်ရွာဓလေ့တွေနဲ့ ပွဲတော်ကာလ ဓလေ့တွေကို လေ့လာမှတ်တမ်းတင်လိုလို့ လာရောက်ကြမယ်ဆိုရင် ဆရာတော်နဲ့ ဒေသခံတွေက အပြည့်အ၀ ဧည့်ဝတ်ကြေကြမှာပါ။ ဒီဓလေ့ဟာ ယောဒေသအနေနဲ့မှာတောင် ဆောမြို့နယ်အတွင်းက ကျေးရွာတွေမှာပဲ ကျန်ရှိတော့တာပါ။
ကဲ....
မြန်မာ့ ဓလေ့ မူရင်း အကြွင်းအကျန်တွေ လုံးဝ ဆိတ်သုန်းမသွားခင် ကျနော်တို့တတွေ အတူတကွ ပူးပေါင်းထိန်းသိမ်းကြရမယ့် ယောဒေသက မြန်မာ့မှု့ရိုးရာ ဓလေ့တွေ လေ့လာ ဖော်ထုတ်ကြရအောင်ပါနော်။ အောက်က ပုံတွေကတော့ ကျေးရွာသူကျေးရွာသားတွေ သူတို့ရဲ့ သီတင်းကျွတ်ကာလ ဘာသာရေးကို အခြေပြုပြီး ပျော်ပွဲ ရွှင်ပွဲအတွက် စည်းစည်းလုံးလုံး ဆောက်ရွက်နေကြတဲ့ ပုံရိပ်တွေပါ။
Photo- Credit

#နိုင်ငံခြားသားခရီးသွားတွေနဲ့ စည်နေအုံးမယ် တို့ယောနယ်#

နိုင်ငံခြားသားခရီးသွားတွေနဲ့ စည်နေအုံးမယ် တို့ယောနယ်
လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာစေရေး အထောက်အကူပြုရန် ရပ်ရွာလူထုအခြေပြုခရီးသွားစီမံချက် ခရီးစဉ်သစ်များကို ဒေသ ၅ ခုတွင် အကောင်အထည်ဖော်မည်ဟု ဟော်တယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များကို ချင်းပြည်နယ်မှ ကန်ပက်လက်မြို့အနီးရှိကျေးရွာ တစ်ခု၊ မကွေးတိုင်း ယောမြို့နှင့် စလေမြို့အနီးရှိ ကျေးရွာ ၂ ခု၊ ရှမ်းပြည်နယ်ရှိကျေးရွာ ၂ ခုတို့တွင် အကောင်အထည်ဖေါ်မည် ဖြစ်သည်။
" လာမည့် ပွင့်လင်းရာသီမှာ စဖွင့်နိုင်ဖို့အတွက် ရပ်ရွာလူထု အခြေပြုခရီးစဉ် (CBT) ငါးခုကိုစပြီး အကောင်အထည်ဖေါ်နေပါတယ်။ CBT ကို ဒေသတစ်ချို့မှာ အကောင်အထည်ဖေါ်တာ နိုင်ငံခြားသားတွေ စိတ်ဝင်စားတာ များတဲ့အတွက် အခုလိုခရီးစဉ်သစ်တွေ အနေနဲ့ ထပ်ပြီးတိုးချဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ် ငါးခုကို လာမည့်ခရီးသွားရာသီအမှီ ဖွင့်လှစ်ပေးသွားမယ်။ အခုလို ခရီးစဉ်သစ်တွေ ဖွင့်လှစ်ပေးတဲ့အတွက် နိုင်ငံခြားသား ခရီးသည်တွေ အနေနဲ့လည်း ဒေသအလိုက် ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်မှာဖြစ်သလို ဒေသခံတွေအနေနဲ့လည်း ဝင်ငွေရရှိနိုင်မှာဖြစ်ပါတယ် " ဟု ဟော်တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက 7Day Daily သို့ ပြောသည်။

ဒို့ကျေးရွာ 
ကိုရင် ပွ ကြီး

ယောလူငယ်(နေပြည်တော်)အဖွဲ့ (2-10-2016)ရက်နေ့လစဉ်တွေ့ဆုံပွဲ မှတ်တမ်း

ယနေ့ 2- 10- 2016 ရက်နေ့ မနက် 10:00 နာရီတွင် လစဉ်တွေ့ဆုံနေကျဖြစ်သည့် ဓာတုဇယဓာတ်ပေါင်းစုစေတီဝန်းအတွင်းတွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယောလူငယ် အဖွဲ့ဝင် များအပြင် အဖွဲ့ဝင်အသစ် သုံးဦး တက်ရောက်ခဲ့ပါသည်။
အဖွဲ့ဝင်သစ်များအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ယောလူငယ်အဖွဲ့အနေဖြင့် စွမ်းသမျှကို ဆောင်ရွက်နေကြပါကြောင်း၊ တစ်ယောက်တစ်လက်အား ဖြင့် ယောဒေသအကျိုးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ယောလူငယ်အဖွဲ့သည် နေရာဒေသ အခြေအနေအရသာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ကွဲပြားနေပါသော်လည်း တစ်ဖွဲ့တည်းသာဖြစ်ပါကြောင်း တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မိမိတို့နှင့် နီးစပ်သူ/ဆက်စပ်သူ ပြည့်စုံသူများကိုလည်း တိုက်တွန်းနှိုးဆော်စေလို ပါကြောင်း၊ ဒေသအကျိုးကို ဒေသခံများ/ စီမံခန့်ခွဲနိုင်သူများ/လမ်းညွှန်ပေးနိုင် သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လစဉ်ကြေး ကောက်ခံခြင်း၊
အသင်းဝင်အသစ်များအား မိတ်ဆက်ပေးခြင်း၊
လမည့်​လ​တွေ့ဆုံပွဲနှင့်​အတူကထိန်​သင်္ကန်းဆက်​ကပ်​ပွဲ ပြုလုပ်​ရန်​ဆုံးဖြတ်​ပြီး အဖွဲ့ဝင်သစ်ဖြစ်သူ ကိုဇော်ထွန်းမှ မနက်စာကျွေးမွေးဧည့်ခံပြီး တွေ့ဆုံပွဲကိုအောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း မှတ်​တမ်းတင်​အပ်ပါသည်။
                                                                           ယောလူငယ်ပြန်ကြားရေးအဖွဲ့
                                                                                 3 .10 .2016

ယောနယ် တစ်ခွင်ရှိ ရှေးဟောင်းအမွေအနှစ် များကို ၀ိုင်းဝန်း ထိန်းသိမ်းကြပါစို့ 

ရှေးဟောင်းအမွေအနှစ် ရောင်းဝယ်ဖောက်ကားရေး ဝိသမလောဘသားတွေ ယောနယ်ထဲကို တကျော့ပြန်ဝင်နေကြပြီ။
မနေ့က ထီးလင်းနယ်ဖက်ကို ခရီးဆန့်သွားကြတယ်။ တနေ့က ကျောက်ထုဒေသက ရွာတရွာမှာ ရှေးဟောင်းပေမူအုပ်တအုပ်ကို သိန်း ၈၀နဲ့ ဈေးဖြတ် ဝယ်ယူသွားခဲ့တယ်။
ကျောက်ထုမြို့ပေါ်က ဒေသခံတယောက်ကိုယ်တိုင် တလလောက်အကြိုကတည်းက ကြိုတင် စီစဉ်ညှိနှိုင်းထားတယ်လို့ သိရတယ်။
ကျနော်တို့ဒေသခံ တက်ကြွသူတွေအနေနဲ့ ရှိစုမဲ့စု လက်ကျန် ဘိုးဘွားအမွေအနှစ်လေးတွေကို ရသလောက်မှတ်တမ်းလေးတွေတင် စရင်းလေးတွေပြုစုတာ၊ အသိပညာပေးစကားဝိုင်းလေးတွေလုပ် နှီးနှောမှု့လေးတွေ တတ်နိုင်သလောက် လုပ်ခဲ့ကြပါတယ်။နောင်များ ပံ့ပိုးမှု့တွေရှိလို့ လုပ်နိုင်ချိန်မှာ ပြတိုက်ဆောက် ထိမ်းသိမ်းထားဖို့ထိ အိမ်မက် မက်ထားကြပါတယ်။ ခုလို အခြေနေကြုံရတော့ အတော်လေး ဆို့ဆို့နင့်နင့် ဖြစ်ရပါတယ်။
လောလောဆယ် ကျောက်ထု ရဲစခန်းကို သတင်းပေးပို့ထားတယ်လို့ ဒေသခံ တစ်ယောက်ကပြောပါ တယ်။ ဒီထက်ကောင်းတဲ့အကြံဥာဏ်နဲ့ အကူအညီများကို နိုင်ငံ့အမွေအနှစ်၊ဘိုးဘွားတို့အမွေအနှစ်များအား တန်ဖိုးထား ချစ်မြတ်နိုးသူတိုင်း ဝိုင်းဝန်း ဆွေးနွေးကာကွယ်ပေးကြဖို့ တောင်းဆိုချင်မိတယ်ခင်ဗျာ။

# ဖျင် ပင်နီချောရယ်နဲ့ ယောထမီ ယောထမီ #

ချစ်သော ယောသူယောသား ဆွေမျိုးများတို့ ရေ. . .
တို့ ယောသူယောသားတွေရဲ့ ရိုးရာဝတ်စုံလေးတစ်ခုကို အမြတ်တနိုးနဲ့ အတူတူဝတ်ဆင်ကြရအောင်လေ ဘယ်လိုသဘောရလဲ . . .တို့ တော့ ဒီလိုလေး စိတ်ကူးမိလို့ ပါ
ကျမတို့ ယောသူ ယောသားတွေ ခေတ်အဆက်ဆက် အမြတ်တနိုးနဲ့ ဝတ်ဆင်လာခဲ့ကြတဲ့ ယောပုဆိုး နဲ့ ယောလုံချည်လေးတွေကို ယောနယ်မှာကိုယ်တိုင်ရက်လုပ်တဲ့ဖျင်ပင်နီနဲ့ တွဲဖက်လို့ ရိုးရာအစဉ်အလာ ပွဲတွေမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝတ်ဆင်ကြမလားလို့  . .
ကျမတို့ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား သီချင်းလေးဖြစ်တဲ့
* လုံမလေးကိုနော်ဗျာ သူ့အမေရိုက်ပါလို့  အစချီတဲ့ . . မောင်တို့ရွာမှာလေဘာ ဘာတွေပေါပါတယ်၊ ဖျင်ပင်နီချောရယ်နဲ့ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်ပေးချင်သည် လှစေချင်သည် * အဆိုတော်တွေက အဲလိုသီဆိုခဲ့ကြတာပါလေ။
တကယ်တမ်းတော့ ယောလုံချည်ဆိုတာကို ယောသူယောသားတိုင်း မြတ်နိုးစွာ ဝတ်ဆင်ခဲ့ကြပေမယ့် အစဉ်အလာကြီးမားတဲ့ ပင်နီချောကိုတော့ ကျမတို့ ယောသူယောသားတွေ မြတ်နိုးတန်ဖိုးထားစွာ ဝတ်ဆင်ခဲ့ကြမယ်လို့ ယုံကြည်ရပေမယ့် ခုနောက်ပိုင်းဝတ်ဆင်တာ မတွေ့ရတော့သလောက်ပါပဲ ။
ကိုယ်တိုင် ဝါစိုက် ဗိုင်းငင် ယက်ကန်းခတ်ပြီး ဝါနီဖျင်တွေ ရက်လုပ်ခဲ့ပေမယ့် ပွဲနေပွဲထိုင် ဝတ်စုံအဖြစ် ဖျင်ပင်နီ မဝတ်ခဲ့ကြပါဘူး ။ရာသီဥတု ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်တိုင်ရက်လုပ်တဲ့ အထည်ကို အကြမ်းထည်အဖြစ်နဲ့ ဝတ်ဆင်ခဲ့ကြတဲ့အဖြစ်က တွေးကြည့်ရင် စိတ်မကောင်းစရာပါဘဲရှင်။ အဲဒါကြောင့် အခုချိန်ကစပြီး ကျမတို့ ယောနယ်ကထွက်တဲ့ ဖျင်ပင်နီနဲ့ ယောချိတ်လုံချည်ကိုတွဲဖက်ဝတ်ဆင်ကြပြီး ယောသူယောသားတွေ ပွဲလယ်တင့်ကြပါစို့ လို့  တိုက်တွန်းနှိုးဆော်ပါရစေ။
ပြောပြရအုံးမယ် အမျိုးတို့ ရေ. . .ဟိုတစ်လောက ပင်လုံတိုင်းရင်းသား လူငယ်ညီလာခံ ကို ယောလူငယ်အဖွဲ့ကိုယ်စား အဖွဲ့ဝင်ယောသူယောသားတွေ တက်ရောက်ခွင့်ရကြတော့ . . ရိုးရာဝတ်စုံ ကိစ္စကို တိုင်ပင်ကြ ဆွေးနွေးကြရပါတော့တယ်. . အခြားသော တိုင်းရင်းသားလူမျိုးစုတွေမှာ ကိုယ်စီရိုးရာ ဝတ်စုံတွေရှိနေကြပေမယ့် ကျမတို့  ယောသူယောသားတွေမှာတော့ သတ်သတ်မှတ်မှတ် ဝတ်လာခဲ့ကြတဲ့ ဝတ်စုံဆိုတာမရှိခဲ့သလိုပါဘဲရှင့်။ ယောသားတွေအတွက် ယောပုဆိုးအညို နဲ့ ပင်နီတိုက်ပုံကို အရင်ကတည်းက ဝတ်ခဲ့ကြပေမယ့် ယောသူတွေအတွက်က အစဉ်တစိုက်ဝတ်လာခဲ့တာမျိုး မရှိခဲ့ကြဘူးထင်ပါတယ်။
ဒါ့ကြောင့် ယောသားတွေအတွက် ဖျင်ပင်နီတိုက်ပုံလေးနဲ့ ယောပုဆိုးလေးတွေကို ဝတ်ဆင်ကြပြီး ယောသူတွေအတွက် ဖျင်ပင်နီရင်ဖုံးအင်္ကျီ ကို ယောချိတ်အညို ရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်ကြရင် ပွဲလယ်တင့်မလားလို့  ရင်ထဲရှိတာလေးပြောပြတာပါရှင့်. .
ယောသူလေးတွေအားလုံး ယောဝတ်စုံလေးကို စိတ်ဝင်စားစွာ ဝတ်ဆင်လိုစိတ်ဖြစ်ပေါ်ကြပါစေလို့ ဆုတောင်းလျက် . . .
-------------------------------------------------------Thi Thi
ယောလူငယ်အဖွဲ့ ဗဟို၏ ယခုလတွေ့ဆုံပွဲတွင်
ယောဒေသယက္ကန်းလုပ်ငန်းအား အထောက်အကူဖြစ်စေရန်
ရိုးရာ ဝတ်စုံများပြန်လည် ပေါ်ထွန်းစေရန်အတွက်
ယောလူငယ်အဖွဲ့ပွဲတက် ဝတ်စုံအဖြစ် အဖွဲ့ဝင်အမျိုးသားများအတွက်
ယောပင်နီ တိုက်ပုံ နှင့် ယောပုဆိုးအား၎င်း/အမျိုးသမီးများအတွက် ပင်နီအင်္ကျီ
နှင့် ဖော်ပြပါ ယောချိတ်လုံချည်အား၎င်း ဝတ်ဆင်သွားကြရန် တိုင်ပင်ဆွေးနွေး
ခဲ့ကြပါတယ်ရှင့်။

Photo Credit to Up loader
ယောလူငယ် ပြန်ကြားရေး

ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ဒုတိယအကြိမ်​​တွေ့ဆုံ​ဆွေး​နွေးပွဲ ကျင်းပပြီးစီးခြင်း

14.9.2016ရက်​​နေ့ မ​ကွေးတိုင်း​ဒေသကြီး ဂန့်​​ဂေါခရိုင်​/ဂန့်​​ဂေါမြို့နယ်​ ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ဒုတိယအကြိမ်​​တွေ့ဆုံ​ဆွေး​နွေးပွဲကို ကျင်းပပြုလုပ်​ခဲ့ကြပါသည်
( ၁ )မ​ကွေးတိုင်းလူငယ်​ကွန်​ရက်​အဖွဲ့မှလူငယ်​မူဝါဒ အ​ကြောင်းသိ​ကောင်းစရာများအား ကန်ဒသလုံးဆိုင်ရာကိုယ်စားလှယ်နှစ်ဦးအဖြစ် တက်ေ​​​ရာက်ခဲ့ကြသော​ကိုငြိမ်းမင်းထွန်း နှင့်​ မကြည်ကြည်​ခိုင်​တို့မှ​ဆွေး​နွေးပွဲ့အ​တွေ့အကြုံများကို တင်​ပြခဲ့ကြပါသည်​၊
(၂)ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ​ရှေ့လုပ်​ငန်း​စဉ်​များအား ​ဆွေး​နွေးအတည်​ပြုခဲ့ကြပါသည်။

                                                                                  ပြန်ကြားရေး 

                                                                         ( ​ယောလူငယ်​အဖွဲ့ Online )



ယောလူငယ် (online) (ဗဟို) လစဉ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

ယောလူငယ်(ဗဟို)အဖွဲ့ လစဉ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (11.9.16) တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ အချိန်တွင် စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ၌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ယနေ့ တွေ့ဆုံပွဲသို့  ယောသားဧည့်သည်များဖြစ်တဲ့ ဦးသန်းထွန်း| ယောသွေးနီ | ဦးဝင်းဇော် (ကျောက်ထု) တို့ သည်လည်း စိတ်ဝင်တစားဖြင့် တက်ရောက်ခဲ့ကြပါတယ်ရှင့်။
၎င်းတို့နှင့်အတူ ယောလူငယ်အဖွဲ့ဝင်များ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အသင်း၏ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်ရှင့်။
ထိုဆွေးနွေးပွဲတွင် MRTV မှ ယောဒေသအတွင်းရှိ ယောအလှ ယောသဘာဝရိုက်ကူးရေးအတွက် ကုန်ကျငွေ လက်ကျန်ရှင်းတမ်းများကို ဆွေးနွေးတိုင်ပင်ခြင်း/ ပင်လုံလူငယ်ညီလာခံ အတွက် ကုန်ကျငွေစာရင်းများ အားပြန်လည်စစ်ဆေး တင်ပြပြီး အတည်ပြု ရှင်းလင်းခြင်းများအပြင် ယောဒေသလက်ရှိကြုံတွေ့နေရသော အခက်အခဲအချို့အတွက် ယောလူငယ်ခေါင်းကြီးပိုင်းမှ လတ်တလော ဖြေရှင်း ဆောင်ရွက်နေမှုများအား ဗဟို ဥက္ကဋ္ဌနှင့်အတွင်းရေးမှုးများမှ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ယောသူယောသားများ၏ ရိုးရာ ဝတ်စုံဖြစ်သော ပင်နီချောနှင့်ယောထမီ ကို ယောသူယောသားများအနေဖြင့် အမြတ်တနိုး ဝတ်ဆင်သွားကြရန် ယောလူငယ်အဖွဲ့များမှ အစပြု၍ တူညီဝတ်စုံ ဝတ်ဆင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ယောသားများ ပွဲတက်ဝတ်စုံအဖြစ် ယောပုဆိုးနှင့် သဘာဝချည်ထည် ပင်နီတိုက်ပုံ ကို စဉ်းစားပြီး/
ယောသူ မိန်းကလေးများအနေဖြင့် ယောလုံချည် အချိတ်ဆင် နှင့် သဘာဝချည် ပင်နီရင်ဖုံး တို့ကို ယောဓလေ့ရိုးရာ မပျောက်ပျက်အောင် ထိန်းသိမ်းဝတ်ဆင်ကြရန် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ကိုမောင်ချိုထံမှတဆင့် ပေးပို့သော ယောသမိုင်း ကျမ်းစာအုပ်အား မှာကြားထားသူများထံ လက်ရောက်ပေးပို့ရန်
အသီးသီးတာဝန်ခွဲဝေကြပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာတော့ မရွှေဝိုင်းမှ ယောဒေသထွက် သီးနှံဖြစ်သော မလိုင်ပဲပြုတ်သုပ်ခဲ့သလို ယောသားမဟုတ်သော်လည်း ယောလူငယ်အဖွဲ့နဲ့ လက်တွဲလို့ ယောဒေသအကျိုးတွေကို စိတ်အားထက်သန်စွာ ဝိုင်းဝန်းလုပ်ဆောင် ပေးနေသော ယောလူငယ်အဖွဲ့ဝင် ကိုမျိုးမြင့်အောင် မှ သူ့ သားလေးမွေးနေ့ အလှူ အဖြစ် Shwe Pu Zun (Marble Cake) နှင့် ညီမငယ် မခင်လေးကြူ မှ ပဌာန်းစာအုပ်/Birthday Cake /Coffee နှင့် ယောအလွမ်းပြေ မုန်ညင်းချဉ်သုပ် ကိုပါ မွေးနေ့အလှူ အဖြစ် ကျွေးမွေးကြသဖြင့်ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကြပြီး ညနေ ၄ နာရီ ခွဲ အချိန်တွင်ရုပ်သိမ်းခဲ့ကြပါတယ်။
တွေ့ဆုံပွဲ အပြီး အိမ်အပြန်လူစုမကွဲမီ မစုစုအေး ရဲ့မွေးနေ့ အကြို အဖြစ် ညနေစာကို တည်ခင်းကျွေးမွေးခဲ့ပါတယ်။ ယနေ့ အတွက်ကျွေးမွေးကြသော စေတနာရှင်များအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ သလျက်
ယောသူယောသားများ ချစ်ခင်စည်းလုံးစွာဖြင့် ယောနယ်အကျိုးကို ဆက်လက်ထမ်းဆောင်ကြပါစို့ . .
                                                                                 ပြန်ကြားရေးအဖွဲ့
                                                                                   ယောလူငယ်