အားဓမြ
"ရွှတ်! တိုးတိုးဟ
တခြားလူတွေ နိုးကုန်ဦးမယ်။
အေးပါဟ !
ယူစရာတွေ အကုန်ပါရဲ့လား
သေချာစစ်ဦး"
ဘလှိုင်တို့သူငယ်ချင်းနှစ်ဦးသားရေနံဆီမီး ခွက်အား လက်ဖြင့်အသာကာကာ အိမ်ပေါ်က ချွတ်နင်း ဆင်းလာပြီး ရွာထိပ်ဇရပ်သို့ ခပ်သွက်သွက်လျှောက်လိုက်ရာ
ဟော!
တွေ့ပါဘီ။
လူနှစ်ဆယ်ခန့် တီးတိုးစုရုံးကာ လူစုံအောင်စောင့်နေကြသည်။
ဒီနေ့ 'အားဓားမြ 'တိုက်မည်မို့ ရွာထဲက လူတွေမနိုးအောင် မနက်ဝေလီဝေလင်းမှာ ကာလသားသမီးအဖွဲ့ဝင်များ တိတ်တဆိတ်စုဝေးနေကြခြင်း ဖြစ်သည်။ ခဏနေလူုစုံသည်နှင့် ကာလသားခေါင်းမှ ဦးဆောင်ကာ အားဓမြ တိုက်မည့်နေရာသို့ လက်နက်ကိုယ်စီနှင့် ချီတက်ခဲ့ကြသည်။
အားဓမြ တိုက်မည့်နေရာကား ရွာနှင့်အတန်ဝေးသော ရင့်မှည့်နေသည့်စပါးခင်းများဆီသို့။
" အားဓမြ "
အားဓမြ ဆိုသည်ကား ယောဒေသ အသုံးအနှုံးဖြစ်သည်။ အားဓမြ ဆိုသည်ကို နားလည်နိုင်စေရန် " အားဆိုသည်"ဟူသော ဓလေ့အား သိရှိထားရန် လိုအပ်ပါသည်။
'အားဆိုသည် 'ဟူသော အဓိပ္ပါယ်မှာ 'လုပ်အားဖြင့် အကူအညီ 'ဟုဆိုလိုပါသည်။
ဆိုကြပါစို့ 
မိမိအိမ်တွင် စပါးရိတ် /မြေပဲနှုတ/် အိမ်ဆောက် /တောင်ယာခုတ် စသည့် လုပ်ငန်းများ မနိုင်မနင်းဖြစ်နေပါက တရွာတည်းနေ ရွာသူရွာသားများအားလုပ်အား အကူအညီတောင်းခံခြင်းဖြစ်ပြီး ၄င်း အကူအညီအတွက် အဖိုးအခပေးရန်မလိုဘဲပျော်ရွှင် ညီညွတ်စွာချက်ပြုတ်စားသောက်ကြသည့် ဓလေ့ဖြစ်သည်။
အားဓမြ ဆိုသည်ကတော့ တစ်ရွာလုံး၌ လုပ်ငန်းများပြိုင်တူကျနေပါက သူ့ကိုယ်မကူနိုင် ကိုယ့်သူမကူနိုင်သည့်အနေအထား (ဥပမာ ။။ စပါးများတရွာလုံးပြိုင်တူ ရင့်မှည့်ချိန်) မျိုးတွင် လူအင်အား ဓနအင်အားနည်းသော အိမ်ရှိ စပါးခင်းများကို လယ်ပိုင်ရှင်မသိအောင် တိတ်တဆိတ် ကူုညီရိတ်သိမ်း ပေးကြခြင်းဖြစ်သည်။
ထိုအချိန်မျိုး ရွာရှိရွာသူရွာသားအားလုံး အလုပ်ရှုပ်နေကြချိန်မို့  အားဆိုလို့ ကလည်းမဖြစ် အငှါးခေါ်၍လည်း လိုက်မည့်သူ မရှိ ချိန် စပါးကလည်းရင့်မှည့်ချိန်လွန်လုခါနီး။
ဓနအင်အားနွမ်းပါးသောအိမ် အလုပ်လုပ်နိုင်မည့်သူနည်းသောအိမ်
မိန်းမသားများသာရှိသောအိမ် သက်ကြီးရွယ်အိုအိမ် များမှာ အခက်ကြီးကြုံရလေသည်။
အားဓမြတိုက်မည့်သူများမှာ လယ်ပိုင်ရှင်မသိစေရန်(သိလျှင် လယ်ပိုင်ရှင်မှ စားစရာချက်ပြုတ်ကျွေးမွေး တတ်သည်။ထိုသို့ လယ်ပိုင်ရှင်သိသွားလျှင် အားဓမြ မအောင်မြင် ဟုသတ်မှတ်သည်။)
မိမိအလုပ်လည်း မပျက်စေရန် မနက်စောစော သို့ မဟုတ် လသာလျှင် ညချမ်းအချိန်များ၌ အခြားသူများမသိအောင်တိတ်တဆိတ်တိုင်ပင်ကာဆောင်ရွက်ကြသည်။စီစဉ်တိုင်ပင်သည်ကို သတင်းပေါက်ကြား၍ ပိုင်ရှင်မှ သိသွားပြီး စားစရာတိတ်တဆိတ်ချက်ပြုတ်ကာ လယ်ကွင်းအတွင်း ရုတ်တရက် ချကျွေး၍ တန်ပြန် တိုက်စစ်ဆင်ကြသည်။ ထိုအခါ လယ်ကွင်းတခုလုံး ရယ်သံဖုံးကာ အုံးအုံးကြွက်ကြွက်လုယက် စားသောက်ကြသည်။
လယ်ပိုင်ရှင်မသိလျှင်မူ ကူညီရိတ်သိမ်းပြီး
၎င်းလယ်နားနီးအား လယ်ပိုင်ရှင်အလာကိုစောင့်ကြည့်ခိုင်းထားခဲ့
ပြီး လုပ်ခွင်သိမ်းချိန်ညချမ်းမှာ စမြုံ့ပြန်ကာပီတိကိုဝေမျှကြသည်။
' ဟိုနေ့ ကကွာ ဖိုးရာဦးခမျာ စပါးရိတ်မနိုင်လို့ စိတ်ညစ်ညစ်နဲ့ လယ်ကွင်းထဲ ဆင်းလာတာ လယ်ကွင်းထဲလည်း အရောက်
စပါးတွေရိတ်ပြီးသားလည်း တွေ့ရော
လယ်ကသင်းမှာ တအံ့တသြနဲ့ငူငူကြီးရပ်နေတာ နာရီဝက်လောက်ကြာတယ် '
ဟား ဟား……
အဲသလို ပီတိတွေနဲ့ ပျော်နေလိုက်ကျတာဗျာ။
ဟုတ်ကဲ့……
ကျုပ်တို့ 
ယောဒေသဟာ အဲသလိုရယ်ပါဗျာ။ ။
photo။ ။မူရင်းပိုင်ရှင်အား Credit
ချစ်ခင်စွာဖြင့်
ယောသိင်္ခ
No comments:
Post a Comment