Menu

Thursday, July 16, 2015

ယာဆိုတာ အဲသလိုရယ်ပါဗျာ( ၃ )


ချစ်စရာ ကြက်ခြေခတ်များ



ဟော !
တွေ့ပြီ
" မှိုကျင်း"
မိုးဦးကျကတည်းက
တောအလုပ်နားချိန်တိုင်း အပြေးလာလာကြည့်ရသည့် သည်နေရာ။
သည်နေ့တော့ လာရကျိုးနပ်ပါဘီ။
ခြတောင်ပို့ပတ်ချာလည်မှာ မြေစိုစိုပတ်ကြားအက်လေးများ များစွာ။
မှို ထွက်ပြူစလေးများ

ဝမ်းသာအားရ
ပုဆိုးစကိုခင်း မှိုဖူးလေးများကို ခပ်ရွရွနှုတ် နေရာမှ
တစ်ဖူး -နှစ်ဖူး --သုံးဖူး---
ဟင!်
မှိုတွေက ခုမှထွက်စပါလား
မနက်ဖန်မှ နှုတ်မှ သင့်မှာပါလေ
ခါးမှာထိုးထားတဲ့ ဓားမကိုထုတ်
မှိုကျင်းအနီး သစ်ပင်ကြီးကြီးကိုရှာ
သစ်ပင်မှာ ဓားနဲ့ ကြက်ခြေခတ်။
အင်း!
ချောင်းစပ်ဆင်းဦးမှ
မနေ့ညက
ချောင်းရေကျထားတော့
ရေမျောကမ်းတင် ထင်းတုံး
ကံကောင်းရင် ကျွန်းသစ်တုံးတွေ ရနိုင်ကောင်းရဲ့။
ဟော
တွေ့ဘီ
ဟိုချောင်းစပ်မှာ ကန့်လန့်တင်နေတာ
ကျွန်းတုံးကြီး ထင်ပါရဲ့
သစ်ရာဆိုလည်းထင်း
ရှားထင်းဆိုလည်း ထွန်သွား ထွန်သံ
ဟန်ဘီဟေ့
အော !သွားပါဘီ
သစ်တုံးမှာ ကြက်ခြေခတ်နဲ့ပါလား သူများဦးသွားဘီကိုး
မှိုကလည်း နှုတ်မရသေး
ထင်းတုံးကလည်း သူများဦး
ဟူး-----
မောထှာ
ရွာပြန်ရမှာကလည်း ဝေးသေး
ထရေ(ထန်းရည်)လေးများ မော့လိုက်ရရင်
ထန်းပင်ရှာဦးမှ
တောစပ်မှာထန်းတစ်ပင် အရှင်ဘယ်သူလည်းမသိ
ကိစ္စမရှိပါဘူး
ထန်းဖူးအသာမ
ထန်းရေအိုးကအမြှုပ်ဖယ်
စိတ်ကြိုက်မော့ တွယ်လိုက်တာ
ကွယ်
ကောင်းထှာ
အရသာရှိတိုင်းလည်း တွယ်လိုက်လို့မဖြစ်သေးကွယ်
ပိုင်ရှင် လွေးဖို့တွက်
တဝက်လောက်တော့ ချန်ထားမှ တော်မှာပါ့
ထန်းပင်ပေါ်ကဆင်းပြီး ထချင်း(ထန်းတက်လှေခါး) မှာ
ချီနှောင်ထားတဲ့
နှီးပြားစ ကို တစ်ဆစ်ချိုးထားခဲ့ဦးမှ။
ဒါမှ ပိုင်ရှင်လာရင် ငါတက်သောက်ထားတာသိမှာ

{စာဖတ်သူ
ဖတ်ရတာ ရှုပ်ထွေးသွားပါသလား
ဟုတ်ကဲ့
ကျနော်တို့ ယောဒေသက တောထဲတောင်ထဲမှာရှိတဲ့ သဘာဝထွက်ပစ္စည်းတွေကို ခွဲဝေ ပိုင်ဆိုင်မှုနဲ့မျှဝေခံစားမှု သင်္ကေတလေးများပါ။
တောထဲမှာ ရှာတွေ့တဲ့ပစ္စည်း /မှိုကျင်း/
သစ်တုန်း /ပျားအုံ စတာတွေကို မိမိကစ တွေ့ရင် နီးစပ်ရာသစ်ပင်မှာကြက်ခြေခတ်
ထားပြီး နောက်အဆင်သင့်မှ သွားယူရုံသာ။
နောက်လူများကလည်း ကြက်ခြေခတ် အမှတ်အသားတွေ့လျှင် ပိုင်ရှင်ရှိသည် ဟု အသိအမှတ်ပြုကာ ရှောင်လွှဲသွားကြသည်။
တစိုးတစိမျှ စည်းဖောက်ခြင်းမပြုကြ။}

ဟုတ်ကဲ့!

ကျုပ်တို့
ယောဒေသဟာ အဲသလိုရယ်ပါဗျာ။ ။

photo=မူရင်းပိုင်ရှင်အား Credit

No comments:

Post a Comment