Menu

Thursday, July 16, 2015

ယောဆိုတာ အဲသလိုရယ်ပါဗျာ ( ၄ )


ယော နယ်က အသုဘ ယဉ်ကျေးမှု


မြို့ပြမှာ နေတာကြာလာတာနဲ့အမျှ ပရဟိတအသင်းတွေမှာ ဝင်လှုပ်ရှားရင်း မြို့ပြ အသုဘတော်တော်များများကို မြေကျဖို့ 
အရေး ကူညီဆောင်ရွက်ပေးဖူးပါသည်။လူတစ်ဦးသေဆုံးသည်နှင့်
•သေဆုံးကြောင်း ဆရာဝန်လက်မှတ် •ရေခဲတိုက်ငှါးရမ်းခ
•ရေခဲတိုက်တာဝန်ခံ၏ လောဘလွှမ်းသောအသံအမူအယာ
•အလောင်းပြင်စားရိတ်

•အသုဘဖိတ်စာ
•အသုဘပို့ သူတွေအတွက်ကားငှါးခ
•ရေသန့် ဗူး /ယပ်တောင်
• ရက်လည်တရားနာ အကျွေးအမွေး ……
စသည် ……စသည်ဖြင့် 
အသုဘမြေကျဖို့ အရေး သေသူက အအေး ကျန်ရစ်သူမှာ အပူတထွေးနှင့် ။
ထိုအဖြစ်အပျက်တွေကို ခဏခဏတွေ့ရတော့ အသေကြပ် အနေကြပ်တဲ့ မြို့ပြ လူနေမှုစနစ်နှင့် ရုပ်ဝတ္ထုနွမ်းပါးသော်လည်း စိတ်နှလုံး ပေါ့ပါးသိမ်မွှေ့သော ယောလူ့ အဖွဲ့အစည်းအကြောင်း ကို နှိုင်းယှဉ်ကာ မြို့ပြက ပရဟိတလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကို ပြောပြဖြစ်သည်။

ယောနယ်မှာ လူတစ်ယောက်သေဆုံးသည် ဆိုပါစို့ ။
ပထမဆုံး သိရှိသူများက လက်ဆင့်ကမ်း သတင်းပေးကြသည်။အသုဘရှိကြောင်းသိရှိသည်နှင့်
တချို့က ဘုန်းတော်ကြီးကျောင်းမှ ကြေးစည်ယူလာ
တချို့က တိုင်ရှိသူကတိုင်ယူလာ အမိုးအတွက်ဝါးထရံရှိသူကဝါးထရံယူလာကာကန္နားဖျင်းထိုး (အသုဘ အိမ်၏ သင့်လျော်ရာမြေကွက်လပ်၌ ဧည့်ခံမဏ္ဍပ် ဆောက်လုပ်ခြင်း)
အချို့က ဘုန်းကြီးပင့်ဖိတ်ဖို့ စီစဉ်
တချို့က အကြောင်းကြားသင့်သူကို အကြောင်းကြား
ရွာဆယ်အိမ်ခေါင်းက မောင်းတီးခေါ်ကာ အသုဘ မြေမြှုပ်ဖို့ မြေကျွင်းတူး
အားလုံး အဆင်သင့်ဖြစ်ချိန်
အသုဘ အိမ်က အခေါင်းသွင်းကြေးစည်တီးပါဘီ။
ကြေးစည်သံကြားသည်နှင့် ရွာရှိအိမ်အားလုံးက အသုဘအတွက်
ဆီရှိသူက ဆီ
ဆားရှိသူကဆား
နနွင်းရှိသူကနနွင်း
ပဲ ရှိသူက ပဲ
ထင်းလှည်းတိုက်သူကတိုက်
ရေခပ်သူကခပ်ြဖင့်အသုဘ အိမ်မှာ လိုအပ်မည့်် ပစ္စည်းများကို စဉ်းစားကာ အသုဘလာကူကြသည်။
ထို့နောက်ရပ်မိရပ်ဖများက အသုဘရုပ်ကလာပ်အား သင်္ဂြိုလ်မည့်နေ့ရက် နှင့်အသုဘရှုလာသူတို့ အား ဧည့်ခံရေးတိုင်ပင်ဆွေးနွေးစီစဉ်ကြသည်။
ဧည့်ခံမည့်နေ့တွင် ကာလသားသမီးအဖွဲ့မှ မိန်းမပျိုများက ထမင်းတစ်ဝိုင်းစာ ပန်းကန်ခွက်ယောက် နှင့် ကာလသားများက စားပွဲဝိုင်း လိုက်ပွဲဖြည့်စွက်ရန် ချိုင့်နှင့်ယောက်ချိုခေါ် ဇွန်းကြီးတို့ ကို တပါတည်းယူဆောင်၍ တည်ခင်းဧည့်ခံကြသည်။
အသုဘရှုလာသူများကလည်း တတ်နိုင်သမျှ ငွေကြေးကူပံ့ကြပြီး အသုဘရှင်အား အားပေးနှစ်သိမ့်ကြကာ ရွာထဲရှိအိမ်များသို့  တစ်အိမ်တက်ဆင်း လည်ပတ်ကြသည်။ ရွာထဲရှိအိမ်အားလုံးကလည်း မည်သည့်အိမ်ကသာရေးဖြစ်စေ နာရေးဖြစ်စေပေါ်ပေါက်လာပါက အိမ်အားလုံး၌ စားကောင်းသောက်ဖွယ်များ
ပြင်ဆင်ဧည့်ခံကြသည်။အသုဘချချိန်မှာတော့ ပင့်ထားသောသံဃာများ နှင့်အတူ အသုဘရှုသူများက ရုပ်ကလာပ်ကိုရွာသုဿာန်သို့ ပို့ ဆောင်ကြသည်။ အချို့သော ပုဂ္ဂိုလ်များက အသုဘရှင်၏ကြေကွဲဝမ်းနည်းမှုကိုဖေးမထိန်းကူရင်းဘေးမှလိုက်ပါကြသည်။မြို့ပြအသုဘများလို ဟေးလားဝါးလား အတင်းစကားနှင့် ဝတ်ကြေတန်းကြေ အပြု အပြော တစိုးတစိ မတွေ့ရ။
ရွာသုဿာန်၌ အသုဘကမ္မဋ္ဌါန်း စီးဖြန်းကာရေစက်ချ အမျှပေးဝေပြီး ရုပ်ကလာပ်အား နောက်တနေ့ ရက်လည်တရားနာပင့်ဖိတ်ကာ သင်္ဂြိုဟ် ခြင်း ပြုလုပ်ကြသည်။
ဤအကြောင်းကို မြို့ပြက ပရဟိတလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကိုပြောပြတော့ သူက

" မင်းတို့ ဒေသက အသုဘကလည်းကွာ
အသုဘရှင်က ငိုယုံကလွဲ ပြီးဘာမှ မလုပ်ရတဲ့အပြင် ငိုတာတောင် ဘေးကတွဲမယ့်သူလေးနဲ့ "တဲ့

ဟုတ်ကဲ့
ယောဆိုတာ အဲသလိုရယ်ပါဗျာ ။ ။

Photo =မူရင်းပိုင်ရှင် အား Credit

ချစ်ခင်စွာဖြင့်
ယောသိင်္ခ

No comments:

Post a Comment