Friday, October 30, 2015
ယောလူငယ်ဆို အဲ့သလိုပါကွဲ့
ပတ် ဗေပုံ…
ဗေပုံ …ဗေပုံ…
ကမ္ဘာမြေအဟုန်
တုန်သွားအောင် တီးလိုက်ပါ။
ခင်ဗျားတို့တီးနေတာ
ရွာတစ်ရွာ့ရိုးရာ
အိုးစည် မဟုတ်ပါဘူးကွဲ့…
ယောယဉ်ကျေးမှု
အသိအမှတ်ပြုဖို့
ငါတို့ရဲ့ရင်ဘတ်ကို
တဖြတ်ဖြတ် တလှပ်လှပ်
တီးခတ်နေကြတာလေ။
အိုးစည်မှာကျက်ထားတာ
သားရေမဟုတ်ပါဘူးကွဲ့…
ငါတို့ရဲ့အမွေ
ငါတို့မြေကို
မသွေမဖောက်
မပျောက်ပျက်အောင်
စောင့်ကြပ် ထိန်းသိမ်းနေတာကွဲ့။
အိုးစည်ကြိုးသားရေ
သာမန်လေမထင်နဲ့
ယောမြေကွယ်မယ့်အရေး
`ယောလူငယ်သွေး´နဲ့
မရွဲ့မစောင်းအောင်
ဗိန်းဗောင်းသံနဲ့
ကြိုးပမ်းကြစို့ကွဲ့။
ဗုံပြင်က ပတ်စာ
အသံသာဖို့ ထိမ်းသလို
မယိမ်းမယိုင်
ယောယဉ်ကျေးမှုခိုင်အောင်
ရွက်ဆောင်ကြိုးပမ်း
` ယောလူငယ်´အစွမ်း
အံ့မခန်းအောင်
စွမ်းဆောင်ထုတ်ပြ
အားရစရာ
ဖော်ထုတ်ပြစမ်းပါလေ့။
လာဟေ့!
အိုးစည်သား
`ယောလူငယ်´စွမ်းအားနဲ့
ယောရဲ့အမွေ
ကမ္ဘာမြေအနှံ့
ခြေဆန့်ပြရအောင်
စွမ်းဆောင်ကြိုးပမ်း
တီးလိုက်စမ်းပါ့
ယောနကအိုးစည်သံ
ဘဝဂ်လျှံမျှ
ယောအလှ ယောဂီတ
ယောဘဝ ယောသဒ္ဒါရုံ
ပတ် _ဗေပုံ
ဗေပုံ …ဗေပုံ…။ ။
{ယောလူငယ် အိုးစည်ဝိုင်းတော်သားများ သို့ ဦးညွှတ်လျှက်}
ချစ်ခင်စွာဖြင့်
ယောသိင်္ခ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment