Menu

Monday, November 7, 2016

ဆောင်းကြိုည

ည ရှစ်နာရီခန့်…
ဆောင်းယောင်ပြ နှင်းစက်ဖွဲဖွဲအချို့နှင့် ကောင်းကင်မှာ လလေးတစ်ခြမ်း ကြယ်ပန်းအချို့က လောကတခွင်ကို ငြိမ်းအေးနိမိတ် ဆောင်သည့်နှယ်။
မြို့ပြမှာ ကံပစ်ချရာနေရသော်လည်း ယောသားမို့ သည်လို ဆောင်းကြိုချိန်ဆို ယောမြေ၏ဆောင်းရနံ့ကို တကူးတကနဲ့ တခုတ်တရ ရှာဖွေကာ လွမ်းနေမိတတ်သည်လေ။
ကံကောင်းသည်ဆိုရမလားမသိ……
ကျနော့်လုပ်ငန်းခွင်က မြို့ပြအစွန်အဖျားမှာဆိုတော့ တောရနံ့/ယောရနံ့
လေးတွေ အတန်အသင့်ရနေသေးသည်။လယ်ကွင်းအချို့/ရံဖန်
ရံခါတွေ့ရတတ်သည့် ကျွဲနွားများ/ဆိတ်ဖလူးပင်/ဆပ်သွားဖူးပင်
ကျောက်ဖရုံပင်/ချိုးကူသံသဲ့သဲ့/အလေ့ကျတောပန်းလေးများ
က ယောအလွမ်းကို အတန်အသင့် သက်သာခွင့်ပေးနေသည်။
ကံအကောင်းဆုံးကတော့ ညနေရီရီမှာ လုပ်ငန်းခွင်ရှေ့က ကားပါကင်ကျယ်ကျယ်ကြီးတွင် ထိုင်ခုံတစ်လုံးချကာ တစ်ဦးတည်း အတွေးပင်လယ်ကြော မြောခွင့်ရခြင်းပင်။
ဒီနေရာလေးမှာထိုင်ရင်း မြို့ပြက အိမ်ကိုပြန်ချင်စိတ်ပင် ကင်းမဲ့ သွားသည့်စိတ်အတွေးကအကြိမ်ကြိမ် ဖြစ်ပေါ်မိသည်။
လေနုအေးအေးနဲ့ ကြယ်လေးတွေကို ငေးမောရင်း အတွေးစ
ကို အဆုံးအစမဲ့ လွှင့်နေရသည်က ဘဝအရသာဟု ဆိုရမည်လားလေ။
ယမန်နှစ်က မြို့ပြတိုက်တာတွေကြားမှာ မွေးဖွါးကြီးပြင်းသည့် သူငယ်တန်းအရွယ်ကလေးငယ်လေးတစ်ဦး ယောမြေကို အလည် ရောက်လာတော့ ယောနယ်က ကောင်းကင်ကျယ်ကျယ်ကြီးကို ကြည့်ရင်း တွေးတွေးဆဆဆ ပြောဖူးတဲ့စကားလေး သတိရမိသည်။

{ ယောက လူတွေက ချမ်းသာတယ်နော်}တဲ့
[ဘာလို့လဲ ခလေးရဲ့ ]ဆိုတော့……
(ကောင်းကင်ကျယ်ကျယ်ကြီးနဲ့ ကြယ်တွေအများကြီး ပိုင်တယ်လေ …)တဲ့ ။
သြော်……
တိုက်တာနှစ်ခုကြားက ကောင်းကင်မြင်ကွင်းကျဉ်းကျဉ်းလေးကိုသာ မသထာရေစာ ကြည့်ခွင့်ရရှာတဲ့ မြို့ပြဖွါး ကလေးတစ်ယောက်ရဲ့ အတွေးရယ်လေ။
အင်း……
သည်ကလေးရဲ့ အတွေးအတိုင်းသာဆို ကျနော်လည်း နည်းနည်းလောက်
တော့ ချမ်းသာသည်ထင်ပါရဲ့လေနော။ ။
                                                                   ယောသိင်္ခ

No comments:

Post a Comment