Menu

Friday, May 27, 2016

မင်းကိုနိုင်ရဲ့ "တို့ဘိုးဘွားတွေရဲ့ပုံတူ'

ယောမြို့က ပြန်ခဲ့တယ်။
''ယောပြန်ဆရာ ဘယ်သူဘယ်ဝါ'' တဲ့။ ''ဧည့်သည်ကို ချစ်ခင်လျှင် ဖျာနှင့်ခွာမရ အထခက်အောင် ကျီစယ်တတ် တယ်'' တဲ့။ ကြားဖူးနားဝတွေက ခရီးသွား အတွက်တော့ ကျီးလန့်သလိုရှိနိုင်ပါသည်။

ယောနယ်သည် ထင်သလောက် ဂမ္ဘီရမဆန် ပါ။ ခေတ် အလျောက်ပြောင်းနေသော ဖက်ရှင်ရေစီးကြောင်းနောက် ယောနယ်က လိုက်ပါမသွား။ အားလုံးနီးပါးသော မိန်းမပျို ငယ်ရွယ်လတ်ကြီးတို့မှာ ရိုးရာအတိုင်းသာဝတ်ဆင်လျက် အလုပ်ခွင် စာသင်မပျက်၊ နေ့စဉ်ဘဝထဲ ရှိနေပါသည်။ ဒီလိုဆိုလို့ ခေတ်ကိုမျက်ခြည်ပြတ် ကျန်ခဲ့ပြီဟုတော့ မမှတ်စေ လိုပါ။ သူတို့က ဥာဏ်ပညာကိုတန်ဖိုးထား၊ စာပေကို နှစ်လိုသူများ။
ဂန့်ဂေါဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအတွက် ရှားပါးစရိတ်၊ လမ်းပန်းဝေးလံ၍ အပိုဆောင်းပေးရသောဒေသဖြစ်သည့် တိုင် အင်တာနက်တော့ မိပါသည်။ အင်တာနက်ဆိုသော ပြတင်းမှအလင်းရောင်ဖြင့် ပြင်ပကမ္ဘာကို သူတို့ရှုမြင် သုံးသပ် သည်။ ပြတင်းမှဝင်လာသော အဆိပ်အတောက်ဆန်သည့် အရာများကိုတော့ သန့်စင်ဖယ်ရှားနိုင်စွမ်းသူများ ဖြစ်နေဆဲပါ။
စာပေဟောပြောပွဲစချိန်မှာ မိုးသဲကြီးမဲကြီးရွာသည်။
ပွဲပျက်ပြီဟု စိတ်ဒုန်းဒုန်းချပြီးကာမှ မိုးတိတ်ရာတွင် ပွဲခင်းအလယ် ငုတ်တုတ်ကြီးတွေ ထိုင်နေသောပရိသတ်ကို တွေ့ရပါတော့သည်။
ပွဲစီစဉ်သူများက နောက်တစ်နေ့ပြန်ချိန်းမယ်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အမိုးအကာရှိတဲ့နေရာ နေ့ဘက်ပြန်လုပ်ပေးမယ်ဆိုတာလည်းမရ။ ''နေ့ဘက်ဆိုမအားဘူး။ အခုလိုလည်း မသေချာဘူး။ အခုသာပွဲစ တစ်ညလုံး နားထောင်မယ်''တဲ့။ ဒါနှင့်ပင် နားထောင်ရဲရင် ဟောရဲရမယ်မှတ်ယူကာ သန်းခေါင်တိုင်သည်အထိ အချီအချညီခဲ့ ကြပါသည်။
ဒုတိယအကြိမ်မှာတော့ ယောနယ် ဆောမြို့သို့ ရောက်ခဲ့ပြန်သည်။ ထိုဒေသတစ်လျှောက် ကျွန်တော်စွဲလမ်းမိ သောအချက်မှာ အနေရိုး၊ အစားရိုးခြင်းဟူသောအလှပေါ်တွင် ရှေးမြန်မာတို့၏ စိတ်ထားသင်္ကေတတစ်ခုကို ဒီနေ့အထိ ထိန်းသိမ်းထားနိုင်ခြင်းဟူသည့် တစ်ပွင့်ပန်းဖြင့် အယဉ်ဆင့်ပြခြင်းပင်ဖြစ်ပါသည်။
ရှေးက ကျွန်တော်တို့ဘိုးဘေးများသည် ခရီးသွားများထံမှ တည်းခိုစရာအခကြေးငွေယူသည့်စီးပွားမလုပ်သလို ရေလည်းရောင်းမစားခဲ့ကြပါ။ စာပေများတွင်ဖတ်ဖူးသည့် ဘေးပတ်ဝန်းကျင်က သမိုင်းကြောင်းကြီးသော နိုင်ငံများတွင် ထမင်းဆိုင်၊ ဟင်းဆိုင်နှင့် တွဲလျက်ဖြစ်စေ၊ သီးခြားဖြစ်စေ၊ Inn ဟုခေါ်နိုင်မည့် နားနေကွန်းခိုရာများလို အခကြေး ငွေဖြင့် ငှားရမ်းခြင်းမျိုး မြန်မာ့သမိုင်းတွင် မရှိခဲ့ပါ။
ယောနယ်အနှံ့ ဇရပ်အိုတွေက ခရီးသွားများ အပေါ် မြန်မာတို့ ၏စိတ်ရင်း ကိုပြခဲ့သလို ဇရပ်သစ်တွေဖြင့်လည်း ပြနေဆဲ။ မည်ကာမတ္တမဟုတ်။ အခုချိန်အထိ ခရီးသွားများ၊ ဈေးသည်များတည်းခိုခွင့် အခမဲ့ရနေဆဲ။ ရေအိုး စင်တွေက လည်း ဇရပ်တိုင်းတွင်သာမက အရိပ်ကောင်းရှိရာ သစ်ပင်အခြေများ တွင် ရေကြည်အေးနှင့်ဧည့်ခံမြဲ။
ကမ္ဘာတစ်လွှားမှာ မိုတယ်၊အင်း၊ ဧည့်ရိပ်သာစီးပွားရှာမှုတွေ တွင်ကျယ် လာပေ မယ့် ယောနယ်ကတော့ မြန်မာ့ စိတ်ရင်းကိုဇရပ်၊ ရေအိုးစင်တွေဖြင့် သက်သေ ထူဆဲ။
ံ....................................
လောင်းရှည်တဲ့။
ကုန်းဘောင်ခေတ်နှောင်းမှာ ဘုရင့်မယ်တော်စားတဲ့မြို့။
မြင်ကွန်း၊ မြင်းခုန်တိုင်အရေးမှာ ဘုရင့်သစ္စာရှိဘက်တော်သားအဖြစ် ဓားချက်များ ထင်ကျန်ခဲ့သူစားတဲ့မြို့။
ပြီးတော့ ရာဇဝင်ထဲ အစိမ်းသက်သက်၊ ပေကပ်နေခဲ့တဲ့မြို့။ ကုန်းဘောင်ပဲလားမေးတော့ ပုဂံခေတ်လက်ရာအုတ်ဂူ စေတီတွေ။ အေဒီ ၁၁ ရာစု အုတ်ခွက်ဆင်းတုတွေ ထုတ်ပြတဲ့မြို့။ပုဂံခေတ်က စစ်သားထောင်ချီစုပေးရတဲ့ ထောင်ပြု မြို့။
လောင်းလှေတွေရွေတဲ့အရပ်မို့ လောင်းရွေ။ အဲဒီကနေရွေ့တော့ လောင်းရှည်လို့ခေါ်တဲ့မြို့။
ငှက်ခါးတောင်လိုက်ကာကို တွန်းအဖွင့်မှာ ပန်းချီပြခန်းလို တခမ်းတနားကြီးသွေးဆောင်ပုံက ရောင်စုံကားချပ်
တွေ တန်းစီချိတ်ဆက်ထားသလို တချို့နေရာတွေမှာ ပုဂံမြို့ဟောင်း ပြန်ရောက်သလားထင်ရ။
ပန်းချီ----တစ်ချပ် ဆွဲချင်လျက်။
ကဗျာ----တစ်ပိုဒ် စပ်ချင်လျက်။
အက်ဆေး---တစ်ပုဒ် ရေးချင်လျက်။
လှေကားရင်း ဖိနပ်ချွတ်မှာတင် ရပ်ငေးမ၀တဲ့မြို့။
မှတ်စုကြမ်းကို ချရေးလျက်မှ ကျွန်တော်ရောက်နေရာမြို့ကလေးကို ငေးမောမိသည်။ သီပေါမင်းရဲ့ မယ်တော် လောင်းရှည်မိဖုရား၊ နန်းတွင်းအရေးတော်ပုံကရခဲ့တဲ့ ဓားချက်နဲ့ထင်ရှားတဲ့ လောင်းရှည်စားမင်းကြီးစသဖြင့် ကျွန်တော်
တို့ မှတ်မိရုံလောင်းရှည်။ အခုပြန်တွေ့ရတော့ ရာဇဝင်ခေတ်ဟောင်း ထဲ ပြန်ရောက်သွားသည့်နှယ်။
×××××××××××
တောတောင်တွေကိုမှီပြီး စပါးကြီးသည်းခြေ၊ ဝံသည်းခြေ၊ ကျားစွယ်ကျားရေ၊ ပျားရည်တွေ ထွက်ခဲ့တဲ့မြို့။ အခုတော့ တောတွေပြုန်းချိန်မှာ မိရိုးဖလာတောင်ယာနှင့် လယ်လုပ်အသက်ဆက်နေရတဲ့မြို့။ ရှေးဟောင်းဘုရားတွေစီ
စိန်ပန်းနီတွေက ထီးမိုးလို့၊ အနီးဆုံး ဆောမြို့နှင့် ၁၂ မိုင်အကွာ ကားလမ်းပေါက်တာ မကြာသေး။ စိုက်ပျိုးရေးအခြေခံကို သစ်ဝါးအလုပ်နှင့်ရံထားရသည့် သူတို့အတွက် သဘာဝကမျက်နှာသာပေးသည်တော့ မဟုတ်ပါ။
တောင်ကျချောင်းရေဒဏ် စိုက်ခင်းတွေ နှစ်စဉ်ခံရ ဒီတာတမံ၊ ဒီချောင်းတွေကို ဒီလက်ချောင်း၊ ဒီလက်မောင်းတွေနဲ့ပဲ ခြေကန်ဆယ်ရဦးမှာပါပေါ့။
ချောင်းရေထဲ နေကုန်စိမ်တော့ အကြောတွေဆိုင်း ခါးတွေကိုင်းလည်း ခဲခဲကိုက်ကိုက်
ထရုန်းလိုက်ပဲ ငိုက်လဲမခံတဲ့ ယောနယ်အလံ။-----။ လမ်းတစ်လျှောက် ဇရပ်နှင့် ရေအိုးစင်တွေ မကြာခဏတွေ့နေ၍မစိပ်လွန်းဘူးလားဟုမေးရာ ဒေသခံတစ်ဦးက
"ဒါတော့ ကျွန်တော်တို့က ကားနဲ့သွားလို့ ဒီလိုမြင်တွေးမိတာကိုး။ ဟိုတုန်းကလှည်းနဲ့သွားကြ၊ လမ်းလျှောက်သွားကြရတာ အထုပ်အပိုးတွေနဲ့ ဆိုတော့ မောတိုင်းနားဖို့ လိုတာကိုး" တဲ့။ ထိုဇရပ်ရေချမ်းစင်များမှာ အခုထိလည်း အသက်ဝင် အဖိုးတန်နေမြဲပါ။ ခရီးပန်းလူသားတွေရဲ့အားကိုးတကြီး
ခြေလှမ်းတွေကို လက်ကမ်းကြိုနေမြဲ။
"အရင်ဒီနယ်တစ်ကြောကဇရပ်တွေမှာ လူတွေနားခိုရင်း ချက်ပြုတ်စားဖို့ အိုးခွက်ပန်းကန်တွေပါ ထားပေးခဲ့ကြတယ်။" ဟု ဒေသခံရှေ့မီနောက်မီတစ်ဦးက အတိတ်ကိုလွမ်းရင်းပြောပြသည်။ ကျွန်တော့်မျက်စိထဲမန်ကျည်းရိပ်၊ ထနောင်းရိပ်များတွင် လှည်းတံပိုးတွေချွတ်ကြ။ နွားတွေကို အနားပေး အစာကျွေး ရေတိုက်ရင်း မီးခိုးတလူလူ ချက်ပြုတ်စားနားနေခဲ့ကြသည့် ရှေးကဘိုးဘွားခရီးသွားများကို မြင်ကြည့်မိပါသည်။
"ခရီးသည်တွေကလည်း အဲဒီစိတ်စေတနာကို အားကျမခံ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်ငါးခြမ်းကအစကိုယ့်မှာပိုနေရင် နောက်လူတွေအတွက် ထားခဲ့ကြပြန်တယ်" ဟူ၍ သူက ဆက်ရှင်းပြပါသေးသည်။
ရှေ့လူထားခဲ့သော အိုးခွက်များဖြင့် ချက်ပြုတ်စားကြသူများက ဒါတွေဟာ ရုပ်ဝတ္ထု အိုးခွက်တွေသာ မကပါလား စိတ်စေတနာအစဉ်အလာကောင်းတွေပဲဟု ခံစားကာ "ငါ့မှာပိုတဲ့ ရိက္ခာကိုလည်း သူ့လိုသဒ္ဓါနဲ့ ထားခဲ့မယ်" ဟု တွေးမိကြဟန်တူပါသည်။
ရှေ့ကစေတနာရှင်ကို မမြင်မသိဖူးသလို နောက်ကဆက်ခံမည့်ခရီးသည်ကိုလည်း အသွေးအရောင် အယူတူမတူ
မှန်းဆရနိုင်သည့်အရာမဟုတ်ပါ။ သို့ပါလျက် သူတို့ကြည်ဖြူ စွန့်၍လှူခဲ့ကြပါသည်။
ထိုခေတ်က ခရီးသွားများမှာ ကုန်ရောင်းသူအများစုပင်ဖြစ်သည့် အလျောက် နောက်လူမှာ ရောင်းကုန်တူပြိုင်ဘက်လည်းဖြစ်နိုင်သည်ကို မစဉ်းစားမိ
ဘဲနေမည်မဟုတ်။ စီးပွားပြိုင်ဘက်ဖြစ်ကာမှဖြစ်စေ ခရီးသွားချင်းအတူ ချမ်းသာပါစေဟူသော မေတ္တာသာအရင်းခံ
ခဲ့ကြပါသည်။
ဪ---ကျွန်တော်တို့ဘိုးဘေးများ ရင်အုပ်ကြီးတွေ ကျယ်ပါပေ့။
×××××××××
ရှေးလူကြီးများအပေါ် စက်မှုနှင့် နည်းပညာချို့ငဲ့ရန်ကောဟု ကျွန်တော်တို့ ငြိုငြင်ခဲ့ကြဖူး ပါသည်။ အခုတော့ ဒီလိုတွေးမိသည်။ ခုနေခါများ ကမ္ဘာလှည့်ခရီးသွားတွေက မင်းတို့ ဘိုးဘေးတွေအကြောင်း ပြောစမ်းပါ့ဆိုလျှင်ဖုန်ထူနေပူ လမ်းအိုထက်မှာ ရေချမ်းစင် ကို ပခုံးထမ်းနေသည့် ဇရပ်ထိုထိုဟာ တို့ဘိုးဘွားတွေပါပဲကွယ်ဟု ညွှန်ပြ
လိုက်ချင်စမ်းပါဘိ။
၂၂့ ၅့ ၂၀၁၆ကြေးမုံသတင်းစာ ‪#‎မင်းကိုနိုင်‬




မိုးဦးနိဒါန်း

သည်နေ့တော့ ရန်ကုန်မြေမှာ မိုးလေးတအုပ်တမ သွန်းချခဲ့ပါ
သည်။ဝန်းကျင်တခို စိုစိုစိမ်းစိမ်းနှင့်ရင်ငြိမ်းဖွယ် ပန်းချီကား တစ်ချပ်နှယ်။ နွေတလျှောက်လုံး ခေါင်းငုံ့မာန်လျှော့ကာ အားသစ်ယူနေခဲ့ရရှာသော အိမ်တံစက်မြိတ် အောက်က ပန်းပင်ပျိုလေးခမျာလည်း သွေးသစ်အားသစ်တွေ ရုတ်တရက် ရလာသည်ထင့်။ခေါင်းဝင့်မာန်ချီကာ ရွက်သစ်လေးညီညီနှင့် လှသွေးလေးစီလို့လေ။
သြော်…
မိုးဦးအစချီပါရောလား…
ခုချိန်လောက်ဆို ချစ်စွာသော ယောမြေမှာ ရာသီချိန်ခါအတွက်
ထွန်တုံး ထွန်သံ ထွန်သွားတို့ တသသပြင်ဆင်ကြရော့မည်။
လယ်ကန်သင်းတို့ကို တူးငင်ဆယ်ဖို့ကာ ပြင်ဆင်နေကြသလို
ကျနော့်အမေအိုကတော့ ပိုးမထိုးအောင် ပြာဖြင့်မံကာ ထိန်းသိမ်း
ထားသည့် မျိုးစေ့အိုးတို့ကို ဖွင့်ဖောက်မျိုးရွေးကာ တကုတ်ကုတ် နဲ့ အလုပ်ရှုပ်နေရော့မည်။
ရွာ့တောင်ဖက်ချောင်းပြင်နားမှာ မိုးလေးကျလာသည်နှင့် ယခင်နှစ် တူးဖော်ချိန် မြေထဲတွင်ကျန်ခဲ့သော ကန်စွန်းဥတို့အတက်သစ်ထွက်ပြူကာ မြေဖွဖွပေါ် ရွက်နုနုလေးတွေ ထိုးထွက်လာတော့မည်။ ထိုအခါ ကန်စွန်းပင်ခြေကိုတူးဆွ ကန်စွန်းဥ လှလှဝဝကြီးတွေကို သူ့ထက်ငါ အရင် အလုအယက် တူးကြပေရော့မည်။သူ့ယာ ကိုယ့်အခင်း အလျင်း မသတ်မှတ်ပဲ ဦးသူကတူးယူကြရသည်မှာ ချစ်စရာ ယော့ဓလေ့ရယ်လေ။
ရွာ့ကလေးတစ်သိုက်ကတော့ မိုးလေးရွာသည်နှင့် ပုဆိုးကို စလွယ်သိုင်း ဒုန်းစိုင်းပြေးကာ ရွာပြင်အနီးအနားက သရက်ပင် အုပ်အုပ်ကြီးတွေအောက်မှာ လေနဲ့မိုးခ ကာ ကြွေကျနေပါသော သရက်သီးစိမ်းစိမ်း မှည့်မှည့်တွေ အလုအယက် ကောက်နေကြ ရော့မည်။
ရလာသောသရက်သီးတွေကိုတော့ အချဉ်သိပ်တန်တာသိပ် အခြောက်လှမ်းသင့်တာလှမ်း နှင့် နွေတဝှမ်း မိုးတစ်ရာသီစာ ရိက္ခာ
ပြင်ဆင်ကြရော့မည်။
ရွာတော်ရှင်နတ်ကွန်းစင်နားမှာ သပြေသီးမှည့်နီညိုညိုတို့
ပတ္တမြားမြေပမာ တဖွဲဖွဲကြွေနေရှာရော့မည်။
``ရွာ့ပတ်ဝန်းကျင် ရေသွင်သွင်နှင့် ထွန်တုံးပေါလော ဖားပေါလောရှိပါစေ…
လုပ်သူဆောင်သားကိုလည်း ခလုတ်မတိုက်မိပါစေနှင့်…
လုပ်တာရှည်ပါစေ_ စားတာရှည်ပါစေ_ အိပ်တာရှည်ပါစေ
နေတာရှည်ပါစေ…
တစ်စလောင်း တစ်ခွက်လှူဒါန်းသမျှ မိုးနတ်အရှင်ကြီး
ရွာတော်အရှင်ကြီးတို့အား အမျှပေးဝေပါ၏ ´´ဟူသော ဆုတောင်းအမျှဝေကာ မိုးခေါ်ကြသံတို့ တညံညြံ ကား ရပေတော့မည်။
မိုးရနံ့ရသည်နှင့် ရာသီပန်း/ရာသီလက်ကျန်ပန်းတို့ကလည်း အစွမ်းကုန်ပွင့်လန်း ကြရော့မည်။
…………
လယ်ထဲယာထဲမှာ
မှိုဥရှာ
ဖွတ်ဥတူး
မာလာဖူးချိုး
ကန်သင်းရိုးတလျှောက်
မွှေနှောက်ပြီးသော်
လဟော် ကပြင်းရွက်
ညောင်ရွက်နုဟင်းလျာ
ဟင်းချက်ဖို့ရှာ
ရာသီစာမပြတ်
ပုတတ်လေးကင်
…………
………
ဟင် !
တွေးရင်း တွေးရင်း
မိုးစင်စင် လင်းတော့မှာပါလား
ယာထဲ ဆင်းဦးမှပါလေ……
အယ်!
ယောင်လို့
အလုပ်သွားဖို့ရာ
ပြင်ဆင်ဦးမှပါလေ။ ။
Photo>Credit to Uploader
ချစ်ခင်စွာဖြင့်
ယောသိင်္ခ


အလွမ်းဝေသီ လွမ်းစေတီ

`နမောတေ မာရ ဝိဇယ´
မြတ်ဗုဒ္ဓအား ညွှတ်တွားဝန္ဒနာ ပူဇော်ပြီးသကာလ ကာလများစွာ ခံစားနေခဲ့ရပါသော နှမတော်မနန်းခါး၏ ဝေနာအား စေ့ငသေချာလျှောက်ထားခွင့်ပြုတော်မူပါ မောင်တော်ဘုရား။
နှစ်ပဋိစ္ဆေဒတွေက ကာလတာရှည် ကြာလှပြီဆိုသော်ငြား
နှမတော့်နှလုံးသားမှာ မနေ့ကလိုလို တွေးမိတိုင်းငိုပွဲဆင် နာကျင်ဆွေးမြေ့ အောက်မေ့နေရဆဲပါဘုရား။
နှစ်သက္ကရာဇ်ကို တွက်ဆစ်ကြည့်ရင် ၁၁၁၆ ခုနှစ်ပေါ့ဘုရား။
အလောင်းဘုရားရဲ့ဘုန်းမီးနေလ လွန်တောက်ပ ချိန်မှာ ဟံသာဝတီစစ်ချီရာထံ မောင်တော်ဘုရားစံပွင့်ရဲ့ ရဲရင့်တဲ့ သတ္တိနဲ့ပြောင်မြောက်တဲ့စစ်ရေးစွမ်းဆောင်ချက်တွေအတွက် ယောမြို့ ကိုအပိုင်စားခွင့်မဟာ မောင်တော်ရရှိခဲ့တဲ့ အရာ တွေလေ။
ယောမြို့ယောဒေသ မောင်တော်အုပ်ချုပ်ခွင့်ရတော့ ဒေသအကျိုး သယ်ပိုးတဲ့အပြင် စစ်ရေးအမြင်နဲ့ ယောမြို့တခွင်မှာ ကျုံးတစ်တန်နဲ့ယောရဲ့ဒေသ စားရိက္မာဖူလုံရေး
လယ်ရေပေးဝေရေးအစ အလေးထားကာ သည်ပိုးထမ်း
ဆောင်ခဲ့တာ ယောသမိုင်းကသိပါတယ် မောင်တော်ရယ်။
အဲ့ဒီ့အချိန်က အစစသာယာ အရာရာဖွံ့ဖြိုး ယောနယ်တရိုး
မှာ မောင်တော်သာဘုရင် မောင်တော်ဟာအရှင်သခင်အဖြစ်
နှစ်လိုဝမ်းသာ ပြည်သူတွေခမျာမှာလည်း စိတ်နှလုံး ချမ်းမြေ့ကြရှာပါရဲ့ မောင်တော်ရယ်။နှမတော်တို့ကိုယ်တိုင်ကတော့ ပြောစရာမရှိ ပီတိနှလုံး
ဂွမ်းဆီထိဖုံးသလိုပါ့ လောကနိဗ္ဗါန်ကာလ သတိရမိပါရဲ့ မောင်တော်ဘုရားရယ်။
ဒါပေမယ့် မောင်တော်ရယ်…
ကံကြမ္မာဆိုတာရယ်က ခေါက်ရှာငှက်ငယ်များ ပျံသန်းသွားသည့် ပမာ နိမ့်တစ်ခါ မြင့်တစ်လှည့် လှည့်ကွက် တွေကများ ဆင်ဖြူရှင်ဘုရား လက်ထက်မှာ ကံကြမ္မာက ဒိုးလိုမွှေတော့ နှမတော်တို့ယောဒေသ ရေနောက်ခဲ့ ရပါပေါ့ဘုရား။
နှမတော်တို့ယောရွှေပြည်ကို ဘယ်လိုအညှိုးနဲ့မသိ စိစိညက်ညက်မွှေနှောက် ဆင်ဖြူရှင် တောချောက်တဲ့အခါ ဆင်ကျီစားရာ ဆိတ်မခံသာတော့ သော့သော့ရှောင်ခွါ အသိုက်ပါကွဲ နတ်ရဲဆိုတဲ့ရွာမှာ ခြေကုတ်ယူခဲ့ကြရတာ
မောင်တော်မှတ်မိမှာပါလေ။
နတ်ရဲဒေသမှာ စစ်ရေးခိုင်မာဖို့အရေး ရွာဘေးကျုံးဆင် လူဝင်
တပ်သား မနေမနားစု ရပ်မှုရပ်ရွာ သာယာဖို့အရေး မနှေးဆောင်ရွက်နေချိန် အသူရိန်ကိုရာဟုဖမ်းသည့်အလား
ဆင်ဖြူရှင်တပ်သားများက နတ်ရဲတလွှား ဝင်တိုက်ပါရောလား မောင်တော်ရယ်။အဲ့ဒီအခါမှာလည်း ခေါင်းငိုက်စိုက်ဆုတ်ခွါ ပြေးခဲ့ရပြန်ပါပကောလားဘုရာ့။
မလွဲမရှောင်သာတဲ့ဘေး တေးဆိုတဲ့ရွာလေးမှာ အားတင်း
ကာမာန်ထူ လူသူစုဆောင်း ပြိုဟောင်းခဲ့သမျှပြုပြင် အား
ကြိုးမာန်တင်နေတုန်း ဗြုန်း ခနဲဆို ရှင်ဘုရင်အလိုက `မောင်တော်မကျသရွေ့ စိတ်ချမကျေအေးဘူး´ဆိုတဲ့သတင်း
မောင်တော်အလျင်း သိတဲ့အခါ…
အဲ့ဒီ့နေ့ အဲ့ဒီအခါဟာ…
ကမ္ဘာလဲငို ရွှေတောင်ကြီးပြိုကျ မေ့မရတဲ့နေ့ လက်တွေ့ရင်ဆိုင်ရတော့ပါပဲဘုရား။
မောင်ဘုရားရဲ့စိတ်ဓာတ် လွန်မြင့်မြတ်စွာ` ယောရပ်ရွာဟာ
ငါ့ဇိဝိန်မကြွေမချင်း အလျင်းမကျေနိုင်သူ ဆင်ဖြူရှင်အရေး ငါမရှိမှ အေးမယ်
ငါမနှောင့်နှေးသင့်ဘူးလေကွဲ့´
အဲ့ဒီ့အဓိဌါန်နဲ့ မောင်တော်ရဲ့ယောချစ်စိတ် ထိတ်ထိတ်ကဲကဲ
ဟောဒီ့ယောချောင်းထဲမှာ စီးတော်သာ မြင်းတစ်စီးနဲ့ အပြီး
ခုန်ချ သတ်သေပြခဲ့တာ ယောချောင်းကြီးက သက်သေခံနေပါ
ရောလား မောင်တော်ဘုရားရဲ့။
ချန်ထားရစ်ခဲ့ပေမယ့် ကျန်ငြားရစ်သူ နှမတော့်အပူကို မောင်
တော်ရှုလှည့်ပါဦးဘုရား။
နေ့နေ့ညည မေ့မရသည့်အဆုံး မောင်တော်သုံးခဲ့သည့် ချပ်
ဝပ်တန်ဆာ ဝတ်လဲတော်ပုဆိုးပါမကျန် အဓိဌါန်ရည်ရွယ် ဌါပနာ
ငယ်ထည့်ကာ တသသမှန်း လွမ်းစေတီတစ်ဆူ လွမ်းဆွတ်စိတ်ဝေဆူဆူကြား တည်ထားပါတယ်ဘုရား။
ထိုစေတီထံပါး၌ နေ့ရောညပါ ကြက်လျှာဆီမီးအပြင် ဆွမ်းသင်ပုတ်ဝတ် မပြတ်လှူဒါန်းထားတာ သာဓုခေါ်တော်မူပါ့
မောင်တော်ဘုရား။
`ပိယေဟိ ဝိပ္ပရောဂေါ ဒုက္ခေါ ´
ချစ်သောသူနဲ့ကွေကွင်း ပူပန်ရခြင်းကို နှမတော်ရင်တွင်း ပူပြင်း
သောက သဲအူပြတ်မျှအောင် ခံစားနိုင်ခြင်း အလျင်းမရှိတော့ပါ
မောင်တော်ဘုရား။
ပူပန်ရခြင်းဖြင့် အသက်ရှင်ခွင့်အစား ဘဝတပါးက မောင်တော့်
ဘုရားထံပါး၌သာ ခ စားခွင့်ပြုတော်မူပါဘုရား…
ခ…
စား …
ခွင့် …
သာ
အလျင်း… ပြုတော်မူပါ …မောင်တော်ဘုရား။ ။

=================================
တေးရွာ အနောက်တောင်ထောင့်တွင် တည်ထားသော
လွမ်းစေတီ သမိုင်းအကျဉ်း
-------------------------------
သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် အလောင်းဘုရား ဟံသာဝတီချီတက်
သိမ်းပိုက်ရာတွင် ရွတ်ရွတ်ချွံချွံတိုက်ခိုက်ပါဝင်ခဲ့သော နတ်ရဲ
ရွာသား ဦးစံပွင့်အား ၁၁၁၉ ခုနှစ်တွင် ယောမြို့အား အပိုင်စားပေးခဲ့သည်။
( ကျောင်းကြီးရှင်ချစ် စေတီတော်သမိုင်း)
သက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် ယောငအောင်မှိုင်းအား ယောမြို့
တွင် စော်ဘွားအရာ ပေးသနားတော်မူသည်။
( ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး)
နှစ်သက္ကရာဇ်မကွာခြားသဖြင့် ဦးစံပွင့်နှင့် ငအောင်မှိုင်းသည်
တစ်ဦးတည်းဟု ယူဆနိုင်စရာဖြစ်ပါသည်။
ဦးစံပွင့်သည် ယောမြို့အား အခိုင်အမာတည်ဆောက်ကာ စိုးစံ
ခဲ့ပါသော်လည်း ဆင်ဖြူရှင်မင်းလက်ထက်တွင် စစ်သည်အများ အပြားဖြင့် ယောမြို့အား ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရပါသည်။ အင်အားမမျှသဖြင့် ဦးစံပွင့်သည် သားမယားနဲ့အတူ နတ်ရဲရွာ
သို့ ထွက်ပြေးရှောင်ခွါကာ ကျုံးအခိုင်အမာတူး၍ နေပြန်ပါ
သော်လည်း ဆင်ဖြူရှင်တပ်များက လိုက်လံတိုက်ခိုက်ပါသဖြင့်
တေးရွာသို့ ပြေးခွါရှောင်ဖယ်ခဲ့ရပြန်သည်။
ယောမြို့သည်၁၁၂၆ ခုနှစ်တွင် ပျက်ခဲ့သည်။
တေးရွာတွင် အခိုင်အမာတပ်စွဲနေရင်း (ဆင်ဖြူရှင်မင်းသည်
ငါ့အားမရလျှင် ငါ့ဆွေငါ့မျိုးတို့အား ဒုက္ခပေးကြပေတော့မည်။
ဤသို့လျင် ငါ၏အသက်ရှင်ခြင်းမှာ အဓိပ္ပါယ်မရှိ)ဟု ဆင်ခြင်
သုံးသပ်ကာ ယောမြို့၏ အရှေ့တောင်အရပ်ရှိ ရေထုံးကြီးထဲ
သို့ စီးတော်မြင်းနှင့်အတူ ခုန်ဆင်းကာ အများအကျိုးအတွက်
အသက်စွန့်သွားခဲ့သည်။
ဦးစံပွင့်၏ဇနီးသည် မနန်းခါးသည် ခင်ပွန်းကို လွမ်းဆွတ်စိတ်
ဖြင့် ခင်ပွန်း၏ အသုံးအဆောင်အဝတ်အစားများအား ဌါပနာထား
ကာ လွမ်းစေတီတစ်ဆူတည်ထားခဲ့သည်။
မနန်းခါးသည်လည်း များမကြာမီမှာပင် ခင်ပွန်းကို လွမ်းဆွတ် စိတ်ဖြင့် ရင်ကွဲနာကျကာ ကွယ်လွန်ခဲ့ပါသည်။
ကျမ်းကိုး ။။ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး
ကျောင်းကြီးရှင်ချစ်ဘုရားသမိုင်း
ယောဓလေ့ (စောကြူမောင်)
ယောသိင်္ခ
Photo= Credit >Ko yin lay -Yaw phyoe mg-Ko win min

မေလ ၂၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ပါရှိတဲ့ ယောနယ်သတင်းလေး


မကွေး
မေ ၂၅
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၌
ယောလူငယ်အဖွဲ့နှင့် ပူးပေါင်း၍
မြို့ပေါ်နှင်ကျေးလက်ဒေသမှ လုပ်ငန်းရှင်များ၊
လူငယ်များအား အသေးစား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသက်မွေးဝမ်းကြောင်းပညာ
ပေးအပ်ခဲ့ရာ မေ ၁၅ ရက်က ထီးလင်းမြို့တွင်
၁၀၆ ဦးနှင့် မေ ၁၆ ရက်တွင် ဂန့်ဂေါမြို့၌
၁၂၀ တို့ကို လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများ
ပေးအပ်ပြီး တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်ရန် ကူညီပေးခဲ့ကြောင်း
သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညိုသည် စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
တိုင်းဦးစီးမှူး ဦးစိုးမင်းသူနှင့် တာဝန်ရှိသူများအား
မေလဒုတိယပတ်တွင် ၀န်ကြီးချုပ်၏
အစည်းအဝေးခန်းမ၌ တွေ့ဆုံတင်ပြချက်များအပေါ်
ကျေးလက်ဒေသများအထိ စွန့်ဦးတီထွင်
အောင်မြင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
သင်တန်းများနှင့် အမျိုးသမီးများ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း
ပညာသင်တန်းများကို အောင်မြင်အောင်
ပူးပေါင်းဆောင်ရွက်ရေး
ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

ယောလူငယ် ရန်ကုန် (ဗဟို) ဥက္ကဋ္ဌနေရာကြေငြာခြင်း


ယောလူငယ် ရန်ကုန် (ဗဟို) တစ်နှစ်ပြည့်တွင် ဥက္ကဋ္ဌ နေရာအား အဖွဲ့ စည်းမျဉ်းအတိုင်း online မဲပေးခြင်းဖြင့် (၁၀) ရက်ကြာ ယောလူငယ်အဖွဲဝင်များ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကျောက်ထု၊ ဆော၊ ထီးလင်း၊
ဂန့် ဂေါ) အားလုံးမှ မဲပေးဆုံးဖြတ်ခဲ့ကြပါသည်။
အဖွဲ့ အတွက် မရှိမဖြစ်လည်းဖြစ် စိတ်အားလူအားအတက်ကြွဆုံးလည်းဖြစ်သလို အသင့်တော်ဆုံးသူအဖြစ် ယခင်နှစ်မှဥက္ကဋ္ဌ ဦးဌေးလှိုင် @ ဦးသိင်္ခ အားရာခိုင်နှုန်းပြည့် မဲပေးခဲ့ကြပါသည်။
ထို့ ကြောင့် ဦးဌေးလှိုင် @ ဦးသိင်္ခအနေဖြင့် ဒီနှစ်လည်း ဥက္ကဋ္ဌနေရာကို ဆက်လက်တာဝန်ယူပေးပါရန် ယောလူငယ် တစ်ဖွဲ့ လုံးမှ လေးစားစွာ တောင်းဆိုအပ်ပါသည်ရှင့်။
ယောလူငယ်အဖွဲ့ ဝင်များအားလုံးကိုယ်စား...
                                                                  ယောလူငယ်ပြန်ကြားရေးအဖွဲ့ 


Tuesday, May 17, 2016

ယောလူငယ်အဖွဲ့ (ထီးလင်း) မှ မဲနတ်တောင်ခရီးစဉ် အားဂုဏ်ပြုထားသော " ယောလူငယ့် အားမာန်" ကဗျာလေး

ယောလူငယ့် အားမာန်
=============
လူစုကြဟေ!
တို့တွေစုကာ
ယောရွာယောရပ်
နှံ့စပ်လေ့လာ
ဘယ်မှာဘာရှိ
ဘယ်၏ဒေသ
ဘယ်ကဘယ်လို
ဘယ်လိုဆိုလဲ
အခေါ်လွဲတွေ
သေချာလေ့လာ
ယောရွာသမိုင်း
လူတိုင်း၏ရင်
သိစေချင်မိ။ ။
မိုင်များစွာဟာ
စ မှာတစ်လှမ်း
ကြိုးစားလှမ်းစို့
လူငယ်တို့ရေ။
ယောမြေဒေသ
ထင်ကရတည့်
ပီဘိနတ်တောင်
ရောက်အောင်သွားမယ်
ဆိုင်ကယ်စက်နှိုး
မသိုးထမင်း
မသိုးဟင်းပြင်
ကူငင်ဖေးမ
ပန်းလျမတွေး
ဟေး… သံပေးကာ…
ပျော်စွာ မော်စွာ
ချီတက်လာပြီ။
တောင်ခြေကျောင်းပေါ်
ဆရာတော်အား
ညွှတ်တွားပူဇော်
ဖူးမျှော် ဦးချ
တောင်ခြေမှသည်
ညီညာဖြဖြ
ဖေးမကူတွဲ
ဇွဲနဲ့နွှဲသော်
တောင်ပေါ်ရောက်ပြီ
အောင်ခဲ့ပြီတည့်။ ။
(မဲနတ်တောင် သို့ လေ့လာရေးခရီးသွားရောက် ခဲ့ပါသော
ယောလူငယ်အဖွဲ့ (ထီးလင်း)အား ဂုဏ်ပြုအပ်ပါသည်။)
                                                                                        ယောသိင်္ခ


ပြင်သာရွာဖွါး မြေး အဖိုး..မဆုံးသေးသောပုံပြင်

>> ငါ့မြေးလေးရေ
ဟိုးခပ်ဝေးဝေးက
ရေပြင်အစွန်းနားလေးကိုကြည့်
အဲ့သည်နေရာဟာ
အဖိုးတို့ရဲ့ထေရဝါဒသာသနာ
ထွန်းကားဖြစ်တည်
ရွာဦးစေတီ တည်ရှိခဲ့ရာ
ကုန်းမြင့်မဟာကွဲ့။
အဲ့သည့်စေတီမှာ
အခါကြီးရက်ကြီး
အလှူကြီး အလှူငယ်
ဘယ်ခါမပြတ်
ဒါနဝတ်နဲ့
အမြတ်တရားတွေ
ပွါးများစေခဲ့ကြသကွဲ့။
>> ငါ့မြေးလေးရေ
တောင်ဖက်စွေစွေက
ရေလှိုင်းနားကိုကြည့်
အဲ့သည်နေရာဟာ
ဘာသာအရောင်
သာသနာအရောင်
ထွန်းပြောင်ဝင်းပ
စာချစာသင်မပြတ်
ပဋိပတ် ပဋိယတ်
အမြတ်ထွန်းပ
ပဋိဝေဒပါမကျန်
အမွန်အမြတ်အားထားရာ
ရွာဦးကျောင်းနေရာကွဲ့။
အဲ့သည်မှာလေ
ကြေးစည်သံတဝေဝေ
သံဃာတွေတဝင်းဝင်း
သီတင်းဥပုသ်
အားထုတ်ယောဂီ
ဆွမ်းဝတ်တွေစုံညီညီနဲ့
စည်ဝေထွန်းကား
တရားဓမ္မတေးသံ
တညံညံနဲ့ပေါ့ကွယ်…
>>> ငါ့မြေးလေးရာ
ညာဖက်နားကိုကြည့်
အဲသည့်နေရာပေါ့
နာသုံးနာကို ရင်မှာပိုက်
ရွာ့ရင်သွေးတစ်သိုက်ကို
နှစ်လိုချစ်မြတ်
ပညာတတ်တို့မွေးဖွါး
အင်အားသစ်လောင်း
ခေါင်းလောင်းသံချိုချိုလေးနဲ့
စာသင်ကျောင်းဆိုတဲ့
နေရာလေးပဲကွဲ့။
အဲသည့်ကျောင်းလေးက
ကျောင်းဆရာ/ဆရာဝန်
ပညာရှင်ပညာတတ်
လူမြတ်လူတော်တွေ
မွေးထုတ်ပေးခဲ့လေတယ်ကွဲ့။
>>>ငါ့မြေးလေးရေ
ဘယ်တောင်ခြေအစပ်က
လှိုင်းကြက်ခွပ်လေးတွေ တွေ့ရဲ့လား။
အဲ့သည့်နားမှာ
ပြည့်ဝမ်းစာအတွက်
မြခက်မြဖူး
တလူးလူးဖြာ
ရွာရဲ့ယာတွေ…
နွေဦးပေါက်မှာ
ကောက်နှံစပါး
ရွှေသားတဝင်းဝင်းနဲ့
ရွာ့လယ်ကွင်းတွေ…
ရွာ့ကျေးဇူးရှင်တွေအတွက်
စိမ်းစိမ်းခက်ခက်နဲ့
စားကျက်ကွင်းတွေ…
ရွာအခြေကို
ပတ်ခွေစီးဆင်း
ချစ်ခြင်းသံဖွဲ့
ရွာရဲ့ချောင်းလေးတွေ…
>>>>ငါ့မြေးလေးရေ…
အဲသည့်နေရာ
အဲသည့်နေရာ
အဲ့…သည့်…နေရာတွေ ပေါ့
ငါတို့ရဲ့
ငါ… တို့… ရဲ့
အဖိုးတို့ရဲ့…
အ…ဖိုး…တို့…ရဲ့…။ ။
                                                                   ယောသိင်္ခ
                                                          Photo= Credit to Up loader


၁၅- ၅ - ၂၀၁၆ ရက်နေ့  ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်) လစဉ် တွေဆုံပွဲ ကျင်းပခြင်း အောင်မြင်စွာပြီးစီးခြင်း


ရန်ကုန်မြို့ စွယ်တော်ဘုရားဝင်းအတွင်းရှိ ယောအသင်း ဓမ္မာရုံတွင် နေ့ လည် ၁၂ နာရီ၌ အားလုံးစုဝေးရောက်ရှိကြပြီး ရန်ကုန်ရောက် ယောသား ယောသူများ ရင်းရင်းနှီးနှီး
တွေ့ ဆုံစကားများ ဖလှယ်ကြပါသည်။

တစ်နှစ်အတွင်း အတွေ့ အကြုံများ ဖြစ်သည့်
အဖွဲ့ လုပ်ဆောင်ပြီးမြောက်မှု (၂၀ ) ကျော် ပီတိဖြစ်စရာများ၊ အလှူများ ၊ အချင်းချင်း ဆက်သွယ်ချိတ်ဆက်ပြီး လုပ်သည့် အလုပ်များအပြင် လိုအပ်ချက်များလည်း ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြပါသည်။
အဖွဲ့ အနေနဲ့ ဒီနှစ်ထဲဘဏ္ဍာရေးအတွက်
အဖွဲ့ သားများကဘဏ်အကောင့်ဖွင့်ပြီး ငွေပဒေသာပင်စိုက်ထူဖို့ မ, တည်ငွေများစုပြီး
အဖွဲ့ ရေရှည်တည်တန့် 
ဖို့ လည်းဆုံးဖြတ်ကာစုဖြစ်ခဲ့ကြသလို
အဖွဲ့ fund ငွေရရန် ရန်ပုံငွေရှာဖွေရေးအတွက် ဒေါ်မင်းမင်းစန်း (ရန်ပုံငွေရှာဖွေရေး ဥက္ကဋ္ဌ) ကိုအားဖြည့်ရန်လည်း အဖွဲ့ ဝင်များထဲမှာ ရွေးချယ်ကာ ပူးပေါင်းပါဝင်သွားကြ
ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။
ဒီအပြင် ယောလူငယ်ဗဟိုဥက္ကဋ္ဌ ဦးသိင်္ခ @ ဦးဌေးလှိုင်မှ ပြီးခဲ့တဲ့အပတ်ကသွားခဲ့သည့် ယောဒေသ ခရီးစဉ်အတွင်း
အတွေ့ အကြုံများကိုလည်း အားရဖွယ် ပြန်လည်မျှဝေခဲ့ပါသည်။
ထို့ နောက် ယောစားစရာများစုံလင်စွာနှင့် ပျော်ရွှင်စွာစားသောက်ကြရင်း
အဖွဲ့ သားများစကားလက်ဆုံကြရင်း ညနေ ၄ နာရီမှ လူစုခွဲကာ ဒီလတွေ့ ဆုံမှု အောင်မြင်စွာပြီးစီးခဲ့ပါသည်။
ကျေးဇူးတင်ခြင်း
***********
ယောစာများတကူး တက ချက်ပြုတ်ယူလာကြသည့်
ကိုစန်းအောင်၊ ကိုသိင်္ခ၊ မမင်းမင်းစန်း၊ မခရေ @မခင်လေးနွယ်၊မသီတာအောင်၊မကေသီခိုင်၊ မြတ်နိုးမေမေ ၊မဇာဇာစန်း နှင့်
အဖွဲ့ သစ်များဖိတ်ခေါ်လာသူများအပြင်
တွေ့ ဆုံပွဲတက်ရောက်သူများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင့်။
                                                                                        ယောလူငယ် ပြန်ကြားရေးအဖွဲ့ 

ထီးလင်းမြို့မှာ အိမ်တွင်းလက်မှု သင်တန်းအောင်မြင်စွာ ပြီးစီးခြင်း

ထီးလင်းမြို့မှာ ယနေ့နံနက်က ယောလူငယ်အဖွဲ့၏ ယောနယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ထဲမှ တစ်ခုဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (SME) နှင့် ယောလူငယ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်တဲ့ ဆပ်ပြာရည်နှင့် အိမ်တွင်းလက်မှု သင်တန်းကို မနက် (၇) နာရီတွင်ဖွင့်ပွဲပြုလုပ်ခဲ့ရာ ယောလူငယ်ဥက္ကဋ္ဌ (ထီးလင်း)ဦးချိန်ဝင်းမှ သင်တန်းဖြစ်ပေါ်လာပုံကိုရှင်းလင်းပြောပြခဲ့ပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန လက်တောက်ညွန်ကြားရေးမှူး ဒေါ်ချိုသဲ မှ သင်တန်း၌လိုအပ်ချက် အကြောင်းအရာများကိုရှင်းလင်း ပြခဲ့ပြီးနောက် နေ့လည် (၁၂)နာရီခွဲတွင် သင်တန်းပြီးစီးခဲ့သည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ချိုသဲ ဦးဆောင်သော (SME) အဖွဲ့သင်တန်း ဆရာ/ဆရာမများနှင့် သင်တန်းသား (၁၀၀)ကျော်တို့အား နေ့လည်စာထမင်းကျွေးခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့် အချိန်တွင် ယောလူငယ်အဖွဲ့သားများနှင့် အချို့ကျန်ရှိသောသင်တန်းသားများ ယောနယ်ဖွဲ့ဖြိုးတိုးတက်ရေးအကြောင်းများနှင့်မိတ်ဆက်တွေ့ဆုံစည်းဝေးပွဲပြုလုပ်၍ အားလုံးပြီးစီးခဲ့ပါသည် ။
တကူးတက လာရောက်သင်ပေးကြပါသော SME အဖွဲ့သား ဆရာ/ဆရာမ များအားလည်းကောင်း အကျွေးအမွေးနှင့် အထွေထွေကုန်ကျစားရိတ်များအား ဦးချိန်ဝင်း/ ဦးဌေးလှိုင်@ယောသိင်္ခ/
မနှင်းနှင်းတို့မှ မတည်လှူဒါန်းပြီး ကိုမင်းမောင်( ဆော) မှ ဆန်တစ်အိတ် နှင့်
မစုစုအေး (ကန်ကျေးရွာ )မှ ငွေ ငါးသောင်းကျပ်ပါဝင် လှူဒါန်းကြပါသော အလှူရှင်များအားလည်းကောင်း သင်တန်းဖြစ်မြောက်အောင် အကျိုးဆောင်ပေးခဲ့ကြပါသော ထီးလင်းယောလူငယ် ဥက္ကဋ္ဌဦးချိန်ဝင်းနှင့် အတွင်းရေးမှူး မနှင်းနှင်းတို့ဦးဆောင်သော ထီးလင်းယောလူငယ်အဖွဲ့သားများအားလည်းကောင်း၊ သင်တန်းဖြစ်မြောက်အောင် ခွင့်ပြုလုပ်ပေးကြပါသော ရပ်ကွပ်အုပ်ချုပ်ရေးမှူးနှင့် စာရင်းစစ် / ထွေစစ်အုပ်ချုပ်ရေးမှူးတို့အားလည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြပါသော သင်တန်းသားများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း ………………

                                                                                       ယောလူငယ်အဖွဲ့ ပြန်ကြားရေး

ယောဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်

ယောဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ထဲမှ တစ်ခုဖြစ်သော
SME အဖွဲ့နှင့် ပူးပေါင်း၍ အိမ်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်မည့်
-ခေါင်းလျှော်ရည်
-ပန်းကန်ဆေးဆပ်ပြာရည်
-ရေချိုးဆပ်ပြာခရင်မ်
ပြုလုပ်နည်းသင်တန်း များကို (၁၅ /၅ /၂၀၁၆ )နေ့တွင်
ထီးလင်းမြို့ ၊အမှတ် (၁ )ရပ်ကွက် မှာ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း နည်းပညာပေးအပ်ခြင်း အစီစဉ်ကို ကျင်းပဖို့ စီစဉ်နေကြတဲ့ မြင်ကွင်းပါ။ နံနက် ၈နာရီထိုးမှ နေ့လည်ဖက်ထိ ပို့ချမှာ ဖြစ်ပါတယ်။

                                                                                         ယောလူငယ်အဖွဲ့ ပြန်ကြားရေး

ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်) လစဉ် တွေဆုံပွဲ ကျင်းပခြင်းဖိတ်ကြားလွှာ


15-05-2016 (တနင်္ဂနွေနေ့) နေ့ လည်
(၁၂) နာရီတွင် လစဉ်ကျင်းပမြဲဖြစ်သော ယောလူငယ် ဗဟိုအဖွဲ့ ၏ လပတ်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝင်းအတွင်း
ရှိ ယော ဓမ္မာရုံတွင်
ကျင်းပတွေ့ ဆုံသွားကြမည်ဖြစ်ပါသည်။

ပြီးခဲ့တဲ့ April လတုန်းကလည်း ရုံးပိတ်ရက်တွေ အိမ်ပြန်ကြသူများတော့
မတွေ့ ဖြစ်ကြတဲ့အတွက် ဒီလနဲ့ နှစ်လပေါင်းစာ ပြောစရာ ဆွေးနွေးစရာတွေများနေကြပါပြီ။
ဒီတခါတွေ့ ဆုံပွဲကတော့ ထူးခြားတဲ့ခံစားချက်လေးပါ။ ဘာလို့ ဆို
အဖွဲ့ ဖွဲ့ စည်းတာလည်း တစ်နှစ်ပြည့်ခဲ့ပြီမို့  တစ်နှစ်မြောက်တွေ့ ဆုံပွဲဆိုလည်းမမှားပါဘူး။ တစ်နှစ်မြောက်မှာ အမာခံတွေ တောင့်ခံကြိုးစားခဲ့ကြသလို
အဖွဲ့ ဝင်သစ်တွေလည်း တိုးလာတဲ့အတွက်
အဖွဲ့ ဝင်ကိုယ်စား ဝမ်းသာပီတိဖြစ်မိပါတယ်ရှင့်။
ဆက်လက်၍ နှစ်ပေါင်းများစွာ ယောအကျိုးလက်တစ်ဖက်စီ တတ်စွမ်းသမျှ ယောဒေသတစ်ခုလုံး အချိတ်ဆက်မိမိ
နဲ့ လက်တွဲသွားကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် စိတ်အားတက်ကြွမှု တွေမှေးမှိန်မသွားအောင် အချင်းချင်းနှီးနှောဖလှယ်သည့် ဒီလိုတစ်လတစ်ခါတွေ့ ဆုံပွဲလေးတွေကို မဖြစ်မနေတက်ရောက်ကြ
ဖို့ တိုက်တွန်းပါရစေရှင့်။
တွေ့ ဆုံပွဲလာရောက်သူများကို
ဝက်သားနဲ့ ယောမျှစ်ခြောက်ဟင်း၊ ယော ခံတက်ချဉ်တို့ အပါဝင် ယောစားစရာများနဲ့ လည်း ဧည့်ခံ ကျေးမွေးမည့် အကြောင်း သတင်းကောင်း ပါး လိုက်ပါရစေရှင့်။
                                                                                       ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

အသိပေးကြေငြာခြင်း


ယောလူငယ်အဖွဲ့(Online)ကို
ရန်ကုန်မြို့နှင့် အချို့အဝေးရောက်ယောသူယောသားများ စုပေါင်းအစပြု၍ 10.5.2015 ရက်နေ့မှ အစပြုကာ ယောလူငယ်အဖွဲ့(ဗဟို) ကို ရန်ကုန်မြို့တွင်စတင်ဖွဲ့စည်းခဲ့ကြပါသည်။
စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယောလူငယ်အဖွဲ့(Online)၏ ဗဟို ဥက္ကဌ တာဝန်ကို ဦးဌေးလှိုင်(Thein Kha/ယောသိင်္ခ)မှတာဝန်ယူပြီး ယောဒေသအကျိုးများကိုဆောင်ရွက်ခဲ့ပါသည်။

ယောလူငယ်(Online) သည်စတင်ဖွဲ့စည်းသည့်အချိန်မှစ၍10.5.2016 ရက်နေ့တွင်တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။သို့ဖြစ်ပါ၍ ယောလူငယ်အဖွဲ့သည် ပွင့်လင်းမြင်သာသော အဖွဲ့အစည်းမူဝါဒ
နှင့် ယောလူငယ်အဖွဲ့(Online)၏ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းအရ တစ်နှစ် တစ်ကြိမ် ဗဟို ဥက္ကဌ နေရာ အား ပြန်လည်ရွေးချယ် တာဝန် ပေးအပ်ရန် အတွက် အဖွဲ့အသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် ဗဟို ဥက္ကဋ္ဌတာဝန်နှင့် သင့်တော်မည့် ပုဂ္ဂိုလ်အား Online စနစ်ဖြင့် ဆန္ဒပြုမဲပေးရွေးချယ်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
ထိုသို့မဲပေးရာတွင် ဤ Post ၏ comment နှင့် ယောလူငယ်အဖွဲ့ Page ၏ Message Box (နှစ်မျိုး) တွင် မဲပေးကြပါရန်နှင့် ဆက်သွယ်မှုပိုအားကောင်းလာစေရန် နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် ထည့်ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
ဆန္ဒပြုမဲပေးကာလအား 13-05-2016 မှ 22-05-2016 ထိ
သတ်မှတ်ထားပါသည်။
25-05-2016 နေ့တွင် ဗဟို ဥက္ကဌရာထူးအား
ကြေငြာပေးပါမည်။
                                                                                         အလုပ်အမှုဆောင်အဖွဲ့
                                                                                             ယောလူငယ်

Sunday, May 8, 2016

ယောမှတ်စု( ၅ )

ယောဒေသမြို့ပြဆိုင်ရာ အုပ်ချုပ်ရေးတွင် ………
``တိုက်ကျန် ခုနှစ်ရွာ
လောင်ထောင်တကင်း
ထီးလင်းတမြို့
ရှဲလေးစို့´´
ဟု မှတ်သားထားသော ရှေးပေစာများအရ မြန်မာဘုရင်များ
အုပ်ချုပ်စဉ်က [ယောကျခတ်/ဆော/လောင်းရှည်/ထီးလင်း]မြို့ တို့သည် ယောမြို့ကြီးများဖြစ်သည်။
`` တိုက်ကျန် ခုနှစ်ရွာ´´ ဆိုသည်မှာကျေးရွာများအားအစုအဖွဲ့အလိုက် တိုက်နယ်များ ဖွဲ့စည်းရာတွင် ကျန်နေသောရွာများကို ဆိုလိုသည်။ ယင်းရွာများတွင် ယခု ဂန့်ဂေါမြို့သည် တိုက်ကျန်ခုနှစ် ရွာထဲတွင် အပါအဝင်ဖြစ်သည်။
``လောင်ထောင်တကင်း´´
ဆိုသည်မှာ တောင်တန်းဒေသများမှကျူးကျော်ရန်စမှုများအား ကာကွယ်စောင့်ရှောက်ရန် ကင်းတပ် စွဲထားသော အရပ်ဒေသဖြစ်သည်။
``ရှဲလေးစို့´´
ဟူသည်ကား ရှဲရွာလေးရွာကို ရည်ညွှန်းသည်။
``ရှဲ´´
ဟူသောအဓိပ္ပါယ်မှာ သူရဲကြီး ခေါ် ကိုယ်ရံတော်တပ်စွဲရာ အရပ်ကိုဆိုလိုသည်။
Ref;ယော( ဦးကြာထွန်း)
ရွှေကွန်အုပ်ဘုရားသမိုင်း
                                                                                                       ယောသိင်္ခ      

      

ယောမှတ်စု ( ၄)

*တကောင်းမင်း (၃၃)ဆက်မြောက် ဘိန္နကရာဇာမင်းလွန်သော် တကောင်းလူမျိုးတို့သည် (၃)စုကွဲသွားပြီး တစ်စုသည် ဧရာဝတီမြစ်ကို
စုန်၍ ပျူ ကမ်းယံ သက်တို့၏နေရာ သုနာပရန္တတိုင်းသို့ ရောက်
ကြသည်။
ဤတိုင်းသည် ယောနကတိုင်း ယောပင်ဖြစ်သည်။
*သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ကျောက်ဆည်(၁၁) ခရိုင်ရှိ ရှေးမြန်မာကြီးတို့သည် မင်းဘူး(၆)ခရိုင်သို့ ဝင်လာပြီး
ထိုမှတဆင့် ပျူနှင့် သက်တို့၏ နေရာမူးနှင့် ဧရာဝတီမြစ်တို့၏ မြောက်ပိုင်းကို ဆန်တက်လာကာ တကောင်းသို့ရောက်ရှိ၍
ယောနှင့်ချင်းတွင်း/ရခိုင်သို့ပျံ့နှံ့သွားခဲ့သည်။
*ဒေါက်တာသန်းထွန်းက ၁၉၉၃ ခုနှစ်/နိုဝင်ဘာလထုတ် ကလျာ မဂ္ဂဇင်းမှာ ၁၉၉၃ ခု/သြဂုတ်လ(၁၈)ရက်နေ့ နေ့စွဲဖြင့်
ပျူတပ်မြို့(၉) မြို့ ပျူမျိုးစုနေထိုင်ရာ(၃၂)ဒေသကို အောက်ပါ
အတိုင်း ရေးသားခဲ့ပါသည်။
တရုတ်မှတ်တမ်းမှာ(၃၂)နယ် အမှတ်စဉ်(၁၈)၌ ထိလိလန်း/ထီးလန်း (ထီးလင်း)ဟုဖော်ပြထားသည်။
ယခုစာရင်းဟာ ခရစ်(၈၀၂)ခုနှစ်က တရုတ်မြို့တော်ရောက် ပျူဂီတအဖွဲ့က ရရှိတဲ့ စာရင်းဖြစ်နိုင်ပါသည်။
* ပုဂံရာဇဝင်ကြီးမှာ မြန်မာဟူသည်ကား ပျူသား/ပျူမြေးတည်း မြန်မာဟူသည် ပျူဟုပါရှိသည်။
*ရှေးဟောင်းသုတေသနဋ္ဌါနမှ ဦးမြင့်အောင်က ယောဒေသ
ဟာ ကျောက်ခေတ်ဟောင်းက စပြီး ကြေးခေတ်နဲ့အခြားသမိုင်း
ဝင်ခေတ်များတိုင်အောင် ရှေးဟောင်းလူသားများ အခြေချ နေထိုင်ခဲ့တာ ထင်ရှားပါတယ် ဟုဆိုသည်။


                                                                                                ယောသိင်္ခ

ယောမှတ်စု (၃ )

၁၉၄၃- ခုနှစ် စစ်အတွင်း၌ မြန်မာအစိုးရက အိန္ဒိယ နိုင်ငံ ဆင်းမလားမြို့တွင်ပုံနှိပ်ထုတ်ဝေခဲ့သော ( မြန်မာနိုင်ငံလက်စွဲ) စာအုပ်တွင်……
တိဗက်မြန်မာ မျိုးနွယ်အုပ်စုသည်သုံးစုခွဲ၍ လမ်းကြောင်းသုံး
ကြောင်းဖြင့် တောင်ဘက်သို့ ဆင်းသက်လာခဲ့ရာ ဧရာဝတီမြစ်
ဖျားခံရာဒေသကို ကျော်ဖြတ်ပြီး တစ်စုသည် အနောက်ဖက်
တောင်တန်းများပေါ်သို့ တက်သွားကြသည်။
အများဆုံးအစုဖြစ်သည့် မြန်မာနှင့်ရှေးမြန်မာကြီးများမှာ
တောင်ဖက်သို့ ဆက်လက်ဆင်းသက်လာရင်း လမ်းခရီး တလျှောက်တွင် အချို့အတည်တကျ စွဲမြဲနေထိုင်ခဲ့ကြသည်။
ရခိုင်ရိုးမတောင်တန်းများတွင် နေထိုင်ကြသော ချင်း/ ဒိုင်းနက်/မြို /တောင်သား /ခမီ တို့သည်လည်း တိဗက်မြန်မာ အုပ်စုဝင်များ ဖြစ်ကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ်မင်းတပ်မြို့နယ်ရှိ ရှိဝါ/ဂွန်နန်/ဂျန်ငင် စသော ရွာကြီးများတွင်တောင်သားစကားပြောတတ်သော ရွာကြီးများ ဖြစ်သည်။
Ref; တောင်သားသို့မဟုတ် ရေမြေကိုအောင်နိုင်သူ
စောကြူမောင်( ယောမြေ)
                                                                                                   ယောသိင်္ခ


ယောမှတ်စု( ၂)

ဆောမြို့နယ်ကတောင်သားသမိုင်းကို ပြောရင် သုဝဏ္ဏဘုမ္မိ
သထုံပြည်က စရတယ်ဗျ။သထုံမှာ တိဿဓမ္မသီဟရာဇာမင်း
အုပ်ချုပ်မင်းလုပ်နေတဲ့အချိန် တိဘက်ကုန်းမြင့်ဒေသက လူမျိုး
တစ်မျိုးဆင်းသက်လာတယ်။သူတို့ကို တောင်သူလူမျိုးလို့ ခေါ်
ကြတယ်တဲ့။
* သုဝဏ္ဏဘုမ္မိကနေ အညာကိုဆန်တက်လာပြီး ပုပ္ပါးနယ် တောင်သာ အရပ်မှာ နေခဲ့ကြပြန်တယ်။
*တောင်သာအရပ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကျော်ပြီး ဒီဘက်ရောက်တော့ အုပ်စုနှစ်စုကွဲကာ တစ်စုက မင်းဘူးခရိုင် တစ်စုက ပခုက္ကူခရိုင်အတွင်း ဝင်လာခဲ့ကြပါတယ်။
*မင်းဘူးခရိုင်အတွင်း စလင်းမြို့နယ်ကို ဖြတ်ကျော်ကာ စေတုတ္တရာမြို့နယ်အတွင်း ဒွေးရွာ တပွန်ရွာ မကြီးရွာတို့ကို
တည်ထောင်နေထိုင်ခဲ့ကြပါတယ်။
ပခုက္ကူခရိုင် အတွင်း ဝင်ရောက်လာသူများထဲမှာမှ
*ထီးလင်းမြို့နယ် အောင်းရွာတစ်ဝိုက်မှာ တောင်သားလူမျိုး
များအများအပြား နေထိုင်ခဲ့ကြပါတယ်။အဲဒီ တောင်သားလူမျိုးတွေနဲ့ ချင်းလူမျိုးတွေဟာ မကြာခဏတိုက်ခိုက်ကြပါသတဲ့။
အဲဒါကို အောင်းရွာက ချစ်ကြည်ရေးညှိနှိုင်းဆောင်ရွက်ပေးလို့
ပြန်လည်သင့်မြတ်သွားပါတယ်။ အဲဒါကြောင့် ရွာအမည်ကို အောင်ရွာ ဟုမှည့်ခေါ်ခဲ့ပါတယ်။နောက်မှ ကာလရွေ့လျောကာ
အောင်းရွာ ဖြစ်လာခဲ့ပါတယ်။
*ရှေးယခင်က ကုတ်ခင်ကုန်းရွာ/မုန်တုန်ကုန်းရွာ/စားပါးတိုက်ကုန်းရွာ/ရေရှင်တောရွာ/အောင်းကောက်ရွာ/ ဘုရားချိုရွာ/ဆီးချိုကုန်းရွာ/ကဇွန်းကုန်းရွာ/အောင်းမရွာ ဆိုပြီး အောင်းကိုးရွာ ရှိခဲ့ပါသတဲ့။

Ref;တောင်သား သို့မဟုတ် ရေမြေကိုအောင်နိုင်သူ
စောကြူမောင် (ယောမြေ)
                                                                                           ယောသိင်္ခ

ယောမှတ်စု (၁)

တောင်သားလူမျိုးတို့သည် ပုပ္ပါးတောင်မှ ရွှေ့ပြောင်းလာသော
ခရီးစဉ်မှတ်တမ်းပုံပြင်များကို ကြခတ်မြို့ မှတ်တမ်းများနှင့် ညှိနှိုင်း ယူဆချက်။ ။
ရှေးက ကြခတ်မြို့နယ် ယခုအခါ ပေါက်မြို့ ဆပ္ပဒီဝီဇံနယ်အ
တွင်း၌ ပထမရှေးဦးစွာ မြို့ရွာတည်ထောင်နေထိုင်ကြသူတို့
ကား အရပ်ပြောစကားစဉ်အမှတ်အသားအရ ပုဂံပြည်မှ ထွက်ပြေး တိမ်းရှောင်ရောက်လာကြသော ညီနောင်သုံးဦးတို့
ဖြစ်သည်။
အကိုအကြီးဆုံးသည် နိမ့်ဝှမ်းသော အရပ်ဒေသများကို နယ်ပယ်သတ်မှတ်သိမ်းယူပြီးလျှင် လယ်ကြီးလေးတွင်းခေါ် လယ်လန်း/လယ်အိုး/လယ်ဇော/အလယ် အမည်ရှိ ရွာလေးရွာကိုပြုစုတည်ထောင်လေ၏
ညီအလတ်ကား သစ်ပင်ဝါးပင်ထူထပ်သော ရပ်ကွက်များကို
လက်ရအပိုင် သိမ်းပိုက်ပြီးနောက် သစ်ပင်၏အမည်များကို အစွဲ
ပြု၍ သစ်ကြီးကိုးပင်ဟု မှည့်ခေါ်သော ပေါက်/ယုမ/ပျဉ်းချောင်း
ညောင်ဝင်း/ကျွန်းရင်း/ရှားလှ/လက်ပန်( ယခုအခေါ် လက်ပန်း)
သရက်ကျင်း(သရက်ချဉ်)/ပိန္နဲ ဟူသော ရွာကိုးရွာကို တည်
ထောင်နေထိုင်လေ၏
ညီအငယ်ဆုံးမှာမူ ပေါင်းမြက်သစ်ဝါး မပေါက်ရောက်သော ခင်ရှည် ကုန်းတန်းများကို ရရှိ၍ ကျောက်ကာ/ကျောက်မဆင်/ ကျောက်လွတ်/ကျောက်တဲး/ကျောက်ထရံ/ကျောက်စစ်/ကျောက်ကံ/
ကျောက်လိပ်/ကျောက်အိုး/ကျောက်ခွက်မည်သောကျောက်ကြီး ကိုးလုံးခေါ်ရွာကိုးရွာကို တည်ထောင်ပြုစုနေထိုင်လေ၏
၎င်းရွာများအနက် ယခုလူနေအိမ်ခြေနှင့်အမည် အထင်အရှား
ရှိသော ကျေးရွာပေါင်းများစွာ ရှိနေပေသေး၏
၁၉၁၀-၁၁ ခုနှစ် ကကောက်ယူခဲ့သောစာရင်းအရ
တောင်သားစကားပြောဆိုသူပေါင်း( ၉၇၁၃) ယောက်ရှိသည်။
( သတ်ပုံ မူရင်းအတိုင်း)
                                                                                            ယောသိင်္ခ 



Sunday, May 1, 2016

ယောဒေသမှ အလွဲများ .. ၆


ဟိုးအရင် မကြာသေးတဲ့ ခေတ်မှာ ယောဒေသမှာ ခုံဖိနပ် စီးကြတာများပါတယ်။ မပြတ်လွယ်သလို ဈေးနှုန်းသက်သာတော့ အစီးများကြတယ်။ ခုံဖိနပ်ဆိုတာ ဒီဘက်မြို့ ပေါ်နေ ကလေးတွေသိကြမယ်မထင်ဘူး။ သစ်သားအမာ
နဲ့ လုပ်ထားတာဆိုတော့ လေးတဲ့ အပြင် သက်တောင့်သက်သာမရှိလှပါဘူး။ သွားရင်းလာရင်း တစ်ယောက်နဲ့ တစ်ယောက် တက်နင်းမိလို့ ကတော့ ခြေထောက်ဒဏ်ရာရတဲ့အထိ နာကျင်ရတယ်။
အဲဒီ့ချိန်ခါ တုန်းက ယောနယ်ရဲ့ 
အနောက်ဂန့် ဂေါစွယ်တော်ရှင်ဘုရား
ပွဲမှာ ဘုရားဆွမ်းလောင်းအပြင် ညဘက်ဇာတ်ပွဲပါ ပါလို့ စည်ကားနေပါတယ်။ ညဈေးတန်းလျှောက်သူတွေ ၊ညဘက်ပွဲကြည့်သူတွေ လူများလိုက်သမှ တိုးကြိတ်နေကြတယ်။ ညဘက် ဆိုတော့မှောင်ပြပြ မီးရောင်အောက်မှာ ခုံဖိနပ်စီး ပွဲလာကြည့်သူတွေ အတော်သတိထားနေရတယ်။
အနောက်ဂန့် ဂေါမှာ ရိုးလွန်းတာရော နည်းနည်းထုံထိုင်းနေသူ ယောသားလေးတစ်ယောက်လည်း ပွဲလာကြည့်နေတယ်။ လူများလွန်းလို့  မတ်တပ်ရပ်ကြည့်နေချိန် အရှေ့ ကပွဲကြည့်နေ
တဲ့ လူက သူစီးလာတဲ့ ခုံဖိနပ်ကြီး သူ့ weight ကြီးနဲ့  ဒီယောသားလေးကို တက်နင်းမိနေတယ်။ ပွဲအာရုံစိုက်နေတော့ ခုံဖိနပ်စီးလာသူက သတိမထားမိဘူးပေါ့။ ပုံမှန် လူသာဆိုရင် အသားကုန်အော်ပြီး ခြေထောက်တက်နင်းမိနေပြီလို့ အော်မှာ။ ဒီယောသားလေးက နာတာတော့ အတော်နာနေပြီ ဆိုပေမယ့် အသံထွက်လာတော့ 
ကိုယ်ပဲကြားရတဲ့ အသံသေးသေးလေးနဲ့ 
"အနော်ကွား "
ယောဘက်မှာကတစ်ခုခု နာကျင်တာခံစားရင် အလော့ကွား၊ အနော်ကွား ၊အနော်နော်
လို့ ငြီးတွားလေ့ရှိပါတယ်။
အရမ်းနာရင်တော့ အသံကုန်အော်တာပေါ့လေ။ ဒီယောသားလေးက တအားနာနေပေမယ့် မအော်ရဲတာလား အားနာတာလား မသိပါ။ ထွက်လာတဲ့ အသံက နာကျင်မှုကို ခံစားနေရတယ်ဆိုတာ သူသိရုံ အော်နေတာ။ ဒါပေမယ့် အဆက်မပြတ်အော်နေတာ။
"အနော်ကွား "
"အနော်ကွား "
"အနော်ကွား "
ရှေ့ ကလူက နောက်ကဒီလူ ဘာကိစ္စ
"အနော်ကွား " ကိုအဆက်မပြတ်အော်နေလဲပေါ့လေ ။ ဒါနဲ့ 
နင်းနေသူက အနောက်ဘက်လှည့်ပြီး
" ဘာဖြစ်လို့ လဲ " မေးလည်း
"အနော်ကွား " လို့ ပဲ အော်နေတယ်။
ဒါနဲ့ 
" ဘာဖြစ်လို့ လဲ မေးနေတယ်လေ "
ဆိုကာမှ
" ကျနော့် ခြေထောက်ကို ခုံဖိနပ်ကြီး န တက်နင်းထားတာ တော်တော်ကြာပီ တအားနာနေပြီဗျ
အနော်ကွား "
ဟုဆိုမှ အရှေ့ ကလူ ကနင်းထားတာဖယ်မိတော့တယ်။
                                                                           သဲနုဇာ (ဒို့ ယောမြေ)

ယောဒေသမှ အလွဲများ .... ၅


ယောနယ်ဘက်မှာရှိတဲ့ သူတွေအတော်များများ ကိုယ့်ဒေသတွင်းမှာပဲ ကိုယ့်ယာခင်း
ကိုယ်အိမ်လုပ် ဒါတွေနဲ့ ပဲ
တနေ့ တနေ့ အချိန်ကုန်ကြရတာများပါတယ်။ ရုံးဝန်ထမ်းတွေလည်းထို့ နည်းတူပါပဲ။ အိမ်နှင့် ရုံး ၊ ရုံးနှင့်အိမ် ဒီလိုပဲအချိန်ကုန်ကြတာများပါတယ်။
မြို့ ကသူတွေလို တစ်နှစ်တစ်ခါ အပျော်ခရီးထွက်သူများလည်း ရှားပါးလှတဲ့ လူနည်းစုသာ ။
ယောဒေသအတွင်းရှိ အနောက်
ဂန့် ဂေါမှ အသက်ကြီးအုပ်စု တစ်စုရန်ကုန် ရွှေတိဂုံဘုရားဖူးထွက်ကြဖို့ လုပ်ကြပါတယ်။ ဝေးလှတဲ့ခရီးမို့  လူကြီးတွေဆိုတော့ ခရီးပန်းလှပါတယ်။ ရန်ကုန်မှာရောက်နေတဲ့ တူတော်မောင် ကလည်းရှိနေတော့ နေရေးတော့ပူစရာမလို။ ဒါပေသိ တူတော်မောင်က အလုပ်တစ်ဖက်နဲ့ ဆိုတော့ ရန်ကုန်ရောက်နေတာ သုံးရက်ရှိနေပြီ ဘယ်မှ မရောက်သေး။ ပိတ်ရက်တော့ ရွှေတိဂုံလိုက်
ပို့ မည်ပြောထားသည်။ ပိတ်ရက်ရောက်
ဖို့ ၃-ရက်လောက်လိုနေသေးတော့ အပြင်သွားချင်ကြတာ ဖင်တကြွကြွ ။ ယောမှာက နေရတာ ကိုယ်ခြံကိုယ့်ဝင်း ကျယ်ကျယ် ဝန်းဝန်းနေလာခဲ့တော့ ရန်ကုန်က တိုက်ခန်းလေးတွေနေရတာ အသက်ရှုကြပ်နေကြပြီ။
ဆိုတော့ တူတော်မောင်
နဲ့ အတူနေကောင်လေးတစ်ယောက်အလုပ်က ဆူးလေဘက်မှာဆိုတော့ မနက်ရုံးသွားရင်း လိုက်သွား။ ဆူးလေဘုရားလည်းဖူးရင်း ၄၂ လမ်းက အစ်မဝမ်းကွဲဆီလည်း လည်ရင်း လိုက်သွားကြမယ်ပေါ့လေ။ ကောင်လေးကလည်း လမ်းကြုံတာပဲ လိုက်ခဲ့ပေါ့။
မနက်မိုးမလင်းသေးဘူး ထ ၊ ပြင်ဆင်ကြ။ ရန်ကုန်မြို့ တွင်းကိုလည်ပတ်ရမှာဆိုတော့။ တူတော်မောင်တို့ ငှားထားတဲ့တိုက်ခန်းလေးက လှည်းတန်းဘက် လူတွေကလည်းအများသား ၊ ကားတွေကလည်းခပ်ရှုပ်ရှုပ် ။
" ဆူးလေ ဆူးလေ "
ဆိုတဲ့ကားပေါ် အပြေးတပိုင်းတက် ရုံးသွားချိန်ဆိုတော့ ကြပ်ပိတ်သိပ်နေတဲ့လူတွေ အလားလား အခန်းထဲအသက်ရှု ကြပ်
လို့ အပြင်ထွက်လာပါတယ်။ ကားပေါ်မှာ အသက်ရှု ရပ်တော့မယ်။ လူတွေကကြပ်ပါတယ်ဆိုမှ ယောကအပင်ပန်းခံသယ်လာတဲ့ ဒေသထွက် ပဲ၊ ဆီ၊ ယောဒေသ စားစရာတွေထည့်ထားတဲ့ ဆွဲခြင်းတောင်းက ထားစရာ နေရာမရှိ။ ကားစပယ်ယာ ရဲ့ အပြောကလည်းခံရသေးတယ်။
"အဒေါ်ကြီး ဟိုဘက်လက်တန်းကိုင်လေ လူတွေကြပ်နေပါတယ်ဆိုမှ ဒီခြင်းတောင်းက တမှောင့် အာာာ ဒီဘက်ကပ်လေ ဒီဘက်ကပ် ။ ဟို ဘကြီး ဒီဘက်လာ အပေါက်ပိတ်မနေနဲ့  ဆူးလေက ဂိတ်ဆုံးပဲ အနောက်ဘက်လာ လာ လာ ဒီဘက်။ "
အင်း ရွာမှာဆိုလို့ ကတော့ ငါတို့ ဘကြီး သြဇာညောင်း လိုက်သမှ ခုကားပေါ်ရောက်ခါမှ ကားစပယ်ယာ အော်သမျှ ငြိမ်ခံရင်း သူခိုင်းသမျှ ဒီလာဟိုသွား လုပ်နေရပြီ။
ရောက်ပါပြီ ဆူးလေ ကားဂိတ်။ ဆူးလေဘုရားသွားဖူးမို့ လမ်းကူဖို့ ပြင်တုန်း အိမ်က ကောင်လေးက
"ဒေါ်ကြီး တို့ ဘကြီးတို့  ကျနော် အလုပ်က နောက်ကျနေပြီဗျ ဆူးလေက အပြန်မှ ဝင်ဖူးတော့ ၄၂ လမ်းကို ဝင်ပို့ ပေးခဲ့မယ်။ မြန်မြန်လေး တော့ ကျနော့် နောက်လိုက်ကြဗျ။ "
" သြော် အေးအေး မောင်သား ရှေ့ ကသွား ဒေါ်ကြီးတို့ နောက်က အမြန်လိုက်ခဲ့မယ်။ "
အုပ်စုက ၇ယောက်လောက်ရှိမယ်။ ၄၂ လမ်းကအစ်မအိမ်အတွက် လက်ဆောင်စားစရာခြင်းတောင်းက တဖက် လမ်းမပေါ်က ဆူးလေဘုရားကြီးမြင်နေရတာတာတောင် လက်အုပ်ချီ မဖူးရရင် စိတ်မကောင်းဘူး။ ဆိုတော့ ဒီဖက်ကားလမ်းကပဲ ခြင်းတောင်းကိုအသာချ လက်အုပ်လေးချီ မတ်တပ်ပဲ အာရုံပြု ကန်တော့လိုက်ကြမယ်ဆိုပြီး တစ်မိနစ်လောက် ဖူးလိုက်ကြတယ်။ မျက်လုံးလည်းဖွင့်ရော
ရှေ့ ကလမ်းပြကောင်လေးက ခပ်လှမ်းလှမ်းရောက်နေပြီ ။ ဟိုက် မဖြစ်ချေဘူး အမြန်လိုက်ကြဟေ့ မျက်ခြေ ပြတ်လို့ မဖြစ်ဘူး။
နို့ မဟုတ်ရင်ငါတို့ ရွာလည်ကုန်မယ်။
ဘကြီးက " ဟဲ့ဘယ်နှယ် ရွာလည်ရမတုန်း
ခုမြို့ ရောက်နေတာ လည်ရင် မြို့ လည်
လို့ ပြောရမယ်။"
" ကဲကဲ ရွာလည်လည်းမကောင်း
မြို့ လည်လည်းမကောင်းဘူး ဒီမောင်သားနောက် အမြန်လိုက် မျက်ခြေမပြတ်စေန"
ဆွဲခြင်းတောင်းတွေကတဖက် ကားတွေက ရှောင်ရသေး လူတွေကလည်းများ ဒီမောင်သားနောက်ကို ပြေးလိုက်ရတာမောတာထက် မျက်ခြေပြတ်ပျောက်သွားမှာစိုးရိမ်ရတာပိုဆိုး။
ဘကြီးပြောပုံက
"ဖယ့် နှယ်ကွယ် ငါတို့ မှာ အသက်ကြီးခါမှ
မြို့ တက်အေးအေးလူလူ ဘုရားဖူးဖို့ လာပါတယ်။ လှည်းတန်းအိမ်က စထွက်ကတည်းက
ငါတို့  နွားများကို နောက်က ကြိမ်နဲ့ တို့ သလို ပြေးလိုက်ရတာ ၄၂ လမ်းအိမ်ရောက်ရော အမော ပါဖောက်ပါရောလား ကွယ် "
ကွယ်လွန်သွားပြီဖြစ်တဲ့ အဒေါ် " မိဆွေ "
နဲ့ အဖိုးလေး ဦးစန်းဖေအား သတိတရနှင့် ပြန်လည်မျှဝေပါသည်။
                                                                                               သဲနုဇာ (ဒို့ ယောမြေ)

ယောဒေသမှ အလွဲများ ....၎


ငယ်ငယ်ကတည်းက အစွဲ တို့ စကားတို့ ဆိုတာ ဖျောက်ရခက်တတ်ကြပါတယ်။
ယောဘက်မှ အစ်မတစ်ယောက် စိုးမြတ်သူဇာကို ခုချိန်ထိ အခေါ် မှားနေတုန်းပါ ။ ငယ်ငယ်ကတည်းက သူကိုဘယ်သူက သင်ပေးပေး စိုးမြတ်သူဇာကို စိုးမြတ်သာစူ လို့ 
ပဲခုချိန်ထိ ပြောတုန်း ။
တစ်ယောက် ယောက်က ရှေ့ က တစ်လုံးချင်း ခေါ်ပေးရင်တောင် ခုထိ မရဘူး။

တစ်ယောက် ကတိုင်ပင်ခေါ်ပေးတယ် ။
" ကဲ လိုက်ဆိုကွာ "
" စိုး "
အဲအစ်မ က လိုက်ဆိုတယ်
" စိုး "
" မြတ် "
" မြတ် "
" သူ "
" သူ "
"ဇာ "
"ဇာ "
"စိုးမြတ်သူဇာ "
"စိုးမြတ် သာစူ "
ဘယ်လိုမှ ပြောင်းခေါ်ခိုင်းလို့ မရဘူး ။စိုးမြတ်သူဇာရဲ့  ဇာတ်ကား တစ်ခုအကြောင်း ပြောပြရင် သူ အခေါ်မှားနေတာနဲ့ တင် ရယ်နေရတာ ။
ဖေဖေ သူငယ်ချင်းတစ်ယောက်ကလည်း ဘယ်သူသင်ပေးပေး ငြင်းတာ သူပြောတာပဲ အမှန် ဆိုပဲ ။
ဖေဖေတို့ တပ်ထဲမှာတုန်းက သူငယ်ချင်း လေးငါးယောက်နဲ့ အဲ့ တစ်ယောက်ထဲ ငြင်းတာ။
အားလုံးက ငပိဆီကြော်ဆိုတာကို သူက ငဆိပီကြော် ဆိုပဲ ။
ဖေဖေ က မင်းစဉ်းစားကြည့်လေ ကွာ
ငပိ ကို ဆီနဲ့ ကြော်ထားတာ ဆိုတော့ အခေါ်အဝေါ် က ငပိဆီကြော်ပဲ အမှန်ပေါ့ကွ ဆိုလည်းမရ
သူခေါ်တာအမှန် " ငဆိပီကြော်" ဆိုပဲ ။။။
ပြောပြောပြီးရယ်နေရတယ် ။
                                                                                   သဲနုဇာ (ဒို့ ယောမြေ)
Photo credit

ကောင်းလိုက်တဲ့ အမြည်း

ဟူး……
ကိုအောင်စန်း တစ်ယောက် ဝင်လုဆဲနေရောင်အောက်က မနယ်ရသေးသော တလင်းပြန့်ကိုကြည့်ကာ သက်ပြင်းပူပူမှုတ်ထုတ်နေမိသည်။
သူ့မှာ ကိုယ်ခွဲမရှိ ။ ရှိသည့်သားတစ်ယောက်ကလည်း ကျောင်း
နေအရွယ်မို့ ကူဖော်မရ။သူငယ်ချင်းတွေကို အကူအညီတောင်းဖို့
ကလည်း အားလုံး စပါးတလင်းနယ်ချိန်ဖြစ်နေပြန်တော့ ကိုယ်စီ
အလုပ်ရှုပ်နေချိန်။
စပါးတလင်းနယ်ဖို့ကအနည်းဆုံးနှစ်ယောက် သုံးယောက်ပါမှ။
တစ်ဦးက ကျွဲဖြင့်တလင်းနယ် ကျန်နှစ်ဦးက ကောက်ဆွပေးမှအဆင်ပြေသည်။ ခုတော့ သူတစ်ယောက်တည်း။
မတတ်နိုင်ဘူးလေ…
ညလ ထွက်ခါမှ ရသလောက်နယ်ရမှာပါ့…
ကိုအောင်စန်းတစ်ယောက်တည်းတွေးရင်း ညနေကချထား သည့် ထန်းတမြူ( လေးပုလင်း)ကိုကျွဲချည်တိုင်ဘေးနားချကာ တစ်ခွက်ပြီး တစ်ခွက်မော့ရင်း လအထွက်ကိုစောင့်နေရာ ထန်းရေလည်းကုန်လုချိန် ညဥ့်ကလည်း တဖြေးဖြေးနက်လာသည်။
ထိုစဉ်
ဝေး …ကိုအောင်စန်း
အော်ကြီးဟစ်ကျယ်အသံနှင့် ထန်းရေအိုးကိုယ်စီလက်မှဆွဲကာ လူနှစ်ဦး ရောက်လာသည်။ တရွာတည်းသား သူငယ်ချင်း သန့်မင်း နှင့် ယော်ဖတော်
ကျော်ဖိုး။
မင်းတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လာပေါင်(ကူ)တာဟ
လထွက်မှတလင်းနယ်ကျတာပါ့…
ခုတော့ နည်းနည်းချကျရအောင်…
ဟု ရေချိန်မှန်နေသည့် အသံနှင့်ဆိုကာ သူထိုင်နေသည့် ကျွဲချည်တိုင်ဘေးမှာ သုံးဦးသားဝိုင်းထိုင်လိုက်ကြသည်။
သန့်မင်းက ငှက်ပျောဖက်နှင့် ထုတ်ထားသော နှမ်းဖတ်ချဉ် လက်တစ်ဆစ်ခန့်ကိုခါးပုံစာမှထုတ်ဖြေပြီး မှောင်နဲ့မည်းမည်းဝိုင်းအလယ် ကုန်းမို့မို့လေး ပေါ်တင်ကာထန်းရည်လေးမော့လိုက် နှမ်းဖတ်ချဉ်ကို လက်ညှိုးလေးကော်မြည်းလိုက်နှင့် လထွက်ချိန် ကိုမျှော်စောင့်နေကြသည်။
လထွက်ချိန်မှာတော့ တစ်ယောက်တစ်လှည့် တလင်း မောင်းလိုက် ထန်းရေလေး မော့လိုက်နှင့် ညည့်နက်ချိန်တွင် တလင်းလည်းနယ်အပြီး မူးလည်းမူးမူး
နှင့် သုံးဦးသားကောက်ရိုးပုံကြား ထိုးအိပ်လိုက်ကြတော့သည်။
ညကအရှိန်ကြောင့် နေမြှင့်မှ အိပ်ယာနိုးကာ ညကသောက်
ထားသည့် ခွက်များ ထန်းရည်အိုးများ သိမ်းရန်နှင့် ကျွဲများလွှတ်
ရန် အိပ်ချင်မူးတူးဖြင့် ထရတော့သည်။
ပြန့်ကျဲနေသော ထန်းရေအိုးများကို သိမ်းနေရာမှ ငှက်ပျော
ဖက်နှင့် ထည့်ထားသော နှမ်းဖတ်ချဉ်အမြည်းထုတ်ဆီ ကြည့်မိရာ…


ဟာ…!

ဟင်…!
! ! !
ညကမူးမူးနှင့် နှမ်းဖတ်ချဉ်တင်ထားသည့် ကုန်းမို့မို့မှာ နေပူရှိန်ကြောင့် အပေါ်ကြောတင်းနေသည့်ကျွဲချေးပုံကြီး။
နှမ်းဖတ်ချဉ်ထည့်သည့် ငှက်ပျောဖက်က ပေါက်ထွက်ကာ
ကျွဲချေးပုံမှာ လက်ညှိုးဖြင့် ကော်ရာများစွာနှင့်……
လား …လား…

ဒါဆို…
ညကမူးမူးနှင့် နှမ်းဖတ်ချဉ်ထင်ပြီး
ငါတို့မြည်းခဲ့တာဟာ
ငါတို့
မြည်း……
ခဲ့…
တာ…
ဟာ…
… …
အမှန်တကယ် အဖြစ်အပျက်ဖြစ်ပါသည်။
(မှတ်ချက်။။ ဤဇာတ်လမ်းတွင်ပါသော လူအမည်များအား
ရှေ့နောက်ပြောင်း မဖတ်ရ)
                                                                                   ချစ်ခင်စွာဖြင့်
                                                                                   ယောသိင်္ခ