Menu

Monday, November 7, 2016

ဆောင်းကြိုည

ည ရှစ်နာရီခန့်…
ဆောင်းယောင်ပြ နှင်းစက်ဖွဲဖွဲအချို့နှင့် ကောင်းကင်မှာ လလေးတစ်ခြမ်း ကြယ်ပန်းအချို့က လောကတခွင်ကို ငြိမ်းအေးနိမိတ် ဆောင်သည့်နှယ်။
မြို့ပြမှာ ကံပစ်ချရာနေရသော်လည်း ယောသားမို့ သည်လို ဆောင်းကြိုချိန်ဆို ယောမြေ၏ဆောင်းရနံ့ကို တကူးတကနဲ့ တခုတ်တရ ရှာဖွေကာ လွမ်းနေမိတတ်သည်လေ။
ကံကောင်းသည်ဆိုရမလားမသိ……
ကျနော့်လုပ်ငန်းခွင်က မြို့ပြအစွန်အဖျားမှာဆိုတော့ တောရနံ့/ယောရနံ့
လေးတွေ အတန်အသင့်ရနေသေးသည်။လယ်ကွင်းအချို့/ရံဖန်
ရံခါတွေ့ရတတ်သည့် ကျွဲနွားများ/ဆိတ်ဖလူးပင်/ဆပ်သွားဖူးပင်
ကျောက်ဖရုံပင်/ချိုးကူသံသဲ့သဲ့/အလေ့ကျတောပန်းလေးများ
က ယောအလွမ်းကို အတန်အသင့် သက်သာခွင့်ပေးနေသည်။
ကံအကောင်းဆုံးကတော့ ညနေရီရီမှာ လုပ်ငန်းခွင်ရှေ့က ကားပါကင်ကျယ်ကျယ်ကြီးတွင် ထိုင်ခုံတစ်လုံးချကာ တစ်ဦးတည်း အတွေးပင်လယ်ကြော မြောခွင့်ရခြင်းပင်။
ဒီနေရာလေးမှာထိုင်ရင်း မြို့ပြက အိမ်ကိုပြန်ချင်စိတ်ပင် ကင်းမဲ့ သွားသည့်စိတ်အတွေးကအကြိမ်ကြိမ် ဖြစ်ပေါ်မိသည်။
လေနုအေးအေးနဲ့ ကြယ်လေးတွေကို ငေးမောရင်း အတွေးစ
ကို အဆုံးအစမဲ့ လွှင့်နေရသည်က ဘဝအရသာဟု ဆိုရမည်လားလေ။
ယမန်နှစ်က မြို့ပြတိုက်တာတွေကြားမှာ မွေးဖွါးကြီးပြင်းသည့် သူငယ်တန်းအရွယ်ကလေးငယ်လေးတစ်ဦး ယောမြေကို အလည် ရောက်လာတော့ ယောနယ်က ကောင်းကင်ကျယ်ကျယ်ကြီးကို ကြည့်ရင်း တွေးတွေးဆဆဆ ပြောဖူးတဲ့စကားလေး သတိရမိသည်။

{ ယောက လူတွေက ချမ်းသာတယ်နော်}တဲ့
[ဘာလို့လဲ ခလေးရဲ့ ]ဆိုတော့……
(ကောင်းကင်ကျယ်ကျယ်ကြီးနဲ့ ကြယ်တွေအများကြီး ပိုင်တယ်လေ …)တဲ့ ။
သြော်……
တိုက်တာနှစ်ခုကြားက ကောင်းကင်မြင်ကွင်းကျဉ်းကျဉ်းလေးကိုသာ မသထာရေစာ ကြည့်ခွင့်ရရှာတဲ့ မြို့ပြဖွါး ကလေးတစ်ယောက်ရဲ့ အတွေးရယ်လေ။
အင်း……
သည်ကလေးရဲ့ အတွေးအတိုင်းသာဆို ကျနော်လည်း နည်းနည်းလောက်
တော့ ချမ်းသာသည်ထင်ပါရဲ့လေနော။ ။
                                                                   ယောသိင်္ခ

ရိုးရာ ယက်ကန်းပညာ ပြန့်ပွားရေးနှင့် လူမှု ပရဟိတဆိုင်ရာ အထွေထွေ ဗဟုသုတများ ဖြန့်ဝေပို့ချခြင်း

2, 11 ,2016 (လက်ပန်း)
မကွေးတိုင်း ဆောမြို့နယ် လက်ပန်းကျေးရွာမှာ ရိုးရာ ရက်ကန်းပညာ ပြန့်ပွားရေးနှင့် လူမှူ့ပရဟိတဆိုင်ရာ အထွေထွေ ဗဟုသုတများ ဖြန့်ဝေပို့ချခြင်းများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယောလူငယ်အဖွဲ့ရဲ့ ရည်မှန်းချက်များထဲမှ အစီအစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ရာမှာ စကားပြောခွင့်ရအောင် ကူညီပံ့ပ်ုးပေးခဲ့ကြတဲ့ လက်ပန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦစောထွေးမောင်နှင့် ကိုဝဏ္ဏစိုး(ကိုရင် ဒိပ္ပ ) /ကိုမေဂ တို့ကို ယောလူငယ်အဖွဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
အခမ်းအနားမှာ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ကြူစီမြင့်မှ မြွေဆိပ်ဖြေဆေးနဲ့ မြွေအန္တရာယ် အကြောင်း/ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးမောင်ကျော်မှ တန်ဆောင်တိုင် မီးထွန်းပွဲ ပြုလုပ်မည့်အကြောင်း စသည်များကို တင်ပြ ဆွေးနွေးခဲ့ကြပါသေးတယ်။
                                                                                      ယောလူငယ် ပြန်ကြားရေး

#ဒေသစုံယောလူငယ်ညီလာခံ (အကြို )တွေ့ဆုံပွဲ ကျင်းပပြီးစီး#

(29/10/2016) ပခုက္ကူမြို့

ယောဒေသမှယောလူငယ်များညီလာခံ(အကြို) ဆွေးနွေးပွဲကို ပခုက္ကူမြို့တွင် ဆင်ယင်ကျင်းပသည့် ကိုဝဏ္ဏစိုးနှင့်မခင်မာကျော် တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်အပြီးမှာ တစ်​ဆက်တည်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ယောလူငယ်များတွေ့ ဆုံပွဲတွင် ယောလူငယ်ရန်ကုန်(ဗဟို)မှ အတွင်းရေးမှူး-၂ ကိုမြင့်ထွန်းမှ အစီအစဉ်များကိုဖတ်ကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့ ပါတယ်။
ဆွေးနွေးတိုင်ပင်ခဲ့ ကြသည့် အကြောင်းရာများမှာ….
(၁) ဗဟိုအဖွဲ့ (အတွင်းရေးမှူး-၂) ကိုမြင့်ထွန်းမှ ယောလူငယ်(Online) ၏ အသင်းရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်း မူဝါဒရေးရာများ ၊ယောလူငယ် အဖွဲ့ များစုပေါင်းအားဖြင့် ယောနယ်ဒေသအတွက်လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို အကျဉ်းချုပ်ပြောကြားခဲ့ပါတယ်။
(၂) မန်းယောလူငယ်အဖွဲ့ (ဥက္ကဌ ) ဦးဘိုဝ မှ ယောလူငယ်အဖွဲ့ အနေဖြင့်ကောင်းသောလုပ်ဆောင်ချက်များစွာလုပ်ဆောင်နိုင်ခဲ့သဖြင့် ဂုဏ်ယူမိကြောင်း၊ ယောနယ်နှင့် တဆက်စပ်တည်းလိုဖြစ်နေသော မန်းမြေတွင် ယောနယ်မှဆေးရုံ ဆေးခန်းလာပြကြသည့် လူနာများအား အတတ်နိုင်ဆုံး အကူအညီများပေးရာတွင် မန်းအဖွဲ့ အနေဖြင့် ရန်ပုံငွေအခက်အခဲများရှိကြောင်း၊ လစဉ်တွေ့ ဆုံပွဲများတွင် ဆေးဘက်ဝန်ထမ်းများ အများစုပါဝင်သောကြောင့် အဖွဲ့ ဝင်များ စုံစုံညီညီတက်ရောက်နိုင်ရန် မလွယ်ကူခြင်းများပြောကြားခဲ့ ပါတယ်ရှင့်။
(၃) ကျောက်ထုယောလူငယ်အဖွဲ့  ကိုရင်ပွကြီးမှ ဒေသခံများအနေဖြင့် ယောနယ်ကောင်းကျိုးအတွက် လုပ်ဆောင်ချက်များ လုပ်ဆောင် အကောင်အထည်ဖော်ရာတွင် အခက်အခဲမရှိစေရန် ယောလူငယ်အဖွဲ့ အနေဖြင့် ပုံမှန်လုပ်ဆောင်ချက်များ ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်ပေးနိုင်လျှင် ပိုမိုထိရောက်ကောင်းမွန်ကြောင်း တင်ပြဆွေးနွေးသွားပါတယ်။
(၄) ယောလူယ်အဖွဲ့ (ထီးလင်း) ကိုမင်းနိုင်ဦး မှ ယောနယ်ဒေသ ဖွံ့ ဖြိုးတိုးတက်စေလိုသောရည်ရွယ်ချက်ဖြင့် မိမိရပ်ရွာ မြို့ နယ်များ မှအစပြုပြီး မိမိတို့ ယောနယ်ဒေသတစ်ခုလုံးအတွက် အခြားသောပရဟိတအဖွဲ့ များနှင့် ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်သွားကြရန်နှင့် ယောနယ်တစ်ခွင်တွင် အသိပညာ ဗဟုသုတဖွံ့ ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းလုပ်ဆောင်သွားကြဖို့  ဆွေးနွေးသွားပါတယ်။
(၄) ယောလူငယ်အဖွဲ့ (ထီးလင်း)ကိုထွန်းမင်းမှ ဒေသခံများအနေဖြင့် အဖွဲ့ နာမည်ကွဲပြား သော်လည်းယောနယ်ဒေသ ဖွံ့ ဖြိုးတိုးတက်စေရန် ယောလူငယ်များအနေဖြင့်တစ်စိတ်တစ်ဝမ်းတည်းဖြင့် လိုအပ်သောနေရာများတွင် ညီညွတ်စွာဖြင့်​ စုပေါင်းလုပ်ဆောင်သွားကြလျှင် အောင်မြင်နိုင်ကြောင်းတင်ပြဆွေးနွေးသွားပါတယ်။
(၅) ယောလူငယ်အဖွဲ့ (ကန်)ကိုငြိမ်းမင်းထွန်းမှ အဖွဲ့ များရန်ပုံငွေရှာဖွေရေးနှင့် တွေ့ ဆုံပွဲလုပ်ရာတွင် ကန်ဒေသရှိဘုန်းကြီးကျောင်းများတွင် အလှည့်ကျ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ အဖွဲ့ အနေဖြင့် ဒေသတိုးတက်ဖွံ့ ဖြိုးစေရန်လုပ်ဆောင်နိုင်မည့် သင်တန်းများစေလွှတ်ရာတွင် အမှန်တကယ်စိတ်ဝင်စားသူများ၊ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းအတွေ့ အကြုံ နှင့် ဗဟုသုတများကို အဖွဲ့ အားပြန်လည် ဝေမျှနိုင်သူများကိုသာစေလွှတ်စေလိုကြောင်း အကြံပြု သွားပါတယ်။ ယောနယ်ဒေသ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းရန်အရေးကြီးသလို ဒေသခံများ အသိပညာ ဗသုသုတ မြင့်မားနေရန်လည်း အရေးကြီးကြောင်းတင်ပြဆွေးနွေးသွားပါတယ်။
(၇)ယောလူငယ်အဖွဲ့(နေပြည်တော်အဖွဲ့ ) ကိုသက်ဦးဇော်မှလည်း ယောလူငယ်အဖွဲ့ အတွက် လိုအပ်နေသော ယောလူငယ်အဖွဲ့ မှတ်ပုံတင်ခြင်းကိုအမြန်ပြီးမြောက်အောင် လုပ်ဆောင်ပေးသွားမည့်အကြောင်း နှင့် လစဉ်တွေ့ ဆုံပွဲကို လစဉ်ပုံမှန် ပြုလုပ်လေ့ရှိကြောင်း ပြောပြသွားပါတယ်။
(၈) ပခုက္ကူ ယောနယ်ကျောင်းသားများ ဥက္ကဋ္ဌ ကိုချမ်းညီညီဝင်း မှ ယောနယ်ဒေသတွင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်းနှင့် ပခုက္ကူတွင်ကျောင်းတက်နေကြသော ကျောင်းသူကျောင်းသားများ၏ အရေးကိစ္စများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးလျှက်ရှိကြောင်း တင်ပြဆွေးနွေးသွားပါတယ်။
(၉) ကျောက်ထု / ရန်ကုန်ယောလူငယ်ဖြစ်သော ဦးဝင်းဇော်မှ ဒေသခံယောလူငယ်များနှင့် ဗဟိုယောလူငယ်များအကြား အချိတ်အဆက်မိမိလုပ်ဆောင်နိုင်ရန် Online Group တစ်ခုဖွဲ့ ပြီး ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြရန် အကြံပေးတိုက်တွန်းပါတယ်။ ယောလူငယ်အဖွဲ့၏ဆုံးဖြတ်ချက်သည် မည်သူတစ်ဦးတစ်ယောက်တည်း၏ဆန္ဒ၊ အဖွဲ့ တစ်ဖွဲ့ တည်း၏ ဆန္ဒမဟုတ်ဘဲ အဖွဲ့ ဝင်အများ၏သဘောဆန္ဒဖြင့်သာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ ကြသည့် အဖွဲ့ ဖြစ်တာကို အဖွဲ့ ဝင်တိုင်းသိထားစေလိုကြောင်း ပြောပြသွားပါတယ်ရှင့်။
(၁၀) ရန်ကုန်ယောလူငယ်အဖွဲ့  မသီတာအောင်မှ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ရှင်းလင်းတိကျစွာလုပ်ဆောင်သွားကြရန်နှင့် အဖွဲ့ အချင်းချင်း ဘဏ္ဍာရေးရှင်းတမ်းများ ပေးပို့ တင်ပြကြရန် တိုက်တွန်းဆွေးနွေးသွားပါတယ်။ လစဉ်ငွေစာရင်းရှင်းတမ်းများကို တွေ့ ဆုံပွဲတွင်ရှင်းလင်းအတည်ပြုကြပြီး အသစ်ဖွဲ့ မည့် Online Group တွင် ပေးပို့ ကြပါရန်၊ ဘဏ္ဍာရေးစာရင်းများကို အချင်းချင်း တိုင်ပင်ပြီး ထိန်းကျောင်းသွားကြလိုကြောင်း ဆွေးနွေးသွားပါတယ်။
နိဂုံးချုပ်အနေဖြင့် အသစ်ဖွဲ့ မည့် Online Group တွင် ယောလူငယ်အဖွဲ့ တိုင်းမှ ဥက္ကဌ ၊ အတွင်းရေးမှူး တစ်ဦး၊ ဘဏ္ဍာရေးစာရင်းကိုင် တစ်ဦးနှင့် တက်ကြွလူငယ်တစ်ဦး ပါဝင်သော လူစာရင်းကို ဗဟိုအဖွဲ့ သို့  တစ်ပါတ်အတွင်းပေးပို့ ကြပါရန် အတည်ပြု တိုင်ပင်ခဲ့ ကြပြီး ည 103း0 ခန့် တွင် ယောလူငယ်များ ချစ်ခင်ရင်းနှီးစွာဖြင့် တွေ့ ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ
အဆုံးသတ်ခဲ့ကြပါတယ်ရှင့်။
ပွဲဖြစ်မြောက်ရေးအတွက် အားစိုက်ခဲ့ကြပါသော ယောဆွေယောမျိုးများအားလုံး
ယောလူငယ်အဖွဲ့ မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ ။
                                                                                               ပြန်ကြားရေးအဖွဲ့
                                                                                                ယောလူငယ်

ယောအသင်း(မန္တလေး)မှ ကြီးမှူး ကျင်းပတဲ့ ကထိန်အလှူတော်

ယောအသင်း(မန္တလေး)မှ ကြီးမှူး ကျင်းပတဲ့ ကထိန်အလှူတော်ကို ယောလူငယ်အဖွဲ့(မန္တလေး)မှလဲ တတ်အားသမျှ ဝတ္ထုအစုစုဖြင့် လုပ်အား ဒါန ဖြည့်ဆည်း ဆောင်ရွက် ခဲ့ကြပါတယ်။
                                                                                  ယောလူငယ်အဖွဲ့ (ပြန်ကြားရေး)

ယောနယ်အသင်း(ရန်ကုန်)ရဲ့ (၄၈) ကြိမ်မြောက် စာအောင်သံဃာဆု ချီးမြှင့်ပွဲသို့တက်ရောက် ကူညီ ပံ့ပိုးခဲ့ကြ

23-10-2016 ရက်နေ့တွင်
ယောနယ်အသင်း(ရန်ကုန်)ရဲ့ (၄၈)ကြိမ်မြောက် ယောစာအောင်သံဃာများ ဆုချီးမြှင့်ပွဲနှင့် သီတင်းဝါကျွတ် ပူဇော်ပွဲ အခမ်းအနားတွင် ကျွန်မတို့ ယောလူငယ် အဖွဲ့ဝင်များမှလည်း ဆရာတော်များအတွက် သင်္ကန်းများနဲ့လှုဖွယ် ပစ္စည်းများ ဆက်ကပ် လှုဒါန်းခဲ့ကြပါတယ်။

ယောလူငယ်အဖွဲ့ဝင်များအနေနဲ့ ဧည့်ခံကျွေးမွေးရေး အပါအဝင် အခြားဝေယျာဝစ္စကုသိုလ်များ ပါဝင်ကူညီ လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ယောအသင်း(ရန်ကုန်) မှ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ် လှုဒါန်းခဲ့ကြပီး တက်ရောက်လာကြသော ဧည့်သည်တော်များကိုလည်း ယောအစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်ရှင့်။
                                                                                     ယောလူငယ် အဖွဲ့ (ပြန်ကြားရေး)

တောင်သားလူမျိုးများ ကျောက်ဂူတောရဆရာတော်ကြီး၏ (၆၆)နှစ်ပြည့် ဝိဇာတသို့ လာရောက်ဖူးမျှော်

20-10-2016
တောင်သားလူမျိုးများသည်
ကျောက်ဂူတောရဆရာတော်ကြီး၏
(၆၆)နှစ်ပြည့် ဝိဇာတသို့ လာရောက်ဖူးမျှော်ကြပြီး
နေ့လည်ပိုင်းမှာတော့
ကန်အနောက်ကျောင်းဆရာတော်ဘုရားကြီးအား
ဖူးမျှော်ကန်တော့ကြပါသည်
တစ်ဆက်တည်းမှာပဲ ကန်ဒေသ ယောလူငယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံမိတ်ဆက်ကြပြီး
ကန်အနောက်ကျောင်းဆရာတော်ဘုရားကြီးမှ
မိမိတို့ ကန်ရွာမှာလည်း တောင်သားလူမျိုး အမျိုးသမီး တစ်ဦးရှိတဲ့အကြောင်းပြောပြပြီး
၎င်း အမျိုးသမီးသည် တောင်သားလူမျိုးများနှင့်တွေ့သောအခါ
တောင်သားစကားကိုသာပြောဆိုတော့
သူ့ရဲ့ သားသမီးတွေက
မေမေ ဘာစကားတွေပြောနေတာလဲ လို့မေးတော့
အသာနေပါ နင်တို့နားမလည်ပါဘူးလို့ ပြောပြီး
တောင်သားစကားကိုသာ မြိန်ရေရှက်စွာ ပြောဆိုတတ်ကြောင်း
ရှေးတုန်းက ဗမာလူမျိုးတစ်ချို့ဟာ
ချင်းလူမျိုးများနှင့် တွေ့ဆုံစကားပြောကြရာမှာ
ချင်းစကားကိုလည်း နားမလည်တော့
ဗမာ အချင်းချင်း ပြောကြသတတ်
ဘယ်လို ပြောကြသလဲ ဆိုရင်
မင်းက ဧကံ သမယံ လို့ပြော
ငါက ဘဂဝါ လို့ပြောမယ်
နောက်တစ်ယောက်က သာဝတ္ထိယံ လို့ပြော
နောက်တစ်ယောက်က ဝိဟရတိ လို့ပြောကြမယ် လို့
တိုင်ပင်ကြပြီး
ချင်းလူမျိုးတွေအရှေ့မှာ ပြောကြသတဲ့
အဲလိုပြောကြတော့ ချင်းလူမျိုးတွေက နားမလည်တော့
မင့်တို့ ဘာတွေပြောနေကြတာလဲဆိုတော့
အသာနေပါ မင့်တို့က ငါတို့ နားမလည်တဲ့ စကားတွေနပြောတော့
ငါတို့လည်း မင့်တို့နားမလည်တဲ့
စကားန ပြောရတာပ လို့ ပြန်ပြောသတဲ့
အဲ့သည့် အကြောင်းအရာလေးကို
ကန်အနောက်ကျောင်းဆရာတော်ကြီးမှ
ပြောပြလိုက်သောအခါ
တောင်သားလူမျိုးများနှင့်တကွ
မိမိတို့ကပါ
တဝေါတဝေါ ရယ်မောကြရပါတော့တယ်
တောင်ယောနှင့် မြောက်ယောတို့ဟာ
တစည်းတလုံးထဲ ရှိနေကြတယ်ဆိုတာကိုပါ
ပြသလိုက်ခြင်းဖြစ်ပါတယ်၊၊
                                                                                    ယောလူငယ် ပြန်ကြားရေးအဖွဲ့

#ယောလူငယ်အဖွဲ့ (ကျောက်ထု )မှ ပင်တောင်ကျေးရွာ ဆရာတော်ထံ သွားဖူးမျှော်#

ယောလူငယ်အဖွဲ့ (ကျောက်ထု )မှ ပင်တောင်ကျေးရွာဆရာတော် ဦးမာမဃရဲ့ ဦးဆောင်မှု့နဲ့ တနယ်လုံးမှာမှ တစ်ခုပဲ ကျန်ရှိတော့တဲ့ မီးဝင်္ကပါ မြင့်မိုရ်တောင်အကြောင်းကို ယောလူငယ်အဖွဲ့(ကျောက်ထု)မှ သွားရောက် လေ့လာခဲ့ကြပါတယ်။ ကျေးရွာစာရေး ကိုအောင်ကိုမင်းနှင့် မိမိရွာက မြင့်မိုရ် ဝင်္ကပါအတွက် ရန်ကုန်ကနေ တကူးတက ပြန်လာပြီး အားပေးလာတဲ့ မကေသီခိုင်တို့ကလဲ လိုလေသေးမရှိ ဧည့်ဝတ်ပြုကြပါတယ်။
ဆရာတော်မှ နောင်နှစ်တွေမှာ ခုလို မြင့်မိုရ်တောင် ဝင်္ကပါ ဆောက်လုပ်ပြီး မီးပူဇော်နိုင်ဖို့ဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲလာပါပြီ ။ ခုသယ်နှစ်ဆောက်တာဟာ နွားတွေက ခွာနာလျှာနာဝင်တော့ လူတွေ သံဃာတွေဟာ တောထဲကနေ သစ်ဝါးထမ်းထုတ်ရတယ်၊တော်သေးတာပေါ့ ကားသမားတွေက လမ်းပေါ်ရောက်ပီးသားတွေကို အလကား သယ်ပေးလို့ပကား..ဒါမဟုတ် မလွယ်ဘူးလေ.....သစ်လဲရှား ဝါးလဲပြုန်းဆိုတော့ နောင် ထပ်လုပ်ဖို့ မလွယ်ပေဘူး"လို့ မိန့်ကြားပါတယ်။ နောက်ပြီး လူတွေမညီညာရင်လဲ မလွယ်သေးပြန်ဘူး။ "တင်ပါ့ဘုရား တပည့်တော်တို့အနေနဲ့လဲ နောင် မျိုးဆက်လူငယ်တွေ ဒီဓလေ့ကို မသိမမှီ ဖြစ်မှာစိုးလို့ လာရောက်လေ့လာ အားပေးတာပါဘုရား ။အကယ်လို့ နောင်နှစ်တွေမှာ စိတ်ပါဝင်စားတဲ့ ကျေးရွာတွေကနေ ဖိတ်ခေါ်ပြီး ဒီဓလေ့ကို ဖော်ဆောင်ချင်တယ်ဆိုရင် အရှင်ဘုရားကူညီပေးနိုင်မလား ဘုရား........။ အေး ဒကာတို့ အဲလို စိတ်ဝင်စားတဲ့ရွာရှိရင် ငါကိုယ်တိုင် သွားဆောက်ပေးမယ်ကွပ် ..."လို့ အားပါးတရ မိန့်ကြားခဲ့ပါတယ်။
လပြည့်နေ့လဲဖြစ်တာကြောင့် လူပရိတ်သတ်တွေများလှတယ်။ရပ်နီးရပ်ဝေးမှ ဧည့်သည်တွေလဲ ပါဝင် ဆင်နွှဲကြတယ်။ လာသမျှဧည့်တွေကိုလဲ ရွာမှ ထမင်းဟင်းဖြင့် ဧည့်ခံ ကျွေးမွေးကြပါတယ်။ ယောလူငယ်အဖွဲ့(ကျောက်ထု)မှလဲ တတ်နိုင်သမျှ နဝကမ္မအလှူငွေထည့်ဝင်ခဲ့ပြီး မီးပူဇော်ပွဲကို ဝင်ရောက် နွှဲပျော်ခဲ့ကြပါတယ်။
                                                                                  ယောလူငယ်အဖွဲ့ (ပြန်ကြားရေး)

ဆောဒေသ ယောလူငယ်အဖွဲ့တွေ့ဆုံပွဲအောင်မြင်စွာပြီးစီးခြင်း။

ဆောဒေသယောလူငယ်အဖွဲ့သည် 13-10-2016 နေ့လည်1:00နာရီအချိန်တွင် ဆောမြို့နယ်အညာကတင်းကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ မင်းလယ်ရွာမှဦးဇင်းနှင့်အညာကတင်းရွာမှဦးဇင်းလေးတို့ကသြဝါဒစကားများမိန့်ကြားခဲ့ပါသည်။
ဆောဒေသယောလူငယ်ဥက္ကဌကိုခင်ဇော်လွင်မှ မိတ်ဆက်စကားပြောကြားခြင်း ၊
အတွင်းရေးမှုးကိုအောင်ကျော်ဦးမှဆောယောလူငယ်၏လုပ်ဆောင်မှုများ MRTV ရိုက်ကူးရေးအစီစဉ်တွင် ကြုံတွေရင်ဆိုင်ဖြေရှင်းပေးနေရသောကိစ္စများအပေါ် ချပြဆွေးနွေးသွားပါသည်။
ယောလူငယ် ကိုမင်းမောင်မှယောလူငယ်အဖွဲ့၏လုပ်ဆောင်ချက်များကိုဆွေးနွေးသွားခဲ့ပါတယ်​။
ဆောယောလူငယ်ကိုသန်းဇော်ဦးမှ ဆောဒေသယောလူငယ်အဖွဲ့၏ ဆောင်ရွက်ပေးခဲ့သောကိစ္စရပ်များကို
ပြန်​လည်​ မျှ​ဝေ ​​ဆွေး​နွေးခဲ့ကြပြီး
နောက် အညာကတင်းရွာ လူငယ်ခေါင်းဆောင်မှ ယောလူငယ်အဖွဲ့အပေါ်သဘောထားအမြင်များ နှင့်လာရောက်တွေ့ဆုံပေးခဲသောဆောယောလူငယ်အဖွဲ့အားကျေးဇူးတင်ရှိပါ​ကြောင်း ၊
ထို့နောက်တက်ရောက်လာသူများမှ မရှင်းလင်းသည်များကိုဆွေးနွေးကြပြီး အခမ်းနားမှုးအဖြစ်ဆောင်ရွက်ပေး ​သောဆောယောလူငယ်အဖွဲ့ မမြင့်မြင့်နွယ်မှ တွေ့ဆုံပွဲအခမ်းအနားအောင်မြင်စွားပီးဆုံးကြောင်းကြေညာပီး ညနေ3:30အချိန်တွင် အခမ်းနားကိုရုပ်သိမ်းခဲ့ပါသည်။

                                                                                        ပြန်ကြားရေး
                                                                                      ယောလူငယ်အဖွဲ့

ယောလူငယ်(ဗဟို)အဖွဲ့ လစဉ်တွေ့ဆုံဆွေးနွေးပွဲအောင်မြင်စွာပြီးစီး

ယောလူငယ်(ဗဟို)အဖွဲ့ လစဉ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (9.10.16) တနင်္ဂနွေနေ့ ၊ နေ့လည် (၁) နာရီ အချိန်တွင် စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ၌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
တွေ့ ဆုံပွဲတွင်
ယောနယ်ဒေသအတွင်းရှိရှေးဟောင်းအမွေအနှစ်များအား တရားမဝင်ရောင်းချနေခြင်းများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ယောဒေသအတွင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် ဗီနိုင်း နှင့်လက်ကမ်းစာစောင်များ ရိုက်နှိပ် ဖြန့်ဝေသွားရန်သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းတင်ပြခြင်း ထီးလင်းမြို့နယ်တွင် ရေရှားပါးသောကျေးရွာအချို့ ၌ စက်ရေတွင်းလှူ ဒါန်းရန် ချိတ်ဆက်ထားသည့် အစီစဉ်များအား ရှင်းလင်းတင်ပြခြင်း ဆောဒေသ ကျေးရွာအချို့ တွင် လက်ရှိဖြစ်ပေါ်နေသော
ကိစ္စ အချို့ အား ဆွေးနွေးတိုင်ပင်ခြင်း ပြုလုပ်ခဲ့ကြပါသည်။
ညနေလေးနာရီ
ခန့် တွင်ဆွေးနွေးပွဲကိုအောင်မြင်စွာ
အဆုံးသတ်ခဲ့ကြပြီး ယောဒေသ၏ ရာသီစာ
ဟင်းလျာဖြစ်သည့် ယောလူငယ်ဥက္ကဋ္ဌ ကိုယ်တိုင်
စိုက်ပျိုးထားသော ခြံထွက် ကျောက်ဖရုံသီးနှင့် ဝက်သားသုံးထပ်သားချက်
ကျောက်ဖရုံသီးနှင့်ဝက်နံရိုးချက် မန်ကျည်းသီးကြော် စပ်သီးကြော် တောင်ပို့ မှိုနှင့်ကန်စွန်းရွက်ကြော်
တို့ အပြင် အချို ပွဲအဖြစ် ကော်ဖီမစ် နဂါးမောက်သီး ဓနိသီးဆံ နှင့် လ္ဘက်သုပ် တို့ ဖြင့် ပျော်ရွှင်ရင်းနှီးစွာ ဝိုင်းဖွဲ့စားသောက်ကြပါတယ်။
စားသောက်ဖွယ်ရာများကိုယူဆောင်လာပေးခဲ့ကြ
ပါသော အဖွဲ့ဝင်များနှင့်  တွေ့ဆုံပွဲသို့  တက်ရောက်ပေးသောအဖွဲ့ဝင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
#၂၃-၁၀-၂၀၁၆ နေ့ (တနင်္ဂနွေ) မနက် ၉း၀၀ တွင် ယောနယ်အသင်းရန်ကုန်မှ ကြီးမှူးကျင်းပသော စာအောင်သံဃာများဆုချီးမြှင့်ပွဲနှင့် ယောနယ်ဇာတိဖွားမထေရ်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနား
သို့ ယောလူငယ်များအနေဖြင့် ဝေယျာဝစ္စကုသိုလ်ယူကြပါရန် နံနက် ၈း၀၀ အရောက် ယောလူငယ်ဝတ်စုံရှိသူများ ယောလူငယ်ဝတ်စုံ
များဝတ်၍ လာခဲ့ကြပါရန် ကြို တင်အသိပေးနှိုးဆော်အပ်ပါတယ်ရှင့်။
                                                                         ယောလူငယ်အဖွဲ့ ပြန်ကြားရေးအဖွဲ့ 

ယောလူငယ် (Online)ကန်ဒေသအဖွဲ့ တတိယအကြိမ် လစဉ်တွေ့ဆုံပွဲ အောင်မြင်စွာပြီးဆုံး

(8-10-2016 / 6:00 pm)
တတိယအကြိမ်
လစဉ်တွေ့ဆုံပွဲ အောင်မြင်စွာပြီးဆုံး
ကန်ဒေသအဖွဲ့၏ ရန်ပုံငွေရှာဖွေရေးကိစ္စနှင့်ပတ်သက်ပြီး
အဓိကဆွေးနွေးတိုင်ပင်ပြီး
ကထိန်သင်္ကန်းကပ်လှူ ဖို့ရန်အတွက်
တစ်နှစ်လျင် နှစ်ကျောင်းစီ သတ်မှတ် လှူ ဒါန်းကြဖို့ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်၊၊
နောက်နောင်မှာလည်း တူညီဝတ်စုံလေးတွေနဲ့
ကိုယ့်ဒေသအတွင်း လိုအပ်တဲ့နေရာများမှာ
အလှူ အတန်းများပြုလုပ်ကြမှာဖြစ်ပြီး
မာဃလုလင်တို့ကဲ့သို့ ပရဟိတလုပ်ငန်းများကို
လုပ်ဆောင်သွားကြပါမည့်အကြောင်းကိုဆွေးနွေး အကြံပြု အတည်ပြုခဲ့ကြပါသည်။
                                                      
                                                                                        ယောလူငယ်ပြန်ကြားရေးအဖွဲ့

Tuesday, October 4, 2016

ဗိဿ နိုး ဘုရင်မ ပန်ထွာဧကရီ

ဗိဿ     နိုး ဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ( ရာဇ၀င်ကျမ်းများအရ "ပြည်" ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)
ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘ၀ညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘ၀ညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘ၀ကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)
စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။
ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

( ပန်ထွာဘုရင်မမှာ အတိတ်ဘ၀က ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ )
ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။
စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။)
ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။
သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။
ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။
သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ၀င်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။
သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။
ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၄င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။
ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။
နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။
(ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။
ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။
စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။
-" သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။"
ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။
ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။
သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။ သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။
ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ ( အချို့က သုဿန်မှ အ၀တ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပ၀ါ အဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။
ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပ၀ါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။
တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။
ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။
-" ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘ၀တွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘ၀များတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ"
ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။
(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ၀က်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)
ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။
ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။
ရာဇ၀င်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို စာစီပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။
Posted by moe kya shwe ko

ယောနယ်က တောင်သားလူမျိုး အကြောင်း

ခုတလော နာမည်ကြီးလာတဲ့ တောင်သား(ပျူ ) လူမျိုးအကြောင်း
ဆရာကြီးဒေါက်တာသန်းထွန်းက သူ့ရဲ့  ( ပျူတွေ ဘယ်ပျောက်သွားသလဲ ) စာအုပ် အမှာစာမှာ “”အခုထိ ယောနယ်ထဲမှာ ပျူတွေ ရှိသေးတယ်လို့ ပြောပါတယ် ။ သို့သော် အလွန်ရှားပါးသွားပါပြီ” …. ဆိုပြီး ရေးထားတာကို ဖတ်ရပါတယ် ။
ဆရာကြီးပြောတဲ့ စကား အသွားအလာကိုကြည့်ရရင် ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ အဆိုကို တိတိကျကျ မငြင်းပယ်ထားဘဲ အတည်ပြုလက်ခံဖို့ကျတော့လည်း သုတေသနပြုမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုချင်ပုံရတယ် ။ “သို့သော် အလွန်ရှားပါးသွားပါပြီ” ဆိုတဲ့ စကားကတော့ ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ အနည်းနည်းလေးပဲ ဖြစ်ဖြစ် ရှိနေတယ်ဆိုတာကို လက်ခံထားသိလိုပါပဲ ။
ပုဂံခေတ်ဦး သမုဒ္ဓရာဇ်မင်းလက်ထက်မှာ ပျူလူမျိုးတွေဖြစ်တဲ့ မောင်စိန့် ခေါ် ငစိန့်တို့တစ်စုက ပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း ပုပ္ပါးအရပ်မှာ နေထိုင်ကြတယ် ။ တစ်နေ့မှာ ပုဂံမင်း သမုဒ္ဓရာဇ်မင်းဟာ တစ်ပါးသူရဲ့ ကုန်းချောမှုကြောင့် မောင်စိန့်တို့ လူတစ်စုအပေါ် မျက်ဒေါသထွက်ပြီး သေမိန့်ပေးခဲ့တယ် ။ အဲဒီအချိန်မှာ မောင်စိန့်နဲ့ စန္ဒာဒေ၀ီ မိဘုရားအပါအ၀င် လူတစ်စုဟာ နေရင်းအရပ်ဖြစ်တဲ့ ပုပ္ပါးဒေသကို ထားခဲ့ပြီး ပခုက္ကူနယ် အတွင်းက ပုခန်းကြီးရပ် ၊ သံဖိုကြီးအရပ် တို့မှတဆင့် ယခု ယောနယ်ထဲကို ပြေးဝင်ကြတယ် ။ ခရီးလမ်းတစ်လျှောက် လမ်းခရီးကကြမ်းထမ်းပြီး တောကြီးတောင်ကြီးတွေကို ဖြတ်သန်းရတယ် ။ ပြေးထွက်လာတဲ့ အထဲမှာ မိန်းမသားတွေက အလွန်မောပန်းကြပြီး သက်လုံမကွဲစေဖို့ ရင်မှာ တဘက်စည်းပြီး ပြေးကြရတယ် ။
ပုန်းအောင်းပြီး ပြေးလွှားနေရတဲ့ တောင်တန်းကို ပုန်းတောင်တန်း ( နောက်တော့ ပုံတောင်တန်းဖြစ်လာခဲ့တယ် ) ရှေးကခေါ်ကြတယ် ။ အဲဒီလို ပြေးလွှားနေခဲ့ရာမှာ အုပ်စုတစ်ခုနဲ့ တစ်ခု မကွဲသွားအောင် ပုန်းအောင်း ညာသံပေးပြီး ပြေးကြရတယ် ။ အဲဒီတောင်ကိုတော့ ပုန်းညာတောင် ( နောက်တော့ ပုံညာတောင် ဖြစ်လာတယ် ) လို့ ရှေးက ခေါ်ကြတယ် ။ မောင်စိန့်နဲ့ လူတစ်စုဟာ သူတို့ ရောက်ရှိနေတဲ့ ဒေသအသစ် ( ယောဒေသ ) မှာ တခြားလူမျိုးတွေက မင်းတို့ ဘယ်ကနေလာကြသလဲလို့ မေးရင် .. တောင်ပေါ်ကလာတယ် .. ဒါဖြင့်ရင် မင်းတို့က တောင်ပေါ်ကလာတဲ့ တောင်သားလား လို့ ပြန်မေးရင် ဟုတ်တယ် တို့တတွေဟာ တောင်သားတွေ ဖြစ်တယ်လို့ ဖြေဆိုကြတယ် ။ အဲဒါကြောင့်မို့ တောင်သားလူမျိုးဆိုပြီး အမည်တွင်လာတယ် ။
အဲဒီ တောင်သားလူမျိုး ဆိုပြီး အမည်တွင်လာတဲ့ သူတွေဟာ မူလက ပျူလူမျိုးဖြစ်ကြပေမယ့်  ပုဂံမင်းရဲ့  ရန်ရှာမှုမှကင်းဝေးအောင် မူလလူမျိုးအဖြစ်မှ ဖုံးကွယ်ပြီး စကားပြောဆိုမှုမှာရော အ၀တ်စားဆင်မြန်းမှုမှာပါ ပြောင်းလဲပြစ်လိုက်တယ်လို့ ဆိုပါတယ် ။ ဒါက တောင်သားလူမျိုးနဲ့ ပက်သက်လို့ အစဉ်လာရ ပြောစကားများကို အခြေခံပြီး ရေးသားကြတာကို ကောက်နုတ်ပြီး တင်ပြတာဖြစ်ပါတယ် ။
တောင်သားလူမျိုးတွေဟာ မူလက ပျူလူတွေ ဖြစ်ကြတယ်ဆိုတာကို တချို့  သုတေသနပညာရှင်များကလည်း အခုလို သက်သေပြကြပါတယ် ။ ပျူလူမျိုးတွေဟာ ယောင်္ကျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ငယ်စသ်ကတည်းကနေ အသက် ၂၀ အထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ် ၊ ဗုဒ္ဓမြတ်စွာရဲ့  တရားတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးကြတယ် ၊ အသက် ၂၀ မှာ တကယ်လုပ်နိုင်တဲ့ သူတွေကျတော့ ရဟန်းဝတ်ကြတယ် ၊ မိန်းကလေးဆိုရင် ဘိက္ခူနီမအဖြစ် နဲ့ သာသနဘောင်ဝင်ကြတယ် ၊ အရွယ်ရောက်လာတဲ့ မိန်းကလေးများက ဘိက္ခူနီမ ၀တ်ဆင်သလိုမျိုး ရင်စည်းကို ၀တ်ဆင်ကြတယ် ။ တောင်သားလူမျိုး အရွယ်ရောက်လာတဲ့ အမျိုးသမီးများမှာ ရင်စည်းကို အခုထိဝတ်ဆင်ကြတုန်းဖြစ်တယ် ။ နောက်ပြီး ပျူလူမျိုးတွေဟာ အဖြူရောင် ပိတ်ချည်ကိုဝတ်ဆင်ကြတယ် ။ အခုလက်ရှိ တောင်သား လူမျိုး အရွယ်ရောက်ပြီး မိန်းကလေးများ ၀တ်ဆင်နေကြတဲ့ ရင်စည်းနဲ့ အဖြူရောင်ပိတ်ထည်တွေဟာ ပျူလူမျိုးတို့ရဲ့  ၀တ်စားမှု ပြယုဂ်ဖြစ်တယ် …ဆိုပြီး သက်သေပြကြပါတယ်
C.Yaw Blog
ကျနော်ဖတ်ဖူးတဲ့စာအုပ်မှာ အစ်ကိုက မင်းမှုထမ်း ညီမက မိဖုရား သမုဒရာဇ်မင်းလက်ထက် ပုဂံပြည်လို့ ဆိုပါတယ်။ မင်းဒဏ်သင့်တော့ တမျိုးလုံး ယောနယ်ကိုပြေးကြတယ်။ ပုံးတဲ့တောင် ကို ပုံးတောင် (ပုံတောင်)၊ ပုံးတယ်လို့ ညာပြောတဲ့တောင်ကို ပုံးညာ (ပုံညာ) ရယ်လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဗမာစကားမပြောရဲတော့ ဘာသာစကား တစ်ခုထွင်ကြတယ်။ ရှမ်းတို့ချင်းတို့နဲ့နီစပ်တော့ တောင်သားစကားမှာ ဒီနှစ်မျိုးအများဆုံးပါတာကိုတွေ့ရတယ်။ ဘာသာစကားရှိတယ်။ ရိုးရာ အ၀တ်အစား ယဉ်ကျေးမှု ဓလေ့ထုံးစံရှိတယ်။
ဝမ်းနည်းစရာကောင်းတာက ၁၃၅မျိုးဆိုတဲ့ထဲမှာ တောင်သားကို ထည့်မထားဘူး။ ပျုစစ်စစ်ကိုထိန်းထားတာ တောင်သားတွေပဲ ရှိပါတော့တယ်။
C. Aung San Htay
V. C. Eleven Media 19.8.2016 via Ashin Khemar Yaw

ဝိသမ လောဘသား ရှေးဟောင်း မုဆိုးအချို့ အရိုးသခံ ယောနယ်ကို ခေတ်သစ်ဗျုဟာတွေနဲ့ ထပ်ကြော့ ဝင်မွှေနေကြပြီ

သမိုင်းကို ငွေနဲ့မလဲကြပါနဲ့
ယောဒေသသည် သမိုင်းတန်ဖိုးမြင့်မား ပါလျက် မပေါ်လွင်ခဲ့ပေ။ သမိုင်းအမှန် ပေါ်လွင်ထင်ရှားစေရန် စတင်ကြိုးစားဆဲ ဖြစ်သည်။ သမိုင်းအမှန်ထင်ရှားလာခြင်း နှင့်အတူ ဝိသမလောဘသားတို့ မျက်စိကျ စရာလည်း ဖြစ်လာပေတော့သည်။
ရှေးဟောင်းကို ငွေဖြင့်လဲ၍ရသော်လည်း ငွေဖြင့် ရှေးဟောင်းသမိုင်းကို ဖန်တီး၍ မရပေ။ လဲယူ၍ မရနိုင်ပေ။ ဆောမြို့ နယ် ကျောက်ထုဒေသရှိ ရွာတစ်ရွာတွင် ပေထုပ်တစ်ခုကို သိန်းရှစ်ဆယ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
နောက်ထပ် ရှေးဟောင်းပစ္စည်းဝယ်သူများ ယောဒေသသို့ မကြာမီလာကြမည်ဟု လည်း ကြားသိနေရသည်။ ဒေသခံများ သမိုင်းတရားခံ မဖြစ်ကြစေရန် သတိထား ရမည်။ ယောဒေသသမိုင်းသည် အနာဂတ် ယောလူငယ်မျိုးဆက်များ၏ အသက်ဖြစ် သည်။
မည်သို့ တားဆီးသင့်ကြောင်း ဆရာကြီး ဦးဝင်းမောင် ကဲ့သို့သော သမိုင်း ပညာရှင် များ သုတေသီများ သမိုင်းကို တန်ဖိုးထား သူများ၏ အကူအညီများကိုလည်း စောင့်မျှော်ပါသည်။
ယောမင်းကြီး

ယောနယ် တစ်ခွင်ရှိ ရှေးဟောင်းအမွေအနှစ် များကို ၀ိုင်းဝန်း ထိန်းသိမ်းကြပါစို့ -၂

တွေဝေတွေးတောရင်း၊ဒုက္ခ သုက္ခတွေ အမျိုးမျိုးနဲ့ ကျနော်တို့တွေ အချိန်အများကြီးကုန်ခဲ့ကြပြီးပါပြီ။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု့အမွေအနှစ်တွေဟာ ဥရောပသားတွေ ၀င်ရောက်ပြီး သုတေသနပြု မျက်စိရည် နားရည်ဝအောင် ပြုလုပ်ပေးပြီးကတည်းက တန်ဖိုးတွေ သိလာကြတယ်။ တန်ဖိုးတွေ သိလာတာနဲ့အမျှ အလွဲသုံးစားလုပ်တဲ့ လူတန်းစား အရပ်ရပ်တွေ ထွက်ပေါ်လာခဲ့တယ်။ (အလွဲသုံးစား လုပ်တယ်ဆိုတာက ပြည်ပကိုထုတ်ဖို့ ပြည်တွင်းက သကောင့်သားတွေက ကွန်ယက်တွေဖြန့်တယ်။တနိုင်ငံလုံးက နယ်မြေဒေသအသီးသီးမှာ အ၀ယ်တော်တွေလွှတ်တယ်။အဲ့ဒီအ၀ယ်တော်တွေက ပစ္စည်လက်ဝယ်ရှိတဲ့ မည်သည့်ရဟန်း လူပုဂိုလ်မဆို အချိန်အခါကြည့်ပြီး စကားတွေဆင်ကာ ပစ္စည်းကို အရယူကြတယ်။ဒါတွေက နောက်ဆုံးတော့ နိုင်ငံခြားကို ထုတ်ရောင်းကြတာပါပဲ။ နိုင်ငံခြားက ၀ယ်တယ်ဆိုတာက ကျနော်နားလည်သလောက်ကို အနှစ်ချုပ်ပြောရရင် မြန်မာတွေမှာရှိခဲ့တဲ့ ကောင်းပေ့ညွန့်ပေးဆိုတဲ့ ယဉ်ကျေးမှု့တွေကို သူတို့အပိုင်ဖြစ်ဖို့နဲ့ မြန်မာတွေဟာ လူညံ့လူဖျင်း အဆင့်အတန်ူမရှိတဲ့ လူမျိုးစုအနေနဲ့ တင်ကျန်ရစ်ဖို့ ရုပ်လုံး ပေါ်စေဖို့လို့ပဲ မြင်မိပါတယ်) ။
ဒီလိုနဲ့ ခေတ်အလိုက် ထွန်းကားခဲ့ ရှေးဟောင်း ပစ္စည်း ရောင်းဝယ်ရေးသံသရာကြီးတွေဟာ ၀ိသမ လောဘသားတွေ အဖို့ အလွယ်တကူနဲ့ ၀င်ငွေဖြောင့်တဲ့ အလုပ်ဖြစ်တာကြောင့် အမြစ်တွယ်ဆဲ ဖြစ်လို့နေပါတယ်။ ဆုံးရှုံးသွားရပြီးဖြစ်တဲ့ နိုင်ငံ့ အမွေအနှစ်တွေဟာ နိုင်ငံတွင်းက နယ်မြေခံအချို့တွေရဲ့ ပူးပေါင်း စီးပွား ရှာမှု့ကြောင့် အတော်လေး ကုန်ခမ်းသွားခဲ့ပါပြီ။ သူတို့တွေ အတော်အတန် ငြိမ်သက်နေပီး လှုပ်ရှားမှု့တွေ ရပ်တန့် နေကြတယ်လို့ ထင်ရချိန်မှာ အွန်လိုင်း အင်တာနက် ကျေးဇူးကြောင့် ရှေးဟောင်း အမွေအနှစ်တွေ အမှန်တကယ် ထိန်းသိမ်းရေး ၀ါသနာပါတဲ့ လူငယ်တွေ စုစည်းမိခဲ့ကြတာကို မြင်ရတယ်။သူတို့ဝါသနာနဲ့ အနစ်နာတွေ ရောစပ်ပြီး တက်တက်ကြွကြွ လုပ်ဆောင်နေကြတာကို အားရ၀မ်းသာရှိလှတဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးတစ်ချို့ကနေ လက်တွဲခေါ်ယူ မျှဝေ သင်ကြားပေးနေကြတယ်။
ဒီလိုတွေ တိုးတက်လာတာဟာ မြန်မာတွေ ကမ္ဘာမှာ တခေတ်ဆန်းလာစေမယ့် အနေအထားဆီ ဦးတည်နေလာနေပြီ ဆိုတာကို လက်ခံမိပါတယ်။ ဒါပေမယ့်လဲ တဖက်မှာက ကြောက်စရာကောင်းလှတဲ့ မြေငလျင်ကြောပေါ်မှာ ရှိနေတဲ့ မြန်မာ ၊ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားရေးအဖွဲ့ကြီးတွေ ၁၂ဖွဲ့တောင် ရှိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ ၊ပြည်သူအားလုံး သမိုင်းတစ်ခုရဲ့ တန်ဖိုးဆိုတာကို ဘယ်လို သတ်မှတ်ကြတယ်၊ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို တာဝန်ရှိသူတွေက နည်းလမ်းရှာ မပို့ချနိုင်သေးတဲ့ မြန်မာ၊သမိုင်းလောကကို အရောင်ဆိုးမယ့်သူနဲ့ အရောင် တောက်အောင် လုပ်မယ့်သူ ကွဲပြားအောင် မခွဲခြားတတ်သေးတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းကြီးဟာ " အကုန်ပြောင်မှ အေးတော့မှာလား " လို့ မေးရင် လွန်များ လွန်သွားမလားပါပဲ။
အောက်က ပုံတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းထဲကပဲ ယောနယ် ကျောက်ထုဒေသထဲက (...........)ရွာမှာ ရှေးဟောင်းပစ္စည်းအရောင်းအဝယ်သမားတွေ လာရောက် ဝယ်ယူသွားတဲ့ ရှေးဟောင်း ပေထုပ်တွေပဲ ဖြစ်ပါတယ်။
ကိုရင် ဒိပ္ပ

#မီးဝင်္ကပါအကြီးစားနဲ့ နွှဲကြတော့မယ့် ပင်တောင်ရွာ#

" အလည်လာပြီးရင် မပြန်ချင်တာရယ် ယောနယ်ယောနယ် "ဆိုတဲ့ ယောသူတို့ရွာတွေမှာ အလှပဆုံး အချိန် ရောက်တော့မှာပါ။ ဒေသတွင်း သီတင်းကျွတ်ပွဲတော် ကာလတွင်းမှာ ပြုလုပ်လေ့ရှိတဲ့ မြင့်မိုရ်တောင် မီးဝင်္ကပါပတ် မီးပူဇော်တဲ့ဓလေ့ပွဲအတွက် ယခုအချိန်မှာဆိုရင် ကျေးရွာအသီးသီးဟာ ကြိုတင် ပြုလုပ် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေကြတဲ့ ရွာတွေထဲကမှ လက်ရှိအချိန်မှာ ကျနော်လေ့လာမိသလောက် ထုထည် အမြင့်တွေနှင့် သေသပ်လှပမှု့တွေမှာ အသာဆုံးလို့ သိထားရတဲ့ ရွာလေးဆီကို မြန်မာ့ဓလေ့ စိတ်ဝင်စားသူတွေဆီ၊ မှတ်တမ်းတို ရိုက်ကူးလိုသူတွေဆီ သတင်းစကားပါလိုပါတယ်။ ဒီရွာလေးကို သွားမယ်ဆိုရင် ပခုက္ကူကနေ ၂နာရီခန့်ပဲ ကားစီရပါတယ်။ ကမ္ဘာကျော် ပုံတောင်၊ပုံညာတောင်တန်းကြီးရဲ့ ခြေရင်းနားက ရွာတွေထဲက တစ်ရွာပါ။ရပ်ရွာဓလေ့တွေနဲ့ ပွဲတော်ကာလ ဓလေ့တွေကို လေ့လာမှတ်တမ်းတင်လိုလို့ လာရောက်ကြမယ်ဆိုရင် ဆရာတော်နဲ့ ဒေသခံတွေက အပြည့်အ၀ ဧည့်ဝတ်ကြေကြမှာပါ။ ဒီဓလေ့ဟာ ယောဒေသအနေနဲ့မှာတောင် ဆောမြို့နယ်အတွင်းက ကျေးရွာတွေမှာပဲ ကျန်ရှိတော့တာပါ။
ကဲ....
မြန်မာ့ ဓလေ့ မူရင်း အကြွင်းအကျန်တွေ လုံးဝ ဆိတ်သုန်းမသွားခင် ကျနော်တို့တတွေ အတူတကွ ပူးပေါင်းထိန်းသိမ်းကြရမယ့် ယောဒေသက မြန်မာ့မှု့ရိုးရာ ဓလေ့တွေ လေ့လာ ဖော်ထုတ်ကြရအောင်ပါနော်။ အောက်က ပုံတွေကတော့ ကျေးရွာသူကျေးရွာသားတွေ သူတို့ရဲ့ သီတင်းကျွတ်ကာလ ဘာသာရေးကို အခြေပြုပြီး ပျော်ပွဲ ရွှင်ပွဲအတွက် စည်းစည်းလုံးလုံး ဆောက်ရွက်နေကြတဲ့ ပုံရိပ်တွေပါ။
Photo- Credit

#နိုင်ငံခြားသားခရီးသွားတွေနဲ့ စည်နေအုံးမယ် တို့ယောနယ်#

နိုင်ငံခြားသားခရီးသွားတွေနဲ့ စည်နေအုံးမယ် တို့ယောနယ်
လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာစေရေး အထောက်အကူပြုရန် ရပ်ရွာလူထုအခြေပြုခရီးသွားစီမံချက် ခရီးစဉ်သစ်များကို ဒေသ ၅ ခုတွင် အကောင်အထည်ဖော်မည်ဟု ဟော်တယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်များကို ချင်းပြည်နယ်မှ ကန်ပက်လက်မြို့အနီးရှိကျေးရွာ တစ်ခု၊ မကွေးတိုင်း ယောမြို့နှင့် စလေမြို့အနီးရှိ ကျေးရွာ ၂ ခု၊ ရှမ်းပြည်နယ်ရှိကျေးရွာ ၂ ခုတို့တွင် အကောင်အထည်ဖေါ်မည် ဖြစ်သည်။
" လာမည့် ပွင့်လင်းရာသီမှာ စဖွင့်နိုင်ဖို့အတွက် ရပ်ရွာလူထု အခြေပြုခရီးစဉ် (CBT) ငါးခုကိုစပြီး အကောင်အထည်ဖေါ်နေပါတယ်။ CBT ကို ဒေသတစ်ချို့မှာ အကောင်အထည်ဖေါ်တာ နိုင်ငံခြားသားတွေ စိတ်ဝင်စားတာ များတဲ့အတွက် အခုလိုခရီးစဉ်သစ်တွေ အနေနဲ့ ထပ်ပြီးတိုးချဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ် ငါးခုကို လာမည့်ခရီးသွားရာသီအမှီ ဖွင့်လှစ်ပေးသွားမယ်။ အခုလို ခရီးစဉ်သစ်တွေ ဖွင့်လှစ်ပေးတဲ့အတွက် နိုင်ငံခြားသား ခရီးသည်တွေ အနေနဲ့လည်း ဒေသအလိုက် ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်မှာဖြစ်သလို ဒေသခံတွေအနေနဲ့လည်း ဝင်ငွေရရှိနိုင်မှာဖြစ်ပါတယ် " ဟု ဟော်တယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက 7Day Daily သို့ ပြောသည်။

ဒို့ကျေးရွာ 
ကိုရင် ပွ ကြီး

ယောလူငယ်(နေပြည်တော်)အဖွဲ့ (2-10-2016)ရက်နေ့လစဉ်တွေ့ဆုံပွဲ မှတ်တမ်း

ယနေ့ 2- 10- 2016 ရက်နေ့ မနက် 10:00 နာရီတွင် လစဉ်တွေ့ဆုံနေကျဖြစ်သည့် ဓာတုဇယဓာတ်ပေါင်းစုစေတီဝန်းအတွင်းတွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယောလူငယ် အဖွဲ့ဝင် များအပြင် အဖွဲ့ဝင်အသစ် သုံးဦး တက်ရောက်ခဲ့ပါသည်။
အဖွဲ့ဝင်သစ်များအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ယောလူငယ်အဖွဲ့အနေဖြင့် စွမ်းသမျှကို ဆောင်ရွက်နေကြပါကြောင်း၊ တစ်ယောက်တစ်လက်အား ဖြင့် ယောဒေသအကျိုးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ယောလူငယ်အဖွဲ့သည် နေရာဒေသ အခြေအနေအရသာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ကွဲပြားနေပါသော်လည်း တစ်ဖွဲ့တည်းသာဖြစ်ပါကြောင်း တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မိမိတို့နှင့် နီးစပ်သူ/ဆက်စပ်သူ ပြည့်စုံသူများကိုလည်း တိုက်တွန်းနှိုးဆော်စေလို ပါကြောင်း၊ ဒေသအကျိုးကို ဒေသခံများ/ စီမံခန့်ခွဲနိုင်သူများ/လမ်းညွှန်ပေးနိုင် သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လစဉ်ကြေး ကောက်ခံခြင်း၊
အသင်းဝင်အသစ်များအား မိတ်ဆက်ပေးခြင်း၊
လမည့်​လ​တွေ့ဆုံပွဲနှင့်​အတူကထိန်​သင်္ကန်းဆက်​ကပ်​ပွဲ ပြုလုပ်​ရန်​ဆုံးဖြတ်​ပြီး အဖွဲ့ဝင်သစ်ဖြစ်သူ ကိုဇော်ထွန်းမှ မနက်စာကျွေးမွေးဧည့်ခံပြီး တွေ့ဆုံပွဲကိုအောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း မှတ်​တမ်းတင်​အပ်ပါသည်။
                                                                           ယောလူငယ်ပြန်ကြားရေးအဖွဲ့
                                                                                 3 .10 .2016

ယောနယ် တစ်ခွင်ရှိ ရှေးဟောင်းအမွေအနှစ် များကို ၀ိုင်းဝန်း ထိန်းသိမ်းကြပါစို့ 

ရှေးဟောင်းအမွေအနှစ် ရောင်းဝယ်ဖောက်ကားရေး ဝိသမလောဘသားတွေ ယောနယ်ထဲကို တကျော့ပြန်ဝင်နေကြပြီ။
မနေ့က ထီးလင်းနယ်ဖက်ကို ခရီးဆန့်သွားကြတယ်။ တနေ့က ကျောက်ထုဒေသက ရွာတရွာမှာ ရှေးဟောင်းပေမူအုပ်တအုပ်ကို သိန်း ၈၀နဲ့ ဈေးဖြတ် ဝယ်ယူသွားခဲ့တယ်။
ကျောက်ထုမြို့ပေါ်က ဒေသခံတယောက်ကိုယ်တိုင် တလလောက်အကြိုကတည်းက ကြိုတင် စီစဉ်ညှိနှိုင်းထားတယ်လို့ သိရတယ်။
ကျနော်တို့ဒေသခံ တက်ကြွသူတွေအနေနဲ့ ရှိစုမဲ့စု လက်ကျန် ဘိုးဘွားအမွေအနှစ်လေးတွေကို ရသလောက်မှတ်တမ်းလေးတွေတင် စရင်းလေးတွေပြုစုတာ၊ အသိပညာပေးစကားဝိုင်းလေးတွေလုပ် နှီးနှောမှု့လေးတွေ တတ်နိုင်သလောက် လုပ်ခဲ့ကြပါတယ်။နောင်များ ပံ့ပိုးမှု့တွေရှိလို့ လုပ်နိုင်ချိန်မှာ ပြတိုက်ဆောက် ထိမ်းသိမ်းထားဖို့ထိ အိမ်မက် မက်ထားကြပါတယ်။ ခုလို အခြေနေကြုံရတော့ အတော်လေး ဆို့ဆို့နင့်နင့် ဖြစ်ရပါတယ်။
လောလောဆယ် ကျောက်ထု ရဲစခန်းကို သတင်းပေးပို့ထားတယ်လို့ ဒေသခံ တစ်ယောက်ကပြောပါ တယ်။ ဒီထက်ကောင်းတဲ့အကြံဥာဏ်နဲ့ အကူအညီများကို နိုင်ငံ့အမွေအနှစ်၊ဘိုးဘွားတို့အမွေအနှစ်များအား တန်ဖိုးထား ချစ်မြတ်နိုးသူတိုင်း ဝိုင်းဝန်း ဆွေးနွေးကာကွယ်ပေးကြဖို့ တောင်းဆိုချင်မိတယ်ခင်ဗျာ။

# ဖျင် ပင်နီချောရယ်နဲ့ ယောထမီ ယောထမီ #

ချစ်သော ယောသူယောသား ဆွေမျိုးများတို့ ရေ. . .
တို့ ယောသူယောသားတွေရဲ့ ရိုးရာဝတ်စုံလေးတစ်ခုကို အမြတ်တနိုးနဲ့ အတူတူဝတ်ဆင်ကြရအောင်လေ ဘယ်လိုသဘောရလဲ . . .တို့ တော့ ဒီလိုလေး စိတ်ကူးမိလို့ ပါ
ကျမတို့ ယောသူ ယောသားတွေ ခေတ်အဆက်ဆက် အမြတ်တနိုးနဲ့ ဝတ်ဆင်လာခဲ့ကြတဲ့ ယောပုဆိုး နဲ့ ယောလုံချည်လေးတွေကို ယောနယ်မှာကိုယ်တိုင်ရက်လုပ်တဲ့ဖျင်ပင်နီနဲ့ တွဲဖက်လို့ ရိုးရာအစဉ်အလာ ပွဲတွေမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝတ်ဆင်ကြမလားလို့  . .
ကျမတို့ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား သီချင်းလေးဖြစ်တဲ့
* လုံမလေးကိုနော်ဗျာ သူ့အမေရိုက်ပါလို့  အစချီတဲ့ . . မောင်တို့ရွာမှာလေဘာ ဘာတွေပေါပါတယ်၊ ဖျင်ပင်နီချောရယ်နဲ့ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်ပေးချင်သည် လှစေချင်သည် * အဆိုတော်တွေက အဲလိုသီဆိုခဲ့ကြတာပါလေ။
တကယ်တမ်းတော့ ယောလုံချည်ဆိုတာကို ယောသူယောသားတိုင်း မြတ်နိုးစွာ ဝတ်ဆင်ခဲ့ကြပေမယ့် အစဉ်အလာကြီးမားတဲ့ ပင်နီချောကိုတော့ ကျမတို့ ယောသူယောသားတွေ မြတ်နိုးတန်ဖိုးထားစွာ ဝတ်ဆင်ခဲ့ကြမယ်လို့ ယုံကြည်ရပေမယ့် ခုနောက်ပိုင်းဝတ်ဆင်တာ မတွေ့ရတော့သလောက်ပါပဲ ။
ကိုယ်တိုင် ဝါစိုက် ဗိုင်းငင် ယက်ကန်းခတ်ပြီး ဝါနီဖျင်တွေ ရက်လုပ်ခဲ့ပေမယ့် ပွဲနေပွဲထိုင် ဝတ်စုံအဖြစ် ဖျင်ပင်နီ မဝတ်ခဲ့ကြပါဘူး ။ရာသီဥတု ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်တိုင်ရက်လုပ်တဲ့ အထည်ကို အကြမ်းထည်အဖြစ်နဲ့ ဝတ်ဆင်ခဲ့ကြတဲ့အဖြစ်က တွေးကြည့်ရင် စိတ်မကောင်းစရာပါဘဲရှင်။ အဲဒါကြောင့် အခုချိန်ကစပြီး ကျမတို့ ယောနယ်ကထွက်တဲ့ ဖျင်ပင်နီနဲ့ ယောချိတ်လုံချည်ကိုတွဲဖက်ဝတ်ဆင်ကြပြီး ယောသူယောသားတွေ ပွဲလယ်တင့်ကြပါစို့ လို့  တိုက်တွန်းနှိုးဆော်ပါရစေ။
ပြောပြရအုံးမယ် အမျိုးတို့ ရေ. . .ဟိုတစ်လောက ပင်လုံတိုင်းရင်းသား လူငယ်ညီလာခံ ကို ယောလူငယ်အဖွဲ့ကိုယ်စား အဖွဲ့ဝင်ယောသူယောသားတွေ တက်ရောက်ခွင့်ရကြတော့ . . ရိုးရာဝတ်စုံ ကိစ္စကို တိုင်ပင်ကြ ဆွေးနွေးကြရပါတော့တယ်. . အခြားသော တိုင်းရင်းသားလူမျိုးစုတွေမှာ ကိုယ်စီရိုးရာ ဝတ်စုံတွေရှိနေကြပေမယ့် ကျမတို့  ယောသူယောသားတွေမှာတော့ သတ်သတ်မှတ်မှတ် ဝတ်လာခဲ့ကြတဲ့ ဝတ်စုံဆိုတာမရှိခဲ့သလိုပါဘဲရှင့်။ ယောသားတွေအတွက် ယောပုဆိုးအညို နဲ့ ပင်နီတိုက်ပုံကို အရင်ကတည်းက ဝတ်ခဲ့ကြပေမယ့် ယောသူတွေအတွက်က အစဉ်တစိုက်ဝတ်လာခဲ့တာမျိုး မရှိခဲ့ကြဘူးထင်ပါတယ်။
ဒါ့ကြောင့် ယောသားတွေအတွက် ဖျင်ပင်နီတိုက်ပုံလေးနဲ့ ယောပုဆိုးလေးတွေကို ဝတ်ဆင်ကြပြီး ယောသူတွေအတွက် ဖျင်ပင်နီရင်ဖုံးအင်္ကျီ ကို ယောချိတ်အညို ရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်ကြရင် ပွဲလယ်တင့်မလားလို့  ရင်ထဲရှိတာလေးပြောပြတာပါရှင့်. .
ယောသူလေးတွေအားလုံး ယောဝတ်စုံလေးကို စိတ်ဝင်စားစွာ ဝတ်ဆင်လိုစိတ်ဖြစ်ပေါ်ကြပါစေလို့ ဆုတောင်းလျက် . . .
-------------------------------------------------------Thi Thi
ယောလူငယ်အဖွဲ့ ဗဟို၏ ယခုလတွေ့ဆုံပွဲတွင်
ယောဒေသယက္ကန်းလုပ်ငန်းအား အထောက်အကူဖြစ်စေရန်
ရိုးရာ ဝတ်စုံများပြန်လည် ပေါ်ထွန်းစေရန်အတွက်
ယောလူငယ်အဖွဲ့ပွဲတက် ဝတ်စုံအဖြစ် အဖွဲ့ဝင်အမျိုးသားများအတွက်
ယောပင်နီ တိုက်ပုံ နှင့် ယောပုဆိုးအား၎င်း/အမျိုးသမီးများအတွက် ပင်နီအင်္ကျီ
နှင့် ဖော်ပြပါ ယောချိတ်လုံချည်အား၎င်း ဝတ်ဆင်သွားကြရန် တိုင်ပင်ဆွေးနွေး
ခဲ့ကြပါတယ်ရှင့်။

Photo Credit to Up loader
ယောလူငယ် ပြန်ကြားရေး

ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ဒုတိယအကြိမ်​​တွေ့ဆုံ​ဆွေး​နွေးပွဲ ကျင်းပပြီးစီးခြင်း

14.9.2016ရက်​​နေ့ မ​ကွေးတိုင်း​ဒေသကြီး ဂန့်​​ဂေါခရိုင်​/ဂန့်​​ဂေါမြို့နယ်​ ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ဒုတိယအကြိမ်​​တွေ့ဆုံ​ဆွေး​နွေးပွဲကို ကျင်းပပြုလုပ်​ခဲ့ကြပါသည်
( ၁ )မ​ကွေးတိုင်းလူငယ်​ကွန်​ရက်​အဖွဲ့မှလူငယ်​မူဝါဒ အ​ကြောင်းသိ​ကောင်းစရာများအား ကန်ဒသလုံးဆိုင်ရာကိုယ်စားလှယ်နှစ်ဦးအဖြစ် တက်ေ​​​ရာက်ခဲ့ကြသော​ကိုငြိမ်းမင်းထွန်း နှင့်​ မကြည်ကြည်​ခိုင်​တို့မှ​ဆွေး​နွေးပွဲ့အ​တွေ့အကြုံများကို တင်​ပြခဲ့ကြပါသည်​၊
(၂)ကန်​​ဒေသလုံးဆိုင်​ရာ ​ယောလူငယ်​အဖွဲ့၏ ​ရှေ့လုပ်​ငန်း​စဉ်​များအား ​ဆွေး​နွေးအတည်​ပြုခဲ့ကြပါသည်။

                                                                                  ပြန်ကြားရေး 

                                                                         ( ​ယောလူငယ်​အဖွဲ့ Online )



ယောလူငယ် (online) (ဗဟို) လစဉ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

ယောလူငယ်(ဗဟို)အဖွဲ့ လစဉ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (11.9.16) တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ အချိန်တွင် စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ၌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ယနေ့ တွေ့ဆုံပွဲသို့  ယောသားဧည့်သည်များဖြစ်တဲ့ ဦးသန်းထွန်း| ယောသွေးနီ | ဦးဝင်းဇော် (ကျောက်ထု) တို့ သည်လည်း စိတ်ဝင်တစားဖြင့် တက်ရောက်ခဲ့ကြပါတယ်ရှင့်။
၎င်းတို့နှင့်အတူ ယောလူငယ်အဖွဲ့ဝင်များ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အသင်း၏ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်ရှင့်။
ထိုဆွေးနွေးပွဲတွင် MRTV မှ ယောဒေသအတွင်းရှိ ယောအလှ ယောသဘာဝရိုက်ကူးရေးအတွက် ကုန်ကျငွေ လက်ကျန်ရှင်းတမ်းများကို ဆွေးနွေးတိုင်ပင်ခြင်း/ ပင်လုံလူငယ်ညီလာခံ အတွက် ကုန်ကျငွေစာရင်းများ အားပြန်လည်စစ်ဆေး တင်ပြပြီး အတည်ပြု ရှင်းလင်းခြင်းများအပြင် ယောဒေသလက်ရှိကြုံတွေ့နေရသော အခက်အခဲအချို့အတွက် ယောလူငယ်ခေါင်းကြီးပိုင်းမှ လတ်တလော ဖြေရှင်း ဆောင်ရွက်နေမှုများအား ဗဟို ဥက္ကဋ္ဌနှင့်အတွင်းရေးမှုးများမှ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ယောသူယောသားများ၏ ရိုးရာ ဝတ်စုံဖြစ်သော ပင်နီချောနှင့်ယောထမီ ကို ယောသူယောသားများအနေဖြင့် အမြတ်တနိုး ဝတ်ဆင်သွားကြရန် ယောလူငယ်အဖွဲ့များမှ အစပြု၍ တူညီဝတ်စုံ ဝတ်ဆင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ယောသားများ ပွဲတက်ဝတ်စုံအဖြစ် ယောပုဆိုးနှင့် သဘာဝချည်ထည် ပင်နီတိုက်ပုံ ကို စဉ်းစားပြီး/
ယောသူ မိန်းကလေးများအနေဖြင့် ယောလုံချည် အချိတ်ဆင် နှင့် သဘာဝချည် ပင်နီရင်ဖုံး တို့ကို ယောဓလေ့ရိုးရာ မပျောက်ပျက်အောင် ထိန်းသိမ်းဝတ်ဆင်ကြရန် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ကိုမောင်ချိုထံမှတဆင့် ပေးပို့သော ယောသမိုင်း ကျမ်းစာအုပ်အား မှာကြားထားသူများထံ လက်ရောက်ပေးပို့ရန်
အသီးသီးတာဝန်ခွဲဝေကြပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာတော့ မရွှေဝိုင်းမှ ယောဒေသထွက် သီးနှံဖြစ်သော မလိုင်ပဲပြုတ်သုပ်ခဲ့သလို ယောသားမဟုတ်သော်လည်း ယောလူငယ်အဖွဲ့နဲ့ လက်တွဲလို့ ယောဒေသအကျိုးတွေကို စိတ်အားထက်သန်စွာ ဝိုင်းဝန်းလုပ်ဆောင် ပေးနေသော ယောလူငယ်အဖွဲ့ဝင် ကိုမျိုးမြင့်အောင် မှ သူ့ သားလေးမွေးနေ့ အလှူ အဖြစ် Shwe Pu Zun (Marble Cake) နှင့် ညီမငယ် မခင်လေးကြူ မှ ပဌာန်းစာအုပ်/Birthday Cake /Coffee နှင့် ယောအလွမ်းပြေ မုန်ညင်းချဉ်သုပ် ကိုပါ မွေးနေ့အလှူ အဖြစ် ကျွေးမွေးကြသဖြင့်ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်ကြပြီး ညနေ ၄ နာရီ ခွဲ အချိန်တွင်ရုပ်သိမ်းခဲ့ကြပါတယ်။
တွေ့ဆုံပွဲ အပြီး အိမ်အပြန်လူစုမကွဲမီ မစုစုအေး ရဲ့မွေးနေ့ အကြို အဖြစ် ညနေစာကို တည်ခင်းကျွေးမွေးခဲ့ပါတယ်။ ယနေ့ အတွက်ကျွေးမွေးကြသော စေတနာရှင်များအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ သလျက်
ယောသူယောသားများ ချစ်ခင်စည်းလုံးစွာဖြင့် ယောနယ်အကျိုးကို ဆက်လက်ထမ်းဆောင်ကြပါစို့ . .
                                                                                 ပြန်ကြားရေးအဖွဲ့
                                                                                   ယောလူငယ်


Sunday, August 28, 2016

ကန်ဒေသ ယောလူငယ် (Online) ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ

26 .8 2016
သောကြာနေ့ ညနေ ၆နာရီမှာ
ကန်ရွာပစ္ဆိမာရုံအောင်ရတနာ
ကျောင်းတိုက်တွင်
ပထမဦးစွာ မစန္ဒာလင်းမှ
(၁)အခမ်းအနား ဖွင့်လစ်ကြောင်းကြေငြာခဲ့ပြီး
(၂) ဦးတင်ဇော်မင်း (အုပ်ချုပ်ရေးမှူး ) (နာယက) က အမှာစကားပြောကြားခြင်း
(၃) နာယကဆရာတော်ဥူးးဇ၀နမှ ရည်ရွယ်၊ရည်ညွှန်း၊လုပ်ဆောင် ချက်ပြောကြားရန်
(၄)ရန်ပုံငွေ ရှာဖွေ၊တိုးပွား၊သုံးစွဲ ဆွေးနွေးရန်
(၅) အဖွဲ့ ဝင်များမှ မိမိဆန္ဒကို ဆွေးနွေးရန်
(၆) ဆွေးနွေးချက်များကို အဖွဲ့ဝင်အားလုံးမှ ဆုံးဖြတ် အတည်ပြုရန်
ဆွေးနွေးကြပြီးအဖွဲ့ ဝင်ဖောင်များဖြည့်စွက်ခဲ့ကြပါတယ်။
အဖွဲ့ဝင် ရန်ပုံငွေ (129,000 ကျပ် ) တစ်သိန်း နှစ်သောင်း ကိုးထောင် ကျပ် ရရှိခဲ့ပါတယ်။
အဖွဲ့ဝင် ဖောင်ဖြည့်စွက်သူ ( ၃၄ ) ဦး ရှိပါတယ်။
ထို့နောက် တွေ့ဆုံပွဲအောင်မြင်စွာပြီး ဆုံးကြောင်းကြော်ငြာပြီး
ဥူးဇင်းဇ၀န(နာယက)ရေးစပ်ထားသော "မင်္ဂလာပါ ယောလူငယ် " သီချင်းကိုသံပြိုင် သီဆိုကြပြီး တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။
                                                                                 ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

ဒုတိယ အကြိမ်မြောက် ယောလူငယ် ( မန္တလေး )ခအဖွဲ့  ဝါဆို သင်္ကန်းကပ်လှူ

ယောလူငယ် (မန္တလေး) အဖွဲ့  ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို 21.08.2016 ( တနင်္ဂနွေ နေ့  ) တွင် ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်တွင် နံနက် ၁၀ . နာရီ ခန့် အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
ရှေးဦးစွာ ပင့်လျှောက်ထားသော မန္တလေး ယောအသင်း ၏ သြဝါဒါစရိယ ဆရာတော်ကြီး များအား ဝါဆို သင်္ကန်း နှင့် လှူဖွယ်ဝတ္ထု များ ကပ်လှူ ပူဇော်ခြင်း - ငါးပါး သီလ ခံယူဆောက်တည်ခြင်း - အဆုံးအမ သြဝါဒ များ ခံယူခြင်း နှင့် အနုမောဒနာ တရားများနာကြားကာ ရေစက်သွန်းချ အမျှ ဝေ ခဲ့ကြပါသည် ။
ထို့ နောက် ဆရာတော်ကြီး များနှင့် တကွ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက် ရှိ သံဃာတော် အရှင်သူမြတ် တို့ အား နေ့ ဆွမ်း နှင့် တကွ သစ်သီးစားဖွယ်စုံ အချိုပွဲ များအား ဆက်ကပ် လှူဒါန်း ခဲ့ပါသည် ။
ကြွရောက်လာသော ဧည့်ပရိတ်အပေါင်း အား နေ့လည်စာ နှင့် ရေခဲ့မုန့်  အစ ရှိသော အချို ပွဲ များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခြဲ့ကပါတယ် ခင်ဗျာ ။
အလှူပွဲ ဖြစ်မြောက်ရေး အတွက် ကာယအား -ဥာဏ အား - ဝီရိယ အား နှင့် အလှူငွေ ထည့်ဝင် လှူဒါန်းပါဝင်သော ယောလူငယ် အဖွဲ့ ဝင် အသီးသီး နှင့် အလှူရှင် အပေါင်း တို့အား လှိုက်လဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
                                                                                       ယောလူငယ် ပြန်ကြားရေး။


ကန်ဒေသယောလူငယ် စတင်ဖွဲ့စည်းခြင်း

၂၀.၈.၂၀၁၆ စနေနေ့  နေ့လည် ၁၂ နာရီ အချိန်တွင်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ရွာ အနောက်ကျောင်း ( ပစ္ဆိမာရုံ အောင်ရတနာကျောင်းတိုက်)တွင် ဥူးဇင်းဇဝန ဦးဇော်ထွန်းဦး ဦးညီထွန်း ဦးတင်ဇော်မင်း နှင့် အခြားသော လူငယ်များမှ အင်အားဖြည့် ကမကထ ပြုလုပ်၍ ကန်ဒေသ ယောလူငယ်အဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ရပ်မိရပ်ဖများအပါအဝင် လူအင်အား (၄၀) ကျော်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားမှူးအဖြစ် မနေဇာမျိုး မှ ဆောင်ရွက်ကာ ဆော ထီးလင်း ကျောက်ထု ဘက်မ ယောလူငယ် အဖွဲ့ ဝင်များ ပါဝင်အားဖြည့်မှုနဲ့ ကန်ဒေသ ဆိုင်ရာ ယောလူငယ်အဖွဲ့ ကို စတင် ဖွဲ့ စည်းခဲ့ပါသည်။ကန်ဒေသ ယောလူငယ်အဖွဲ့တွင်
🌍နာယက
ဥူးဇဝန
ဦးတင်ဇော်မင်း (အုပ်ချုပ်ရေးမှူး)
ဦးသန်းကြိုင်

🌍ဥက္ကဌ
ဦးဇော်ထွန်းဦး
🌍အတွင်းရေးမှူး
၁။ ငြိမ်းမင်းထွန်း
၂။ အောင်ဆန်းဝင်း
၃။ ဇေယျာမင်း
🌍ဘဏ္ဍာရေး
၁။ မခိုင်ဇာဝင်း
၂။ကိုညီညီထွန်း
🌍စာရင်းစစ်
၁။ ကိုသီဟစိုး
၂။ မမြင့်မြင့်ကြူ
🌏 ပြန်ကြားရေး
၁။ ကိုဝင်းဆန်း
၂။ မသီရိရွှေလင်း
၃။ မစန္ဒာလင်း
အဖွဲ့ဝင် ၁၈ ယောက် စုစုပေါင်း ၃၂ ယောက်ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။
ဒေသအသီးသီးရှိ ယောလူငယ် ပရဟိတအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ကာ ယောနယ်ကောင်းကျိုး အတူထမ်းပိုးကြရန် စိတ်ပါဝင်စားစွာဖြင့် ကန်ဒေသ ယောလူငယ်ဖွဲ့စည်းလိုပါသော ဒေသခံများအား ကျေးဇူးအထူးတင်ရှိပါသည်။
26-8-2016 ရက်နေ့ ဥပုသ်နေ့တွင် ကန်ဒေသ ယောလူငယ် အဖွဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပမှာဖြစ်တဲ့အတွက် အသင်းဝင်များနဲ့တကွ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာ ပါဝင်နိုင်ကြပါတယ်ဆိုတဲ့ သတင်းကောင်းလေးနဲ့အတူ ကန်ဒေသ ယောလူငယ်အဖွဲ့အား ကြိုဆိုဂုဏ်ပြု လိုက်ပါတယ်ရှင်. . .
                                                                               ယောလူငယ်အဖွဲ့( ပြန်ကြားရေး )

ယောသဘာဝ ယောအလှ MRTV မှ ရိုက်ကူးရေး

MRTV မှ ရိုက်ကူးရေးအဖွဲ့သည် တောင်သားလူမျိုးစုနှင့် ယောဒေသအကြောင်း မှတ်တမ်း ရုပ်သံ ရိုက်ကူးရေးအတွက် ယောလူငယ်အဖွဲ့နှင့်ချိတ်ဆက်ပြီး ရိုက်ကူးရေးလုပ်ငန်းများကို 16-8-2016 မှစတင်နေပါပြီ။
ယောလူငယ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဒေသခံ ရပ်မိရပ်ဖများ/ တောင်သားရေးရာ
ကော်မတီ/ ရွာခံဆရာတော်များနှင့်တိုင်ပင်ကာ အကူအညီများ ရယူ၍ ရိုက်ကူးရေးအဖွဲ့ အဆင်ပြေချောမွေ့စေရန် လိုက်ပါစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။
ယောလူငယ်အဖွဲ့ ကိုယ်စားလှယ်များလိုက်ပါစီစဉ်ပေးနေသော MRTV ရုပ်သံ ရိုက်ကူးရေးသည်ရက်သတ္တပါတ် တစ်ပါတ်(16-8-16 မှ 22-8-16)အချိန် ရရှိမည်ဖြစ်သဖြင့် မိုးလေဝသ အဆင်ပြေကောင်းမွန်ပါက ယောဒေသအနှံ့ နေရာအတော်များများပါဝင်ရိုက်ကူးနိုင်ရန် အစီအစဉ်များ ရေးဆွဲထားပါတယ်။
၁။ ပထမနေ့ (16-8-2016) တွင် တောင်သားဓလေ့ရိုးရာများကို စတင်ရိုက်ကူးပြီးစီးပါပြီ။
၎င်းရိုက်ကူးရေးတွင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ တောင်သားရိုးရာဓလေ့ ပန်းဆီမီးပူဇော်ပွဲ ကိုရွာသူရွာသားများ ကူညီမှုဖြင့် စည်ကားလှပ သဘာဝကျစွာပြီးဆုံးခဲ့ပါပြီ။
၂။ ဒုတိယနေ့ (17-8-16) တွင် ထီးလင်းမြို့နယ် ဝက်သက်ရွာမှာ ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ကိုယ်စီဖြင့် ဆွမ်းပို့ သည့် ဓလေ့ ကိုရိုက်ကူးခဲ့ကြပါတယ်။ဝက်သက်ရွာရဲ့ ယနေ့တိုင်ရှိနေဆဲဖြစ်သော ရှေးရိုးရာ အသုံးအဆောင်ပစ္စည်းများဖြင့် မှတ်တမ်းတင်ဓာတ်ပုံများလည်းရိုက်ကူးခဲ့ပါတယ်။ ကျွန်းတိုင်ပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့ ရှေးဟောင်းကျောင်းကြီး၏ကျောင်းအောက်တွင် အင်္ဂတေလောင်းနေခြင်းနှင့်ကြုံကြိုက်နေသဖြင့်ယောလူငယ်အဖွဲ့မှနှစ်သောင်းကျပ်ကုသိုလ်ပါဝင်လှူဒါန်းခဲ့ပါတယ်ရှင့်။
၃။တတိယနေ့ (18-8-16)တွင် ထီးလင်းမြို့နယ် အိုင်းမရွာတွင် နေ့ ခင်းပိုင်းအချိန်မှာတော့ ယောဒေသရဲ့ ရိုးရာလုပ်ငန်းတစ်ခုဖြစ်တဲ့ ဝါကြိတ် ဝါဖန် ဗိုင်းငင်မှအစပြု ၍ ကျမတို့ ယောသူယောသားတွေ ဝတ်ဆင်အသုံးပြု ကြသော ချည်ထည်တစ်ခုဖြစ်လာပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ရိုက်ကူးပြီးပါပြီ။အဲဒီ့နောက်မှာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အင်မတန်ရှေးကျလှသော သံချက်ဖိုများ ၊ပန်းပဲဖိုများ၊ရေချမ်းစင်နှင့်ဇရပ်ဓလေ့များ အကြောင်းကိုပါ ရိုက်ကူးဖြစ်ပါတယ်။ ကျမတို့ ယောသူယောသားတွေဟာ ဟိုရှေးယခင်ကတည်းကစ အစားအစာအတွက် ကိုယ်တိုင်တောင်ယာလုပ်စိုက်ပျိုး ပြီး အဝတ်အထည်တွေကိုယ်တိုင်ရက်လုပ်လို့  သံထည်ပစ္စည်းများကိုလည်း ကိုယ်တိုင်ထုခတ် ဖန်တီးသုံးဆောင်လာခဲ့ကြတဲ့ သက်သေသာဓကအဖြစ် ယခုတိုင် ကျန်ရှိနေဆဲ သမိုင်းဝင်တဲ့ အထောက်အထားတွေလို့ ယူဆမိပါတယ်ရှင့်။
ညပိုင်းမှာတော့ ဖိုက်ခြင်တောင်းကပွဲ ရိုက်ကူးရေးအစီအစဉ်ကို ဆက်လက်ရိုက်ကူးပါတယ်။ တောသူတောင်သား ကျမတို့ ဘိုးဘွားတွေရဲ့ စိတ်သဏ္ဍာန်မှာ မိုးရွာသွန်းစေနိုင်တယ်လို့ ယုံကြည်ကြသော ဖိုက်ခြင်တောင်း ကပွဲကိုမိုးခေါင်တဲ့နှစ်တချို့တွေမှာ ပြုလုပ်နေကျ ဖြစ်ပါတယ်။ ရှေးရိုးရာ အစဉ်အလာတစ်ခုကို ပြန်လည်ဖော်ထုတ်ရိုက်ကူးကြတဲ့ ဖိုက်ခြင်တောင်း ကပွဲကို
မြို့နယ်ဌါနဆိုင်ရာ အကြီးအကဲများအပါအဝင် ယနေ့ ခေတ်လူငယ် တော်တော်များများ ကြည့်ရှု့လေ့လာသူအများအပြားဖြင့် စည်ကားခဲ့ပါတယ်ရှင့်။
ယောလူငယ်အဖွဲ့ နှင့် MRTV ရုပ်သံတို့ ပူးပေါင်းပြီး ယောတို့ ဓလေ့စရိုက် ယောတို့ ရိုးရာထုံးတမ်းအစဉ်အလာများကိုယောနယ်အနှံ့ ဒေသမခွဲခြားဘဲ ရိုက်ကူး ပုံဖော်ကြမှာဖြစ်ပါတယ်။
ယနေ့မှာတော့ (19-8-16) တွင် ဂန့်ဂေါမြို့နယ် မင်းရွာ သမိုင်းဝင်ရှေးဟောင်းပိဋကတ်တိုက်နှင့်မကွေးတိုင်း ဂန့် ဂေါမြို့နယ် အတွင်းရှိ ခမ်းနားကြီးကျယ်သော သဘာဝတရားတို့ တည်ရှိရာ ကျောက်ဂူရေထွက်တောရရဲ့အေးချမ်းသာယာတဲ့ရှုခင်းအလှတွေ တည်ရှိရာ ဆရာတော်ဘုရားကြီး၏ဘုန်းတန်ခိုးမေတ္တာတရားတွေကြောင့် သူတော်စင်များကွန်းခိုရာနိဗ္ဗာန်တံခါးဝနေရာလေးတစ်ခုကို အများပြည်သူ စိတ်ပါဝင်စား သာဓုနုမော်ခေါ်နိုင်စေရန်ကျောက်ဂူတောရရိပ်သာမှာ ရိုက်ကူးကြမှာဖြစ်ပါတယ်။တဆက်တည်းမှာဘဲ ယောနယ်ကိုချစ်သော ယောနယ်အကျိုးကို လက်တဖက်စီဖြင့် ကူညီသယ်ပိုး ထမ်းရွက်လိုသော ညီ ညီမငယ်လေးတို့ ရဲ့ဆန္ဒတစ်ခုကို အကောင်ထည်ဖော်ပေးနိုင်မယ့် သတင်းကောင်းလေးတစ်ခုအနေဖြင့်. . . ဂန့် ဂေါမြို့နယ် ကန်ကျေး ရွာမှ ညီအကို မောင်နှမ များပါဝင်သောယောလူငယ်အဖွဲ့ ကိုလည်း ဖွဲ့စည်းဖြစ်ကြမှာပါ။ ယောနယ်ကောင်းကျိုး တွေကို ယောလူငယ်အဖွဲ့အချင်းချင်းနဲ့ပူးပေါင်းလုပ်ဆောင်သလို အခြားပရဟိတအဖွဲ့များနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားနိုင်အောင် ချိတ်ဆက်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်ရှင့်။ ယောလူငယ်အဖွဲ့ ဖွဲ့စည်းလိုစိတ်ရှိကြပါသော ဒေသခံ ညီအစ်ကို မောင်နှမများကိုလည်း ကျေးဇူးတင်ဝမ်းမြောက်စွာနဲ့ကြိုဆိုလျက်ပါ....
တစ်ခုတော့ ကြိုတင်ပြောထားပါရစေအုံး. . . MRTV ရိုက်ကူးရေးအဖွဲ့နှင့် ယောလူငယ်အဖွဲ့တို့ ရိုက်ကူးရေးအစီအစဉ်များကို ရတဲ့အချိန်အခိုက်အတန့် လေးမှာ ယောဒေသအတွင်း နေရာအနှံ့ပါနိုင်အောင် ယောလူငယ်အဖွဲ့အနေဖြင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့  ကျိုးစားလုပ်ဆောင်သွားပါ့မယ်။အကယ်၍ အခက်အခဲ တစ်စုံတရာ( ရာသီဥတု/အချိန်/ဘဏ္ဍာရေး)ကြောင့် စီစဉ်ထားသော်လည်းအဆင်မပြေခဲ့ခြင်းမျိုးဖြစ်ပေါ်လာခဲ့ပါကယောသူယောသားတွေရဲ့ရိုးသားတဲ့အခြေခံ စိတ်အစဉ်ဖြင့် ခွင့်လွှတ်နားလည်ပေးကြစေချင်ပါတယ်ရှင့်။
                                                                                              ပြန်ကြားရေးအဖွဲ့
                                                                                                 ယောလူငယ်

ယောလူငယ် ( ရန်ကုန် ) လစဉ်တွေ့ ဆုံဆွေး နွေးပွဲ ကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့  14-8-2016 တနင်္ဂနွေနေ့  နေ့လည် ၁၂ နာရီတွင်ရန်ကုန်မြို့ စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ ၌ကျင်း
ပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် MRTV မှ ယောဒေသတွင်းရှိ ယောရိုးရာဓလေ့စရိုက်များ/ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ /ရိုးရာယက္ကန်းရက်လုပ်ခြင်းများစသည့် ယောသဘာဝ ယောအလှ နှင့် ဓလေ့စရိုက်များရိုက်ကူးရေး အစီအစဉ်အတွက်တိုင်ပင်ဆွေးနွေး ခဲ့ကြပါသည်။
ထို့ နောက် ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပခဲ့သည့် တိုင်းရင်းသားများလူငယ်ညီလာခံ(Ethnic Youth Conference)သို့ တက်ရောက်ခဲ့သည့် ယောလူငယ်
အဖွဲ့ အလုပ်အမှုဆောင် ဦးဝင်းဇော် (ကျောက်ထု)နှင့် ကိုဥာဏ်ထက်ရှိုင်း(ဗဟို)တို့ မှလူငယ်ညီလာခံ အတွေ့ အကြုံ များကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ယင်းပင်လုံညီလာခံသို့ သွားရောက်ခဲ့သော ယောလူငယ်ကိုယ်စားပြု အဖွဲ့အား ကူညီပေးကြသော အေးသာယာမှ မဝါဝါခိုင်/ပိန္နဲကျေးရွာမှ ကိုအောင်မြင့်စိုး/ မောင်ဇင်ဘိုဘိုအောင်တို့ အားယောလူငယ်အဖွဲ့မှကျေးဇူး အထူးတင်ရှိပါသည်။
တိုင်းရင်းသားလူငယ်ညီလာခံ သို့ တက်ရောက်ခဲ့ကြသည့် ယောလူငယ်အဖွဲဝင်များအား-
၁။ ကိုထူး (မလေးရှား) ၁သိန်း
၂။ကိုယောမင်းစိုး(မလေးရှား) ၁သိန်း
၃။ဦးနေလင်းအောင်+ဒေါ်သက်မွန်ထွန်း ၁သိန်း
၎။ကိုတွက်ပီ (မန္တလေး) ၅သောင်း
၅။မစုစုအေး ( ဗဟို) ၅သောင်း
၆။ဆောယောလူငယ်အဖွဲ့ ၅သောင်း
၇။ကိုယောကို ၃သောင်း
၈။တိုင်းရင်းသားညီလာခံမှ ၁၀၂၂၀၀ ကျပ်တို့ အသီးသီးထောက်ပံ့လှုဒါန်းခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့မှလည်း မှလည်း ပင်လုံလူငယ်ညီလာခံသို့  သွားရောက်ခဲ့ကြသည့်ယောလူငယ် ၆-ဦးအား တစ်ဦးလျှင် ယောဝတ်စုံတစ်စုံစီနှင့် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ် ၂၀၀၀၀/စီထောက်ပံ့ပေးခဲ့ကြပါသည်။
ပင်လုံညီလာခံအတွက် အထွေထွေကုန်ကျစားရိတ်စုစုပေါင်းမှာ အကြမ်းအားဖြင့်  ၇၂၃,၆၀၀/ကျပ် ဖြစ်ပြီး စေတနာရှင်များမှ ကူညီထောက်ပံ့ငွေမှာ ၅၈၂,၂၀၀/ ဖြစ်သဖြင့် ယောလူငယ်အဖွဲ့ ရန်ပုံငွေမှ ၁၂၁,၄၀၀/ ကျပ် ဖြည့်တင်းထောက်ပံ့ခဲ့ပါသည်။
ထို့ နောက်ယောလူငယ်အဖွဲ့ဝင်အသီးသီးမှချက်ပြုတ်ယူဆောင်လာကြသည့်
မျှစ်စူးထိုးဝက်နံရိုးချက်
ယောပဲပြုတ်
သရက်သီးခြောက် နှင့် ရှပဲချက်
ငါးကင်
ငှက်ပျောဖူးချက်
ပဲမုန့်ကြော်
အစရှိသည့် ယောဒေသထွက်အစားအစာများကို ဝိုင်းဖွဲ့စားသောက်ကြပြီး ဆွေးနွေးပွဲကိုညနေ လေးနာရီအချိန်ခန့် တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
                                                                                         ပြန်ကြားရေးအဖွဲ့
                                                                                            ယောလူငယ်


ဆောဒေသအခြေခံယောလူငယ်အဖွဲ့ တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီးခြင်း (11/8/2016)

ဆောဒေသအခြေခံယောလူငယ်အဖွဲ့သားများလစဉ်တွေ့ဆုံပွဲကို 11-8-2016 နေ့လည်1:00နာရီအချိန်တွင် ဆောမြို့နယ် မင်းလယ်ရွာ လောကချမ်းသာ အောင်သိဒ္ဓိစေတီရင်ပြင်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲအား ကျောက်ထုဒေသ ယောလူငယ်အဖွဲ့နှင့် သီးကုန်းကျေးရွာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းနားမှူးအဖြစ် ယောလူငယ်အဖွဲ့ဝင် မမေသက်ပိုင်မှ ဆောင်ရွက်ပေးပြီး အခမ်းနားကိုအစီစဉ်( ၉ ) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။အစီအစဉ် (၁)အရ ဆောဒေသ ယောလူငယ်ဥက္ကဌ ကိုခင်ဇော်လွင်မှ အဖွင့်စကား ပြောကြားခဲ့ပါသည်။

ထို့နောက်ကျောက်ထုဒေသ ယောလူငယ်အမှုဆောင် ကိုရင်ပွကြီး မှယောလူငယ်ဖွဲ့စည်းဖြစ်တည်ရခြင်းနှင့်ရည်ရွယ်ချက်များကိုပြောကြားဆွေးနွေးခဲ့ပါသည်။ကျောက်ထုဒေသယောလူငယ်အဖွဲ့ ကိုရင်ဒိပ္ပမှ ပင်လုံညီလာခံ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။ဆောဒေသ ယောလူငယ် ကိုမင်းမောင်မှ ဆောအဖွဲ့၏ ရ/ငွေသုံးငွေစာရင်းကို ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ဆောဒေသ ယောလူငယ်အတွင်းရေးမှူး ကိုအောင်ကျော်ဦးမှ ဆောယောလူငယ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် ရှေ့ဆက်ကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆောဒေသမှ ယောလူငယ်အဖွဲ့အနေဖြင့် ပင်လုံညီလာခံ တက်ရောက်ကြသော ယောလူငယ်အဖွဲ့သားများအား မိမိတို့အဖွဲ့မှ တတ်စွမ်းသရွေ့သော ထောက်ပံ့ငွေ (၅၀၀၀၀ ) ကျပ်အား ဆောအဖွဲ့ကိုစား ကိုခင်ဇော်လွင်မှ ကိုရင်ပွကြီးတို့ထံသို့ ထောက်ပံ့ကူညီခဲ့ပါသည်။ တက်ရောက်လာသူများမှ မိမိတို့ မရှင်းလင်းသည်များကို ဆွေးနွေးမေးမြန်း အသိခြင်း ဖလှယ်ခဲ့ကြပါသည်။
သီးကုန်းကျေးရွာမှ ဧည့်သည်တော် ဦးကျော်လှမှအလှူငွေ( ၅၀၀၀ )ကျပ်နှင့် အကြည်ကတင်းဆရာတော်မှ အလှူငွေ (၃၀၀၀၀ )ကျပ်တို့ လှူဒါန်းကြရာတွင် ဆောယောလူငယ်အဖွဲ့ကိုယ်စား ကိုသန်းဇော်ဦးမှ လက်ခံရယူခဲ့ပါသည်။ ညနေ 4:00ရီအချိန်တွင် အခမ်းနားမှူး မမေသက်ပိုင်မှ ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။
                                                                                                     ပြန်ကြားရေး
                                                                                                  ယောလူငယ်အဖွဲ့

Saturday, August 27, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံ

ဇူလိုင်လ (၂၇ )နေ့မှ သြဂုတ်လ ( ၁) နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံမှာ သြဂုတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ယောလူမျိုးစု ကိုယ်စားလှယ် ( ၃ ) ဦး ၊ တောင်သား လူမျိုးစုမှ ကိုယ်စားလှယ် ( ၂) ဦး နှင့် ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် (၁) ဦး စုစုပေါင်း (၆ )ဦး တက်ရောက်ခဲ့ပါသည်။လူမျိုးနွယ်စု တစ်ခုကို ၃ဦးသာ တက်ရောက်ခွင့် ရှိပါသည် ။
ထိုညီလာခံဆုံးဖြတ်ချက်ဖြင့်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ တုင်းရင်းသားလူငယ် မဟာမိတ် အဖွဲ့ ဗဟိုကော်မတီတွင် ယောလူမျိုး (၃) ဦး နှင့် တောင်သားလူမျိုး (၃) တို့ပါဝင်ခွင့်ရရှိခဲ့သဖြင့် ယောလူမျိုးအတွက်တစ်ဦး တောင်သားလူမျိုးအတွက် တစ်ဦး စာရင်းပေးသွင်းခဲ့ပြီးဖြစ်သည်။ ထိုကြေင့် လိုအပ်နေသော အခြားကိုယ်စားလှယ်နေရာများအတွက် တစ်လအတွင်း ပြန်လည်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ ထိုကိုယ်စားလှယ်နေရာများအတွက် ဒေသခံအဖွဲ့အစည်းများနှင့် အမျိုးသားနိုင်ငံရေး ကို တက်ကြွလုပ်ဆောင်နေကြသော ယောသူ၊ ယောသားများနှင့်လည်း ယောလူငယ်အဖွဲ့ အနေဖြင့်တွေဆုံဆွေးနွေးလိုပါသည်။ ယောလူငယ်အဖွဲ့မှ တက်ရောက် ဆွေးနွေးခဲ့သော ပင်လုံမြို့ တိုင်းရင်းသား လူငယ်ညီလာခံမှ ရရှိခဲ့သော သဘောထား ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ
ထုတ်ပြန်ချက်
( ပင်လုံ )
နေ့စွဲ ။ ။၂၀၁၆ ခုနှစ် ၊သြဂုတ်လ ၁ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့တွင် ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ဇူလိုင်လ (၂၇)မှ သြဂုတ်လ(၁)ရက်နေ့အထိ (၆)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ညီလာခံတွင် တိုင်းရင်းသား လူမျိုး၊မျိုးနွယ်စုပေါင်း (၂၆)မျိုး၊ညီလာခံ ကိုယ်စားလှယ်ပေါင်း(၅၂၄)ဦး ၊လေ့လာသူပေါင်း(၈၆)ဦး၊ညီလာခံဖြစ်မြောက်ရေးမတီဝင်များ၊ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း (၁၅၂)ဦး၊စုစုပေါင်း (၇၆၄)ဦး တက်ရောက်ခဲ့သည်။
၂။ ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားတင်သွင်းခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခြင်း
၊တိုင်းရင်းသားလူမျိုး (၂၆)မျိုးမှ စာတမ်း (၂၂)စောင် ဖတ်ကြားတင်သွင်းခြင်းနှင့် အခြားစာတမ်းများကို မှတ်တမ်းတင်ခြင်း၊စာတမ်းများထဲမှ ဖြေရှင်းရန် လိုအပ်သော ပြသနာများကိုရွေးထုတ်ခြင်းနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဖြေရှာခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။မကြာမှီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)သည် နိုင်ငံရေး ပြသနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ တရပ် ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်ျွု့များကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များ ပါဝင်သင့်ကြောင်း ညီလာခံမှ သဘောထား ရှိသည်။
၎။ ငြိမ်းချမ်းလုပ်ငန်းစဉ်ဖော်ဆောင်ရေး ကာလတွင်း ဖက်ဒရယ်စနစ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည် မဖော်နိုင်သမျှ ကာလပတ်လုံး အကြီးစား သယံဇာတထုတ်ယူသုံးစွဲမှု့ စီမံကိန်းများအားလုံးကို ရပ်တန့်ရန် ညီလာခံမှ သဘောထားရှိသည်။
၅။အထက်ပါအပိုဒ်(၅ )ဆုံးဖြတ်ချက်အရ လုပ်ငန်းရေးရာ ကော်မတီများကို ညီလာခံ (၆)ရက်တာအတွင်းတွင် အောက်ပါသဘောထားနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသည်။
(က ) အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ
(ခ ) ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကော်မတီ
( ဂ ) တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ကော်မတီ
( ဃ) မူးယစ်ဆေးဝါး ဆိုင်ရာ တိုက်ဖျက်ရေး ကော်မတီ
( င ) ပြန်လည်နေရာချထားရေး- IDPs/Refugees၊ ပညာရေး၊ကျန်းမာရေး၊စာပေနှင့် ယဉ်ကျေးမှု့ကော်မတီ
(စ ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီးမြှပ်နှံမှု့ ထိန်းသိမ်းကာကွယ်ရေး ကော်မတီ
(ဆ) တိုင်းရင်းသားရေးရာ ကော်မတီ (တိုင်းရင်းသား လူငယ်ရေးရာမူဝါဒ)
၆။သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို လူမျိုး (၂၆ )မျိုးမှ ကိုယ်စားလှယ်(၃)ဦးစီဖြင့် ဗဟိုကော်မတီဝင် (၇၈)ဦး ၊ဗဟိုအလုပ်အမှု့ဆောင် ကော်မတီဝင် (၂၆)ဦးနှင့် လုပ်ငန်းအစုအဖွဲ့ (၇)ခုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
                                                                                     ယောလူငယ် (ပြန်ကြားရေး )