Menu

Thursday, July 28, 2016

တောင်သား လူမျိုးဆိုတာ ပျူ လူမျိုးတွေရဲ့ လက်ကျန်တွေလား

ဆရာကြီးဒေါက်တာသန်းထွန်းက သူ့ရဲ့  ( ပျူတွေ ဘယ်ပျောက်သွားသလဲ ) စာအုပ် အမှာစာမှာ “”အခုထိ ယောနယ်ထဲမှာ ပျူတွေ ရှိသေးတယ်လို့ ပြောပါတယ် ။ သို့သော် အလွန်ရှားပါးသွားပါပြီ” …. ဆိုပြီး ရေးထားတာကို ဖတ်ရပါတယ် ။ ဆရာကြီးပြောတဲ့ စကား အသွားအလာကိုကြည့်ရရင် ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ အဆိုကို တိတိကျကျ မငြင်းပယ်ထားဘဲ အတည်ပြုလက်ခံဖို့ကျတော့လည်း သုတေသနပြုမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုချင်ပုံရတယ် ။ “သို့သော် အလွန်ရှားပါးသွားပါပြီ” ဆိုတဲ့ စကားကတော့ ယောနယ်ထဲမှာ ပျူလူမျိုးလက်ကျန်တွေ အနည်းနည်းလေးပဲ ဖြစ်ဖြစ် ရှိနေတယ်ဆိုတာကို လက်ခံထားသိလိုပါပဲ ။
ပုဂံခေတ်ဦး သမုဒ္ဓရာဇ်မင်းလက်ထက်မှာ ပျူလူမျိုးတွေဖြစ်တဲ့ မောင်စိန့် ခေါ် ငစိန့်တို့တစ်စုက ပန်းပဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း ပုပ္ပါးအရပ်မှာ နေထိုင်ကြတယ် ။ တစ်နေ့မှာ ပုဂံမင်း သမုဒ္ဓရာဇ်မင်းဟာ တစ်ပါးသူရဲ့ ကုန်းချောမှုကြောင့် မောင်စိန့်တို့ လူတစ်စုအပေါ် မျက်ဒေါသထွက်ပြီး သေမိန့်ပေးခဲ့တယ် ။ အဲဒီအချိန်မှာ မောင်စိန့်နဲ့ စန္ဒာဒေ၀ီ မိဘုရားအပါအ၀င် လူတစ်စုဟာ နေရင်းအရပ်ဖြစ်တဲ့ ပုပ္ပါးဒေသကို ထားခဲ့ပြီး ပခုက္ကူနယ် အတွင်းက ပုခန်းကြီးရပ် ၊ သံဖိုကြီးအရပ် တို့မှတဆင့် ယခု ယောနယ်ထဲကို ပြေးဝင်ကြတယ် ။ ခရီးလမ်းတစ်လျှောက် လမ်းခရီးကကြမ်းထမ်းပြီး တောကြီးတောင်ကြီးတွေကို ဖြတ်သန်းရတယ် ။ ပြေးထွက်လာတဲ့ အထဲမှာ မိန်းမသားတွေက အလွန်မောပန်းကြပြီး သက်လုံမကွဲစေဖို့ ရင်မှာ တဘက်စည်းပြီး ပြေးကြရတယ် ။
ပုန်းအောင်းပြီး ပြေးလွှားနေရတဲ့ တောင်တန်းကို ပုန်းတောင်တန်း ( နောက်တော့ ပုံတောင်တန်းဖြစ်လာခဲ့တယ် ) ရှေးကခေါ်ကြတယ် ။ အဲဒီလို ပြေးလွှားနေခဲ့ရာမှာ အုပ်စုတစ်ခုနဲ့ တစ်ခု မကွဲသွားအောင် ပုန်းအောင်း ညာသံပေးပြီး ပြေးကြရတယ် ။ အဲဒီတောင်ကိုတော့ ပုန်းညာတောင် ( နောက်တော့ ပုံညာတောင် ဖြစ်လာတယ် ) လို့ ရှေးက ခေါ်ကြတယ် ။ မောင်စိန့်နဲ့ လူတစ်စုဟာ သူတို့ ရောက်ရှိနေတဲ့ ဒေသအသစ် ( ယောဒေသ ) မှာ တခြားလူမျိုးတွေက မင်းတို့ ဘယ်ကနေလာကြသလဲလို့ မေးရင် .. တောင်ပေါ်ကလာတယ် .. ဒါဖြင့်ရင် မင်းတို့က တောင်ပေါ်ကလာတဲ့ တောင်သားလား လို့ ပြန်မေးရင် ဟုတ်တယ် တို့တတွေဟာ တောင်သားတွေ ဖြစ်တယ်လို့ ဖြေဆိုကြတယ် ။ အဲဒါကြောင့်မို့ တောင်သားလူမျိုးဆိုပြီး အမည်တွင်လာတယ် ။ အဲဒီ တောင်သားလူမျိုး ဆိုပြီး အမည်တွင်လာတဲ့ သူတွေဟာ မူလက ပျူလူမျိုးဖြစ်ကြပေမယ့်  ပုဂံမင်းရဲ့  ရန်ရှာမှုမှကင်းဝေးအောင် မူလလူမျိုးအဖြစ်မှ ဖုံးကွယ်ပြီး စကားပြောဆိုမှုမှာရော အ၀တ်စားဆင်မြန်းမှုမှာပါ ပြောင်းလဲပြစ်လိုက်တယ်လို့ ဆိုပါတယ် ။ …….. ဒါက တောင်သားလူမျိုးနဲ့ ပက်သက်လို့ အစဉ်လာရ ပြောစကားများကို အခြေခံပြီး ရေးသားကြတာကို ကောက်နုတ်ပြီး တင်ပြတာဖြစ်ပါတယ် ။ ပညာရှင်များအနေနဲ့ကတော့ အဲဒီအချက်လက်တွေကို သုတေသန နယ်ပယ်မှာ အဓိကထားပြီး သုံးပြုဖို့ ခဲရင်းလိမ့်မယ်လို့ ထင်ပါတယ် ။
တောင်သားလူမျိုးတွေဟာ မူလက ပျူလူတွေ ဖြစ်ကြတယ်ဆိုတာကို တချို့  သုတေသနပညာရှင်များကလည်း အခုလို သက်သေပြကြပါတယ် ။ …….. ပျူလူမျိုးတွေဟာ ယောင်္ကျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ငယ်စသ်ကတည်းကနေ အသက် ၂၀ အထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ် ၊ ဗုဒ္ဓမြတ်စွာရဲ့  တရားတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးကြတယ် ၊ အသက် ၂၀ မှာ တကယ်လုပ်နိုင်တဲ့ သူတွေကျတော့ ရဟန်းဝတ်ကြတယ် ၊ မိန်းကလေးဆိုရင် ဘိက္ခူနီမအဖြစ် နဲ့ သာသနဘောင်ဝင်ကြတယ် ၊ အရွယ်ရောက်လာတဲ့ မိန်းကလေးများက ဘိက္ခူနီမ ၀တ်ဆင်သလိုမျိုး ရင်စည်းကို ၀တ်ဆင်ကြတယ် ။ တောင်သားလူမျိုး အရွယ်ရောက်လာတဲ့ အမျိုးသမီးများမှာ ရင်စည်းကို အခုထိဝတ်ဆင်ကြတုန်းဖြစ်တယ် ။ နောက်ပြီး ပျူလူမျိုးတွေဟာ အဖြူရောင် ပိတ်ချည်ကိုဝတ်ဆင်ကြတယ် ။ အခုလက်ရှိ တောင်သား လူမျိုး အရွယ်ရောက်ပြီး မိန်းကလေးများ ၀တ်ဆင်နေကြတဲ့ ရင်စည်းနဲ့ အဖြူရောင်ပိတ်ထည်တွေဟာ ပျူလူမျိုးတို့ရဲ့  ၀တ်စားမှု ပြယုဂ်ဖြစ်တယ် …ဆိုပြီး သက်သေပြကြပါတယ် ။ ဒီအချက်လက်တွေကိုကျတော့ သုတေသန၀ါသနာရှင်ဖြစ်တဲ့ ကျွန်တော့် အနေနဲ့ မဆိုးဘူးလို့ ထင်ပါတယ် ။ ဒါပေမယ့်လည်း ပညာရှင်များက ဘယ်လို ကောက်ချက်ချမယ်ဆိုတာ မပြောတတ်သေးပါဘူး ။ ယောဒေသက တောင်သားလူမျိုးတွေဟာ ပျူလူမျိုး လက်ကျန်တွေ ဟုတ်မဟုတ် သက်သေပြဖို့ကိုတော့ ဆက်လက်ပြီး သုတေသနပြုဖို့တော့ လိုအုံးမှာပါ ။
အခု တောင်သားလူမျိုးတွေနဲ့ ပက်သက်ပြီး ဖတ်ဖူးမှတ်ဖူးသလောက်ကို နည်းနည်းလောက် ပြောကြည့်ပါမယ် ။ ပညာရှင်များ တစ်ညီ တစ်ညွှတ်ထည်းလက်ခံထားတဲ့ အချက်က တောင်သားလူမျိုးတွေဟာ အစဉ်ဆက်ပြောနေကြသလို ပုပ္ပါးနယ်ဘက်ကနေ မင်းဒါဏ်သင့်ပြီး ပြောင်းရွှေ့ လာကြတဲ့ သူတွေမဟုတ်ဘဲ ချင်းနဲ့ဗမာ ပေါင်းစပ်ပြီး ဆက်သက်လာတဲ့ မျိုးနွယ်စုတွေဖြစ်ကြတယ် ဆိုတာပါပဲ ။ ယောနယ်ထဲကို လက်ရှိယောလူမျိုးထက်နောက်ကျပြီးမှ ရောက်လာတယ်ဆိုတာကတော့ သေချာပါတယ် ။ ဒါကြောင့်လည်း အရင်က ယောဒေသအတွင်းကို ရှေးဦးစွာ ရောက်နှင့်နေတဲ့ ယောလူမျိုးတွေက နောက်ပိုင်းမှ ရောက်လာတဲ့ တောင်သားတွေကို ဒေသခံ ( ယော ) များက သူတို့နေထိုင်ရာ့ မြို့ ရွာအပြင်ပမှာသာ နေရာပေးလေ့ရှိတယ်လို့ ဆိုပါတယ် ။ သဘောကတော့ နောက်မှ ၀င်လာတဲ့ တောင်သားတွေကို သူတို့ ရပ်ရွာအတွက် ချင်းလူမျိုးတို့ရဲ့ ရန်မှကွာကွယ်နိုင်ဖို့ အကာအကွယ် သဘောမျိုးနဲ့သာ နေစေတာ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့်မို့ အဲဒီ အချိန်က တောင်သားတွေကို ဒေသခံယောတို့က “အိမ်ကာ” ဆိုပြီးခေါ်ကြတာဖြစ်မယ်ထင်ပါတယ် ။ ချင်းတွေက တောင်သားများကို “ဒိုကီး” ( ပြေးဝင်လာသူ ) ခေါ်ကြပြီး တောင်သားများကလည်း သူတို့ကိုယ်သူတို့ ကျတော့ “ရုန်းဒူး” ( မင်းမျိုးမင်းနွယ် ) ဆိုပြီး ခေါ်ကြပါတယ် ။ တောင်သားလူမျိုးတွေထဲမှ ယောနယ်ထဲကို ပထမဆုံး ၀င်ရောက်လာတဲ့ လူစုဟာ ကြောမြစ်ဝှမ်းမှာ ပထမဆုံးအခြေစိုက်နေထိုင်ခဲ့ကြပါတယ် ။ နောက် အဲဒီကမှ တဆင့် ပုံတောင် ပုံညာတောင် တို့ကို ကျော်ဖြတ်ပြီး ထီးလင်း ဂန့်ဂေါနယ် များထဲ ကို ရောက်ရှိလာကြတာ ဖြစ်တယ်ဆိုပြီး Owen , MaJor , F.C Pakokku ( Burma Gazetteer ) Volume A, Rangoon , Government Printing , 1913 , P . 28 . Abbreviation , PKU မှာ ဖေါ်ပြထားတယ်လို့ဆိုပါတယ် ။ ယောမြို့ နယ်ဝန်းကျင်ဒေသ အတွင်းကိုတော့ စော်ဘွား အဘမျိုးထွန်း လက်ထက်ကျမှ ရောက်ရှိလာကြပြီး ခရစ်နှစ် 1777 ခုနှစ်မှာ တောင်သားလူမျိုးများနေထိုင်ရာ ( မီအယ် ၊ တေ ၊ ရွာသာ ၊ အောက်ကျင်း ၊ တောင့်တင် ) စတဲ့ တောင်သားရွာငါးရွာဆိုပြီး ဖြစ်လာတယ်လို့ဆိုပါတယ် ။ မင်းတုန်းမင်းလက်ထက် ရောက်မှာတော့ ယောနယ်မှာ တောင်သား ရွာ ၁၀ ရွာထိရှိလာပြီဖြစ်ပါတယ် ။ ဒါပေမယ့်လည်း 1777 ခုနှစ်က နေ မင်းတုန်းမင်းလက်ထက် အနှစ်တစ်ရာလောက်ဝန်းကျင် အချိန်တောတွင်း တောင်သားများရဲ့ လူဦးရေ တိုးပွားနုန်းမှာ နှေးကွေးနေပြီး အဲဒီလို နှေးကွေးမှု ရှိနေတာဟာ တောင်သားလူမျိုးများအတွင်း လူမျိုးတူသူများအချင်းချင်းသာ လက်ဆက်ပေါင်းသင်းနေထိုင်ခွင့်ရှိတဲ့ စည်းမျဉ်း ကြောင့်မို့ဖြစ်နိုင်တယ်လို့ သုတေသီများက ယူဆကြပါတယ် ။ အခုချိန်မှာတော့ တောင်သားလူမျိုးတွေဟာ တခြားတိုင်းရင်းသားများနဲ့ လည်း လက်ဆက်နေထိုင် နေကြပြီလို့ သိရပါတယ် ။
ကျွန်တော့် အနေနဲ့ ယောနယ်ထဲက တောင်သားလူမျိုးများအကြောင်း စိတ်ဝင်စားမိလို့ သူတို့အကြောင်းရေးထားတဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ရှာဖတ်ဖူးပါတယ် ။ ဒါပေမယ့် ကျွန်တော့ လက်လှမ်းက တိုလွန်းတော့လည်း တောင်သားလူမျိုးနဲ့ပက်သက်ပြီး အခူချိန်ထိ နည်းနည်းလေးပဲ လေ့လာသိရှိရပါသေးတယ် ။ အခါခွင့်သင့်ရင်တော့ တောင်သားလူမျိုးတို့ နေထိုင်ရာ ရွာတွေကို သွားရောက် လည်ပတ်ဖို့ စိတ်ကူးထားပါတယ် ။ အထူးသဖြင့် ထီးလင်းမြို့ မှ ၈မိုင်အကွာမှာရှိတယ်ဆိုတဲ့ တောင်သားလူမျိုးများ နေထိုင်ရာ “၀က်သက်ကျေးရွာ” လေးကိုရောက်ဖူးချင်ပါတယ် ။ နောက်ပြီး တောင်သားလူမျိုးများအကြောင်း ပြောပြနိုင်တဲ့သူများဆီမှလည်း အချက်လက်လေးတွေလိုချင်သေးတာမို့ အခု ဒီပိုစ်အောက်မှာ ကွန်မန်းပေးပြီး တင်ပြပေးကြဖို့ တောင်းဆိုလိုက်ရပါတယ် ခင်ဗျာ ။ ( ရန်နောင်စိုး )
( အကိုးအကား )
- ကုန်းဘောင်ခေတ်ယောဒေသ အုပ်ချုပ်ရေး ( အေဒီ ၁၇၅၂ - ၁၈၈၅ ) ( ဦးကျော် - အငြိမ်းစား သမိုင်းပါမောက္ခ )
- မြတ်နိုးဖွယ်ရာ ပြည်မြန်မာ ဆောင်းပါးပေါာင်းချုပ် ( ဒေါက်တာ ဦးဖေဥာဏ် )
- Race Of Burma by MaJor C.M. Enripuez ( မြန်မာပြန် )
Credit= Yannaung Soe





#‎မြန်မာနိုင်လုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ‬#

ယနေ့ရှမ်းပြည်နယ်ပင်လုံမြို့တွင် ပြုလုပ်ကျင်းးပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ပင်လုံညီလာခံကို ယနေ့နံနက်၈နာရီတွင် ပင်လုံမြို့ကျောက်တိုင်ကွင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ညီလာခံကိုအစီအစဉ် (၁၀) ခုဖြင့်ကျင်းပခဲ့ကြပါ
သည်။အစည်းအဝေးသို့ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်စုစုပေါင်း(၅၀၀)ခန့် တက်ရောက့်ခဲ့ပါသည်။ပထမဆုံးအနေဖြင့် ကျောက်တိုင်ကွင်းအနီးရှိ ဘုရားရင်ပြင်မှာ ကိုယ်စားလှယ်များက အစီအစဉ်အတိုင်း တစ်ဖွဲ့စီ ခန်းမသို့ ချီတက်ကြပြီးခန်းမအတွင်း သတ်မှတ်နေရာများတွင် နေရယူကြပြီးနောက် တိုင်းရင်းသားအလံများ နိုင်ငံတော်အလံတို့ကို အလေးပြုကြပါသည်။
CCNEYC မှ ကော်မတီအဖွဲ့၏ နောက်ခံသမိုင်းကိုရှင်းပြပြီးSNLD မှ ဒုတိယဥက္ကဌ ဦးစိုင်းပန်ခမှ အမှာစကားပြောကြားပြီးနောက် ညီလာခံသို့ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ညီလာခံဖြစ်မြောက်ရေးအတွက်အလှူရှင်များက လှူဒါန်းငွေများကို လက်ခံကြပြီး CCNEYCမှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြောကြားကာ တိုင်းရင်းသားတစ်ဖွဲ့ခြင်းစီ မတ်တပ်ရပ်ပြကာ မိတ်ဆက်ပြီးနောက် အမှတ်တရဓာတ်ပုံများ ရိုက်ကြပြီး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားကြပါသည်။
နေလည်ပိုင်းအစီအစဉ်ကို နေ့လည်၁နာရီ၃၀
မိနစ်တွင် ပြန်လည်ကျင်းပပါသည်။နေ့လည်ပိုင်းတွင်၂၁ရာစု ပင်လုံညီလာခံ၊အရပ်ဖက်အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးခေါင်းစဉ်နှင့် ကချင်တိုင်ရင်းသူ မခွန်ဂျာက ဆွေးနွေးကာ ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဒုတိယအနေဖြင့်နိုင်ငံတော်တည်ဆောက်ရေးအကြောင်းကို ကိုမင်းဇင် က ဦးဆောင်ဆွေးနွေးကာ ညီလာခံကိုယ်စားလှယ်များကပြန်လည်
ဆွေးနွေးခဲ့ကြပြီးညီလာခံပထမနေ့ကိုညနေ၅နာရီတွင်ရပ်နားခဲ့ပါသည်။
ညီလာခံသို့ယောနယ်ကိုယ်စားပြုကိုယ်စားလှယ်
များအဖြစ် တောင်သားအမျိုးသမီးနှစ်ဦးကျားတစ်ဦးယောယောက်ျားလေးနှစ်ဦးတက်ရောက်ခဲ့ပါသည်။
ပြန်ကြားရေး
ယောလူငယ် အဖွဲ့


‎ဓာတ်ပုံများမှပေးသောကြည်နူးပီတိ‬

ဒီနေ့ မနက် အိပ်ယာကနိုးပြီဆိုတာနဲ့ အတွေးထဲ အရင်ဆုံးဝင်လာတာက ပင်လုံကလူငယ်ညီလာခံကို သွားတက်နေကြတဲယောလူငယ်အဖွဲ့ . . ဒီအချိန်သူတို့  ဘယ်လိုပြင်နေကြပြီလဲလို့  ယောသူညီမလေးတွေ မိတ်ကပ်ဖွေးဖွေးလေးလိမ်းဖို့ ပြောထားတာ အရှက်ကြီးပြီး လိမ်းမှ လိမ်းကြပါ့မလား နဲ့တေးမိရင်း သိချင်စိတ်က ကြီးစိုးနေမိတာ။ ပင်လုံအုပ်စုကလည်း ဒီကယောမောင်နှမတွေရဲ့အတွေးကိုသိလို့ ထင်တယ် ကိုရင်ဒိဗ္ဗသနပ်ခါးလူးတာကိုပါ group ကိုပို့ ပေးထားကြတယ် အရမ်းချစ်ဖို့ ကောင်းတဲ့ မောင်နှမတွေပါဆို . . .
ယောဝတ်စုံ တောင်သားဝတ်စုံလေးတွေနဲ့ သဂျီးပြောနေကျ "ယောဆိုတာ အဲသလိုပါ" ဆိုတာလေးလို လူအများစုက ယောနယ်ကို သိသွားကြမှာမို့ ဝမ်းသာဂုဏ်ယူလျှက်ပါ. . .ယောလူငယ်အတွက်လည်း ဂုဏ်ယူနေမိပါတယ်. . .
ယောဆိုတဲ့ အသွေးသားတွေနဲ့ စိတ်ချင်းတူစွာ စီးဆင်းနေခဲ့ကြပါလားဆိုတာ ဒီနေ့ ပိုပြီး ခံစားနေမိသလိုဘဲလေ. . . ယောလူငယ်တွေအကုန်လုံးလည်း အဲဒီ ပီတိကိုစားသုံးခွင့်ကြုံ နေကြသလို ယောနယ်အကျိုးလိုလားတဲ့ ယောနယ်ရဲ့မိတ်ဆွေတွေလည်း ထပ်တူပီတိ ကြုံဆုံနေကြမှာပါ. .
ယောလူငယ်စာမျက်နှာမှာ တင်မှာကိုမစောင့်နိုင်တော့ဘဲ ကြည်နူးပိတိတွေ ဖြစ်လွန်းလို့ ပင်လုံကပုံတွေကို အမျိုးတွေမြင်စေချင်လွန်းလို့  မျှဝေ လိုက်ပါပြီ. .





Wednesday, July 27, 2016

ယောဆိုတာ အဲသလိုရယ်ပါဗျာ

သမဂ္ဂါနံ
အမှန်မြတ်သော
တပေါ သုခေါ
စုသောအားအင်
စင်သောနှလုံး
စုရုံးအားသည်
ရွှေပြည်ခေတ်သစ်
ဖွင့်လှစ်ဖွဲ့တည်
အောင်မည်မုချ
ဒိဋ္ဌယုံကြည်
မြဲကြည်ခိုင်မတ်
ယောစိတ်ဓာတ်ဖြင့်………။ ။

ချစ်ခင်စွာဖြင့်
ယောသိင်္ခ



မြန်မာနိုင်လုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ‬

ယနေ့ရှမ်းပြည်နယ်ပင်လုံမြို့တွင် ပြုလုပ်ကျင်းးပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ပင်လုံညီလာခံကို ယနေ့နံနက်၈နာရီတွင် ပင်လုံမြို့ကျောက်တိုင်ကွင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ညီလာခံကိုအစီအစဉ် (၁၀) ခုဖြင့်ကျင်းပခဲ့ကြပါ
သည်။အစည်းအဝေးသို့ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်စုစုပေါင်း(၅၀၀)ခန့် တက်ရောက့်ခဲ့ပါသည်။ပထမဆုံးအနေဖြင့် ကျောက်တိုင်ကွင်းအနီးရှိ ဘုရားရင်ပြင်မှာ ကိုယ်စားလှယ်များက အစီအစဉ်အတိုင်း တစ်ဖွဲ့စီ ခန်းမသို့ ချီတက်ကြပြီးခန်းမအတွင်း သတ်မှတ်နေရာများတွင် နေရယူကြပြီးနောက် တိုင်းရင်းသားအလံများ နိုင်ငံတော်အလံတို့ကို အလေးပြုကြပါသည်။

CCNEYC မှ ကော်မတီအဖွဲ့၏ နောက်ခံသမိုင်းကိုရှင်းပြပြီးSNLD မှ ဒုတိယဥက္ကဌ ဦးစိုင်းပန်ခမှ အမှာစကားပြောကြားပြီးနောက် ညီလာခံသို့ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ညီလာခံဖြစ်မြောက်ရေးအတွက်အလှူရှင်များက လှူဒါန်းငွေများကို လက်ခံကြပြီး CCNEYCမှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြောကြားကာ တိုင်းရင်းသားတစ်ဖွဲ့ခြင်းစီ မတ်တပ်ရပ်ပြကာ မိတ်ဆက်ပြီးနောက် အမှတ်တရဓာတ်ပုံများ ရိုက်ကြပြီး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားကြပါသည်။
နေလည်ပိုင်းအစီအစဉ်ကို နေ့လည်၁နာရီ၃၀
မိနစ်တွင် ပြန်လည်ကျင်းပပါသည်။နေ့လည်ပိုင်းတွင်၂၁ရာစု ပင်လုံညီလာခံ၊အရပ်ဖက်အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးခေါင်းစဉ်နှင့် ကချင်တိုင်ရင်းသူ မခွန်ဂျာက ဆွေးနွေးကာ ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဒုတိယအနေဖြင့်နိုင်ငံတော်တည်ဆောက်ရေးအကြောင်းကို ကိုမင်းဇင် က ဦးဆောင်ဆွေးနွေးကာ ညီလာခံကိုယ်စားလှယ်များကပြန်လည်
ဆွေးနွေးခဲ့ကြပြီးညီလာခံပထမနေ့ကိုညနေ၅နာရီတွင်ရပ်နားခဲ့ပါသည်။
ညီလာခံသို့ယောနယ်ကိုယ်စားပြုကိုယ်စားလှယ်
များအဖြစ် တောင်သားအမျိုးသမီးနှစ်ဦးကျားတစ်ဦးယောယောက်ျားလေးနှစ်ဦးတက်ရောက်ခဲ့ပါသည်။
ပြန်ကြားရေး
ယောလူငယ် အဖွဲ့





ယောလူငယ်(နေပြည်တော်)အဖွဲ့ တွေ့ဆုံပွဲ ဖိတ်ကြားလွှာ

ယောလူငယ်(နေပြည်တော်)အဖွဲ့ လစဉ်တွေ့ဆုံပွဲရက်ကို 30-7-2016 ရက်နေ့ စနေ့နေ့နံနက် 10း00 နာရီတွင် အပျိုဆောင်အနီး ဓာတုဇယ ဓာတ်ပေါင်းစု စေတီ၊ မဟာမုနိစောင်းတန်းတွင် ကျင်းပမည်ဖြစ်ပါသည်
သို့ဖြစ်ပါ၍ နေပြည်တော်တစ်ဝန်းရှိ ယောသူ/ယောသားများ အနေဖြင့် အတတ်နိုင်ဆုံးလာရောက်နိုင်ကြပါစေလိုကြောင်း၊ မိမိတို့ယောသူ/ ယောသားများစည်းလုံးညီညွတ်စွာဖြင့် သိုက်သိုက်ဝန်းဝန်း အလေးထားကာ လာရောက်ကြစေလိုပါကြောင်း၊ သာမန်ကာ သဘောမထားပဲ လေးနက်စွာဖြင့် မိမိတို့တတ်စွမ်းနိုင်သမျှကို ယောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များရှိပါကလည်း ဆွေးနွေးကြစေ လိုပါကြောင်း၊ ယောဆွေယောမျိုးများ တစ်လလျှင် တစ်ကြိမ်သာ မိမိတို့ အမျိုးများတစ်စုတစ်စည်းတည်း တွေ့ဆုံနိုင်ကြရသည်ဟု သဘောထားကာ လာရောက်ကြပါစေလိုကြောင်းနှင့် ယောဒေသအတွက် အကျိုးရှိမည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း တိုက်တွန်း နှိုးဆော် ဖိတ်ကြားအပ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်


လူငယ်ညီလာခံ ကိုယ်စားလှယ်အဖွဲ့ရဲ့  လမ်းခရီး အမှတ်တရ

၂၅ .၇. ၂၀၁၆
လူငယ်ညီလာခံ ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ တောင်ကြီးမြို့မှ ယောအနွယ်တစ်ဦးဖြစ်သူက ယနေ့အဖို့ အနားယူရင်း နေ့လည်မှာ ကျင်းပမည့် စာပေဟောပြောပွဲ( ဦးဘုန်း-ဓာတု၊ မောင်စိန်ဝင်း -ပုတီးကုန်း) သို့လည်း တက်ရောက် ဗဟုသုတ ရှာမှီးဖို့ရာ တိုက်တွန်းပါတယ်။ ဒါကြောင့် မနက်ဖန် ၂၆ရက်နေ့ မနက်မှာ ပင်လုံမြို့သို့ အရောက်သွားကြမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျာ။




+5

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားညီလာခံသို့ တက်ရောက်မည့် ယောလူငယ်အဖွဲ့  ကိုယ်စားလှယ်များ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ပင်လုံမြို့တွင်
27-7-2016 မှ 31-7-2016ထိ ၅ရက်ကြာ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်ရန်
ယောလူငယ်အဖွဲ့မှ ကိုယ်စားလှယ် ၆ဦးသည် 24-7- 2016 ရက်နေ့ တွင်
ယောနယ်မှ ပင်လုံမြို့သို့ စတင် ထွက်ခွာလာကြပါပြီ ။
မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားညီလာခံသို့ တက်ရောက်မည့် ယောလူငယ်အဖွဲ့  ကိုယ်စားလှယ်များ စာရင်း -
၁။ ကိုဥာဏ်ထက်ရှိုင်း
၂။ ကိုဝဏ္ဏစိုး
၃။ ဦးဝင်းဇော်
၎။ ကိုထွန်းမင်း
၅။ မညိုညိုသင်း
၆။ မနုဝါအောင်
ဦးဆောင်သူ =ကိုဝဏ္ဏစိုး @ ကိုရင်ဒိပ္ပ
ဖုန်းနံပါတ် =၀၉၂၆၅၃၀၆၆၂၀
ဆက်သွယ်ရေးတာဝန်ခံ = ကိုထွန်းမင်း
ဖုန်းနံပါတ် = ၀၉၂၅၉၄၆၀၂၂၈
ဘဏ္ဍာရေးမှူး = ဦးဝင်ဇော်
ဖုန်းနံပါတ် = ၀၉၄၂၀၁၃၉၅၄၆
တွဲဖက် ဘဏ္ဍာရေး = မနုဝါအောင်
Working Group = ကိုဥာဏ်ထက်ရှိုင်း
ဖုန်းနံပါတ် = ၀၉၇၈၀၇၇၀၆၁၈


မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု လူငယ်များ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ မှ ယောလူငယ်အဖွဲ့အား ဖိတ်ကြား

CCYENC (မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု လူငယ်များ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ)မှ ယောလူငယ်အဖွဲ့အား 27-7-2016 မှ 31-7-2016 ထိကျင်းပမည့် ညီလာခံ သို့ တက်ရောက်ရန် ဖိတ်ကြားလာပါသည်။
ကနဦးအစတွင် သုံးဦးသာတက်ရောက်ခွင့်ရသော်လည်း အဖွဲ့မှတောင်းဆိုချက်အရ ထပ်တိုး(၂) ဦး အပြင် Working Group အဖြစ် အရွေးချယ်ခံရသူ(၁)ဦး စုစုပေါင်း ခြောက်ဦးအထိတက်ရောက်ခွင့်ရှိခဲ့ပါသည်။
ထို့ ကြောင့် ရှေ့အနာဂါတ် နိုင်ငံရေး အခင်းအကျင်းတွင် မိမိတို့ ယောဒေသ ရေရှည်တည်တံ့နိုင်ရန်နှင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေးတွင် အဓိကကျသော ထက်မြက်တဲ့ လူငယ်အရင်းအမြစ်များ ဖွံ့ဖြိုးရန် အလို့ငှါ ယောလူငယ်အဖွဲ့ ဝင်များ၏ သဘောတူညီချက်ဖြင့် ရွေးချယ်ထားသော ယောလူငယ်အဖွဲ့ဝင် ခြောက်ဦး ကိုညီလာခံသို့  တက်ရောက်ဆွေးနွေးရန်ရွေးချယ်ခဲ့ကြပါသည်။
ထိုသို့ ရွေးချယ်ရာတွင် ယောနယ်အနှံ့ မှဒေသခံယောလူငယ်အဖွဲ့ဝင်များကို ကိုယ်စားပြု ရွေးချယ်လိုသော်လည်း နယ်ခံအဖွဲ့ဝင်များ အချိန်မအားလပ်ခြင်းများရှိခဲ့ပါသည်။ယောလူငယ်အဖွဲ့အနေဖြင့် အချိန်တိုအတွင်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်သော ဒေသခံယောလူငယ်များကို အမြန်ဆုံးရွေးချယ်ကာ ညီလာခံတက်ရောက်နိုင်ရန်အတွက် ပြင်ဆင်ခဲ့ရပါသည်။
ညီလာခံတွင် ဖတ်ကြားတင်သွင်းရမည့် စာတမ်းကိစ္စ များ ဝတ်ဆင်ရမည့် ရိုးရာဝတ်စုံကိစ္စများ ကို အဆင်ပြေချောမွေ့စွာဖြင့် အချိန်မှီပြီးစီးရန် ယောလူငယ်အဖွဲ့ဝင်များ အားလုံး အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပါသည်။ ယောလူငယ်အဖွဲ့ ကိုယ်စားပြု အနေဖြင့်
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု လူငယ်များညီလာခံ(ပင်လုံ) သို့ တက်ရောက်မည့်သူများမှာ
 
၁။ ဦးဝင်းဇော်
၂။ ကိုဥာဏ်ထက်ရှိုင်း
၃။ ကိုဝဏ္ဏစိုး
၎။ ကိုထွန်းမင်း
၅။ မညို ညို သင်း
၆။ မနုဝါအောင် တို့ ဖြစ်ပါတယ်။
ညီလာခံတက်ရောက်ရာတွင် ယောနယ်၏ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ပြသနိုင်ရန် ယောလူငယ်အဖွဲ့ဝင်များအနေဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ကြိုးစားချိတ်ဆက်ဆောင်ရွက်ခဲ့ကြပါသည်။
ယောနယ်ဒေသ၏ မြတ်နိုးတန်ဘိုးထားထိန်းသိမ်းသင့်သော ရိုးရာယဉ်ကျေးမှုများနှင့် ယောနယ်ဒေသအတွင်း အခက်အခဲများကို ညီလာခံသို့ တက်ရောက်ကြမည့် အနယ်နယ်အရပ်ရပ်မှတိုင်းရင်းသားလူငယ်များ ဝိုင်းဝန်းဆွေးနွေးအဖြေရှာ နိုင်ကြမည်ဟု မျှော်လင့်မိပါသည်။ အဖွဲ့အနေဖြင့် လိုအပ်ချက်များရှိခဲ့ပါလျှင်လည်း အပြုသဘောဆန်တဲ့ ဝေဖန်အကြံပေးမှုများဖြင့် နားလည်
ပေးကြပါရန် တောင်းဆိုအပ်ပါတယ် အမျိုးတို့ ...
တိုင်းရင်းသားလူငယ် ညီလာခံသို့ တက်ရောက်ကြမည့် ယောလူငယ်အဖွဲ့ဝင်များ၏ ရိုးရာ အဝတ်အစားများ ပြင်ဆင်ခြင်း နှင့် ညီလာခံတက်ရောက်ရန်အတွက်သွားလာစားရိတ်များကို များကို ယောလူငယ်အဖွဲ့ ဝင်များ နှင့် အဖွဲ့ဝင်မဟုတ်သော်လည်း ယောနယ်အကျိုးကိုလိုလားသူစေတနာရှင်များမှ ကူညီထောက်ပံ့ ပေးလှူ လျက်ရှိပါသည်။ အဖွဲ့ဝင်များအနေဖြင့် ကူညီလှူ ဒါန်းလိုပါက ယောလူငယ်အဖွဲ့ (ဗဟို)သို့ ဆက်သွယ်လှူ ဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
လက်ရှိ လှူ ဒါန်းပြီးသောစေနာရှင်များမှာ-



၁. ကိုဝင်းဇော်ဦး-ယော +မခင်ဝင်းမြင့် ၁ သိန်း
၂. ယောမင်းစိုး@Yaw Min Soe ၁ သိန်း
၃. ဦးအောင်နေလင်း+ဒေါ်သက်မွန်ထွန်း@Thet Mon Tun ၁ သိန်း
၎. မစုစုအေး@ Su Su ၅ သောင်း
၅. ကိုတွတ်ပီ@ A Mone Chit Thu ၅ သောင်း
စေတနာရှင် အလှူ ရှင်များကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း ။
ယောလူငယ်အဖွဲ့ (ပြန်ကြားရေး )

Tuesday, July 12, 2016

လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေ …လေ့ (၃)

" ကန်တော့ … ကန်တော့ …ကန်တော့…
ထမင်းကျွန် ဟင်းကျွန် မဖြစ်ပါစေနဲ့"
ဆေးဆိုးပြီးသော ချည်ခင်များအား ထမင်းစာများထည့်ကာကော်တင်သည့် သဘောဖြင့်ချည်နင်းရာတွင် ထမင်းလုံးများအားနင်းနယ်ရမည်မို့ ကန်တော့ တောင်းပန်ကြခြင်းဖြစ်သည်။
နင်းနယ်ပြီးချည်ခင်များအားခြောက်သွေ့အောင်နေလှမ်းရပြန်သည်။ခြောက်သွေ့
သောချည်ခင်များအား ဆတ်သွားဖူးဖြင့် ချည်ခင်ရှင်းရသည်။ထို့ကြောင့်ပင်
"ပျိုလေးတို့အိမ်ဦး
ဆတ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ" … … ဆိုရလောက်အောင် ယောဒေသ၌ ဆတ်သွားပင်များနေရာအနှံ့တွေ့ရခြင်းပင်။
ချည်ရှင်းရာတွင်လည်း ချည်ခင်များမှာကော်ဖြင့်တောင့်တင်းနေမိသည်မို့ လက်ဖဝါးများအား စူးရှဒဏ်ရာတတ်ရာ ယော ယက္ကန်း ၏ လုပ်ငန်းအဆင့်ဆင့်က လွယ်လွယ်ကူကူတစ်ခုမျှမရှိချေ။ချည်ခင်များရှင်းပြီးလျှင်တော့ ချည်ခင်မှ တညင်းလုံးသို့ ချည်ချရသည်။ချည်ချရာမှ ရလာသော တညင်းလုံးများဖြင့်
အတိုင်ချည်အတွက် ယက္ကန်းရှယ်ရသည်။ဒညင်းလုံးများစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်ရသည်က နေ့တဝက် ရံဖန်ရံခါ တစ်နေကုန်တတ်သည်မို့ ခရီးမိုင်နှင့် တွက်လျှင် ဆယ်မိုင်ကျော်ကျော်မျှ။
ယက္ကန်းရှယ်ရာမှ ရရှိလာသော အတိုင်ချည်တန်းအား ယက္ကန်းစင်တွင် ပျံ့ပျံ့ပျူးပျူးဖြစ်အောင် လိပ်တုံးဖြင့်လိပ်ကာယက္ကန်းတန်းကြရသည်။ လိပ်တုံးတွင် လိပ်ရာတွင်လည်း အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ လိပ်တုံးလိပ် မသေသပ်လျှင် ယက်သမျှအထည်မှာ ခဏခဏပြင်ရသည်မို့ ပိရိသေသပ်စွာ အားစိုက်လိပ်ကြရသည်။
လိပ်ပတ်လည်သည် ဆိုသောစကားက ယောယက္ကန်းလုပ်ငန်းခွင်မှ ဆင်းသက် လာသောစကား ဟုမှတ်သားဖူးပါသည်။
မည်သို့ပင် ခဲကတ်ပင်ပန်းစေကာမူ ယောရိုးရာယက္ကန်း ဓလေ့ မပျောက်ပျက် အောင် ထိန်းသိမ်းနိုင်ဖို့အရေး အားမွေး ဖော်ထုတ်ရန် ကျနော့်တို့
'ယောလူငယ် '
တွေမှာ တာဝန်ရှိနေပါပြီ ဆိုတာကတော့ အသေအချာပင်။ ။

Photo ။ ။မူရင်းပိုင်ရှင်အား Credit ပါဗျ
ယက္ကန်းစင် နှင့် ယက္ကန်းအဆင်များကိုလည်း ရေးလိုပါသေးသည်။
ချစ်ခင်စွာဖြင့်
ယောသိင်္ခ

လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြားသလေ…လေ့ ( ၂)

"ဗိုင်းတာမ"
ထိုစကားလုံးဖြင့် အဆူအဆဲခံရလျှင် ယောလုံမေများမှာ ရိုက်သည်ထက်ပင် နာတတ်ကြသည်။ယက္ကန်းခွင်က အသုံးအနှူန်းပင်ဖြစ်သည်။
ဗိုင်းတာမ ဟူသည်ကား ဘုရင့်လက်ထက်က နန်းတော်တွင်းဆီမီးထွန်းရန် မီးစာကျစ်ရသည့် အောက်ခြေသိမ်သိမ်နုပ်နုပ် မင်းစေကျွန်များဖြစ်သည်။
ယောယက္ကန်းခွင်အကြောင်း ဆက်ပါဦးမည်။
ဗိုင်းတောင့်မှ ချည်ဖြစ်စေရန် ရစ်ခုံဖြင့် ဗိုင်းငင်ကြရသည်။ညချမ်းချိန်ခါ လသာသာမှာ ယောလုံမေဗိုင်းငင်ရာ ကာလသားများက လူပျိုလှည့်လာရင်း စကားထာဝှက်ကြ ထိကပါး ရိကပါး စကြနောက်ကြနှင့်။
ဤသည်ကပင် ရွာဓလေ့ရပ်ဓလေ့ ပျော်မွှေ့ဖွယ်ပင်။
ဗိုင်းတောင့်ကို ငင်၍ရလာသော ချည်ဝင်၏ သေသပ်ကျစ်လစ်မှု ကိုကြည့်၍လည်း လုံမပျို၏ အရည်အချင်းကို အကဲခတ် တတ်ကြသည်။
ချည်ဝင်နှစ်ဆယ်ခန့်ရလျှင်တော့ ချားပေါ်တင်ကာချည်ခင်
တစ်ခင်စာရအောင် ချည်ချရပြန်သည်။"ချည်သေးတော့ ချားမလည်" ငယ်သေးတော့ နားမလည် "ဟူသော စကားပုံကယောယက္ကန်းခွင်က လာသည့် စကားထာပင်။ ချည်ခင်ရလာပြန်တော့ ဆေးဆိုးရသည်။ယခုခေတ်လို သဘာဝဆိုးဆေးတွေမရှိ
ရကား သဘာဝသစ်ရွက်သစ်ခေါက်များဖြင့် ဆေးဆိုးကြရသည်။
ပင်နီရောင်လိုလျှင် ရုံးခေါက်ကို နူတ်နူတ်စင်း၍ သုံးခွက်တစ်ခွက် တင်ကျိုကာ မိမိလိုချင်သည့် အရောင်ရသည်အထိ ထပ်ခါထပ်ခါနှစ်စိမ် ဆေးဆိုးရသည်။ပင်နီဝါလိုလျှင်တော့ မာလကာရွက် အုန်းခွံထည့်ဆိုးကာ နီညို အနီလိုလျှင် ပိတောက်ခေါက်ထည့်ဆိုးကြသည်။
ပြီးခဲ့နှစ်က ရွာပြန်တော့ အရီးဒေါ်လှကြီးကို တတ်နိုင်သမျှလေးနှင့် သွားကန်တော့ဖြစ်ရာ ဆုတွေတသီကြီးပေးပြီး အရီးလက်ဖြစ် မျက်နှာသုတ်စောင်လေး လက်ဆောင်ပြန်ပေးသည်။ ထိုမျက်နှာသုတ်ပုဝါလေးမှာ သဘာဝသစ်ရွက်သစ်ခေါက်ဖြင့် ဆိုးထားသောအရောင် ခြောက်ရောင်အထိ ပါသည် မို့ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။
မည်မျှတန်ဖိုးကြီးသော မျက်နှာသုတ်ပုဝါရှိပါစေ။
အရီးလှကြီးလက်ဖြစ် ယောတစ်ဘက်လေးကို ယနေ့ထိဂုဏ်ယူစွာ မက်မက်စက်စက် အသုံးပြုရင်း မျက်နှာသုတ်ပုဝါနှင့် မျက်နှာထိတွေ့ရသည်ကပင် ယောသွေးတွေ တဖွါးဖွါးတိုးပွါးလာသလိုလို။ ။
Photo။ ။မူရင်းပိုင်ရှင်အား Credit ပါဗျ
ဆက်ရေးပါရစေဦးဗျ
ချစ်ခင်စွာဖြင့်
ယောသိင်္ခ

လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေ… လေ့ (၁)

ယောလူငယ်အဖွဲ့ ပြင်သာသို့ရေဘေးကူသွားရင်း ယောရွာက ကျနော်တို့အိမ်မှာတထောက်နားကြ စားသောက်ကြ အမှတ်တရ ဓာတ်ပုံ လေးတွေ ရိုက်ခဲ့ကြပါသည်။
ယက္ကန်းစင်နဲ့တွဲရိုက်ထားသော ပုံလေးတွေကို တွေ့ရတော့
လွန်ခဲ့သောနှစ်ကာလများဆီက အထည်လေး တစ်မိုက်တစ်စ ရဖို့ အရေး အဆင့်များစွာဖြတ်ကျော်ရသည့် "ယောက်ျားစာမတတ်လျှင် အကန်း မိန်းမ ယက္ကန်းမတတ်လျှင် အကျိုး "ဟုဆိုရိုးရှိသည့် ယောက ယက္ကန်းလုပ်ငန်းခွင်အကြောင်း ပြန်စဉ်းစားမိပါသည်။
နေပူပူမှာ ဝါပွင့်ဖွေးဖွေးလေးတွေဆွတ်ခူးရသည်ကစ၍
အထည် တစ်စ ဖြစ်ဖို့အရေး အဆင့်ပေါင်းများစွာ။
ဝါဆွတ်ရသည်ကပင် တကယ့်နေကျဲကျဲတောက်ပူပါမှ ဝါသီး
များ အပြည့်အဝကွဲအက်သည်မို့ ချွေးတစ်လုံးလုံးမှာ ဝါမွှေးဖွေး
ဖွေးတွေက တကပ်ကပ်နှင့် ခူးဆွတ်ကြရသည်။
ဝါပွင့်လေးတွေကို ခူးဆွတ်ပြီး သုံးလေးရက်ခန့်နေလှမ်းကာ
ဖုန်မှုန့်များ အမှိုက်သရိုက်များ ကင်းစင်အောင် ဝါဖန်ရသည်။
ထို့နောက် ဝါစေ့လေးများနှင့် ဝါဂွမ်းမျှင်လေးများ ကွဲပြားသွား
စေရန် အရစ်ပါသည့် ဒလိမ့်တုံးနှစ်ခုကြား ထည့်ကြိတ်ရပြန်ပါ
သည်။ထို့နောက် ဝါဖတ်သည့်တောင်းထဲထည့်ကာ လေးသဏ္ဍာန်ပြုလုပ်ထားသော ဝါဖတ်လေးဖြင့် ဝါဂွမ်းများကြွကြွ
ဖွဖွလေးဖြစ်အောင် ဝါဖတ်ကြရသည်။(ကျနော်ရေးခဲ့ဖူးသော ဖိုက်ခြင်းတောင်းပွဲ ဆောင်းပါး၌ဖော်ပြခဲ့သော တောင်း မှာ ဝါဖတ်တောင်းဖြစ်ပါသည်။ )
ဝါဂွမ်းများ ဖွဖွရွရွလေးဖြစ်သည်နှင့် တထွာခန့် ဝါဂွမ်းတောင့် လေးများဖြစ်အောင် လိပ်ကြရပြီး ဝါဂွမ်းတောင့်(ယောအခေါ် ဗိုင်းတောင့် )လေးများ လေတိုက်၍လေလွင့် ပျက်စီး မသွားစေရန် စီစီရီရီထပ်၍ တောင်းငယ်လေးထဲထည့်ကာ ပိပိရိရိဖုံးဖိ သိမ်းဆည်းထားကြရသည်။ ၎င်းဗိုင်းတောင့်များအား သေသပ်ကျနစွာ မထားပါကဗိုင်းငင်သည့်အခါ အခက်အခဲဖြစ်ပြီး ချည်ထည်ယက်လုပ်ဖို့ရာအသုံးမဝင်တော့ဘဲ ဆီမီးထွန်း သည့်အခါ သုံးသည့် မီးစာအဖြစ်သို့သာ ရောက်ရှိသွားတတ်သည်။
ထို့ကြောင့်ပင်
မိန်းခလေးများ ဣနြေ္ဒသိက္ခာအပြည့်ဖြင့် နေထိုင်တတ်လျှင်
"ဗိုင်းကောင်းကျောက်ဖိလေး"ဟဲ့ ဟုလူကြီးသူမများက ချီးမွမ်းတတ်ကြပါသည်။

photo ။။ မ Ohm Mar Htay နှင့် မူရင်းပိုင်ရှင်များအား Credit ပါဗျ
နောက်အပိုင်းဆက်များ ဆက်ရေးခွင့်ပြုပါဦးဗျ
ချစ်ခင်စွာဖြင့်
ယောသိင်္ခ

မျှော်လင့်ကောင်းကင်

ချစ်သောယောမြေ
ကျနော်တို့ ပျိုးကြဲနေပါတယ်။
အခွင့်အခါဆိုတဲ့
မြေဆီလွှာက
အတန်အသင့် ကောင်းပုံရပါရဲ့။
ရေကြည်လောင်းမဲ့
ညီအစ်ကို အပေါင်းလည်း
နှစ်ထောင်းအားရစရာ
တက်ကြွလို့ နေပါတယ်။
ပေါင်းသင်မဲ့ ညီအစ်မတွေကလည်း
လုပ်အားကိုယ်စီ
အပြုံးတွေ ဝေညီလို့ လေ။
ကံကြမ္မာ မိုးရေအတွက်တော့
ကျနော်တို့ ရိုးသားမှုကို
သစ္စာပြု အဓိဌါန်ကာ
ရွာသွန်းစေပါ့မယ်။
မတော်လို့ များ
ပိုးမွှားနှောင့်ယှက်
မသူတော်တွေ ဖျက်ခဲ့ရင်
စေ့နေတဲ့ တွဲလက်များနဲ့
တွဲယှက်ကာကွယ်ပါ့မယ်။
အချိန်တန်တဲ့တစ်နေ့ 
ယောတို့မြေမှာ
အသီးအပွင့်တွေဝေဆာခဲ့ပါရင်
ယောရင်သွေးတွေအား
မျှတ စွာ စားသုံးပါစေ။
ဖွံ့ဖြိုးတက်ကြွ
အဟာရဖြစ်ပါစေ။
နိမ့်မြင့်မခြား
အသွေးအသားဖြစ်ပါစေ။
ပျိုးကြဲသူ ကျနော်တို့ အတွက်တော့
ပီတိကိုသာ
စားသုံးခွင့်ပြုပါလေ။ ။

ပျိုးကြဲလက်ပိုင်ရှင်ယောလူငယ် အဖွဲ့သို့ 
ယောသိင်္ခ


ယောဆိုတာအဲ့သလိုရယ်ပါဗျာ( ၁၀)

ခုရက်ပိုင်းအတွင်း တောင်ကြီးမီးပုံးပျံပွဲတော်နှင့် ယောဒေသမီး
ကြာလှည့်ပွဲပုံတွေတွေ့နေရတော့ ယောရွာလေးဆီ ပြန်လိုစိတ်က နင့်နင့်သီးသီးနှင့် နေ့စဉ်ရက်ဆက်ပင်။
ခုလောက်ဆို ကျနော့်ယောရွာလေးမှာ စပါးတွေရိတ်သိမ်းစ ပြုရော့မည်။ကောက်သစ်ရနံ့မွှေးမွှေးလေးတွေ လေသွေးတိုင်း
မွှေးနေရော့မည်။ကောက်သစ်ကောက်ညှင်းကျည်တောက် ဖွေး
ဖွေး နွေးနွေး မွှေးမွှေး။မုန့်ဆီကြော် ချိုချိုအီအီ။ဇီးသီးမှည့် ချိုချို
ချဉ်ချဉ် နီနီဝါဝါ။ရွာစဉ်ရွာဆက် တစ်ရွာကဆရာတော်ကို တစ်ရွာ
ချင်းစီက ကန်တော့ကြချိန်မို့ လော်စပီကာသံ တညံညံ။ရွာခံများ
မှ တည်ခင်းသော ကျောက်ဖရုံသီးသားပွမ်းဟင်းနှင့် ပင်ကျရည်
ချိုချိုမြမြ။လတ်လတ်ဆတ်ဆတ် မုံညင်းချဉ် ချဉ်ဖြုန်းဖြုန်း ဆိမ့်
ဆိမ့်မွှေးမွှေး ။အခြားဒေသများတွင် မရနိုင်သော ပဲလွမ်းစေ့နိုင်း
ချင်းနှင့် မုန့််ပေါင်း၏ မွှေးမွှေးရွရွ ရသာရုံ…………။
ယောဓလေ့က ဝါလကင်းလွတ်ချိန်တွင် မိမိရွာကဆရာတော်
ကိုသာမက မိမိဒေသဝန်းကျင်က ဘုန်းတော်ကြီးများအား ရွာစဉ်ရွာဆက် လှည့်လည်ပူဇော်ကန်တော့ကြသည်။ခြေခင်းလက်ခင်း သာချိန်လေးတွင်မှ ကုသိုလ်ယူရင်းဆွေတကာ မျိုးတရာထံ အလည်အပတ်သဘောမျိုး လည်ပတ်ကြရသည်မို့ တစ်အိမ်ဝင်တစ်အိမ်ထွက်လှည့်လည်စားသောက်ကြသည့်ဓလေ့ က Donation and Vacation OutingTrip ဟု ခေါ်၍ရမည်ထင်သည်။
လာရောက်ကန်တော့သောရွာများက ဇာတ်အဖွဲ့ အိုးစည် ဒိုးပတ်ဖွဲ့ပါတတ်သလို ရွာခံများက အရပ်ဇာတ်ပွဲများ /ဒိုးပတ်ဝိုင်း /အိုးစည်ဝိုင်းများဖြင့် ပြန်လည်ဧည့်ခံတတ်ကြပြီး ယုတ်စွအဆုံး ရွာဖြစ်မီးပုံးပျံများ လွှတ်တင်ပြသဧည့်ခံသမှုပြု
ကြသည်။ရွာဖြစ်မီးပုံးပျံဆိုသည်က တကယ့်ယောလက်မှုပညာ
ဟုဆိုနိုင်သည်။ဆီစိမ်စက္ကူချပ်များကို ဥသျှစ်သီး၏ အစေးများ
အား ကော်အဖြစ်အသုံးပြု၍ အမြင့် အလုံးအဝန်း ချိန်ဆကာ
မီးပုံးပျံပြုလုပ်ကြသည်။ယောဒေသအခေါ်အဝေါ်ကတော့ မီးပုံး
ပျံစပ်သည် ဟုခေါ်ကြသည်။ဥသျှစ်စေးကော်သည် အုံတစ်ရာ/
တစ်ရာ့ငါးဆယ်၏ အလေးချိန်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်
စွမ်းရှိသည်က အံ့သြစရာ။တစ်အုံဆိုသည်က အလွယ်ပြောရလျှင်
ဖြန့်ထားသောသတင်းစာစက္ကူ၏ ဘယ်ညာနှစ်ဖက် အရွယ်အ
စား ရှိသည်မို့ အုံတစ်ရာ ဆိုလျှင် အမြင့်အားဖြင့် ဆယ်ပေ ဆယ့်
ငါးပေခန့်ရှိသည်။ မီးစာအတွက်ကတော့ ကြက်ဆူကိုင်းကို အူ
တိုင်အဖြစ်ထားကာ ရေနံချေးစိမ်ထားသော အဝတ်စအား ကြိုး
သဖွယ်ကျစ်၍ အထပ်ထပ်ရစ်ပတ်ကြရသည်။မီးညှိရန်နှင့်မီးပုံး
ပျံနောက်လိုက်ရန်မီးရှုးအတွက် မီးတုတ်ကိုတော့ အဝိုင်းပြုလုပ်၍
ကြက်ဆူသားခွတိုင်၌ စွပ်ကာမီးညှိကိုင်ဆောင်ကြသည်။အခြား
ဒေသရှိမီးပုံပျံများနှင့် ခြားနားသည်က ယောမီးပုံပျံလေးတွေမှာ
ခေါင်ပန်းဟုခေါ်သော မီးပုံးပျံထိပ် အလယ်တည့်တည့်၌ ပန်းပွါး
အထပ်ထပ်သဏ္ဍာန်အလှဆင်ကြခြင်း ဖြစ်သည်။၎င်းခေါင်
ပန်းသည် မီးပုံးပျံတစ်ခုလုံး၏ Balanceကို ထိန်းညှိထားသည့် နေရာလည်းဖြစ်သည်။
ဤအချိန်ကာလမျိုး၌ ရွာဦးဘုန်းတော်ကြီးကျောင်းအောက်မှာ ကာလသားကြီးငယ်တို့မီးပုံးပျံစပ်ရန် တစုစုတရုန်းရုန်းဖြစ်နေရော့မည်။
စာရေးနေဆဲမှာပင် မီးပုံးပျံဆီက မှိုင်းနံ့သင်းသင်းနှင့် ဥသျှစ်
သီးအစိမ်း၏ စိမ်းရွှေရွှေရနံ့ပြင်းပြင်းကို လက်ငင်းရမိနေသလိုလို။

သြော်………
ကျနော်ချစ်သော
ယောရွာလေးဆီ
မှန်းဆရည်သန်
ပြန်ရန်အခွင့်
ဘယ်ခါသင့်ပါလိမ့်ကွယ်။
ချစ်ခင်စွာဖြင့်
ယောသိင်္ခ
photo=Credit to Uploader

ယောဆိုတာ အဲ့သလိုရယ်ပါ ဗျ( ၉ )

တုန်းမောင်း
- - - - - - -
ဗျိုး…
ကျေးရွာအတွင်း
မှီတင်းနေထိုင်ကြကုန်သော
ရွာသူရွာသားအပေါင်းတို့ ခင်ဗျား
မနက်ဖန် နေ့ဆွမ်းတုန်း (မောင်း ) ခေါက်အပြီးတွင်
သူကြီးအိမ်သို့
တအိမ်တယောက် ကြွခဲ့ကြပါဗျို့……………။ ။

ယမန်နေ့က အလုပ်သဘောဖိတ်ကြားချက်အရ Swiss နာရီပြပွဲ တစ်ခုသို့ရောက်ဖြစ်သည်။ကျပ်သုံးသိန်းတန် မှ Us $ ထောင်ဂဏန်းထိ Handmade/ Auto /Quartz နာရီအမျိုးအစားပေါင်းများစွာ ခင်းကျင်းပြသ ထားသည်က လိုချင်တပ်မက်စရာ။
တန်ဖိုးမြင့်နာရီတွေကို ( မဝယ်နိုင်သေးသော်ငြားလည်း) တစ်လုံးချင်းလိုက်ငေးရင်း နာရီမဲ့လည်ပတ်နေသော ကျနော်ငယ်ငယ်က ကျနော့် ယောရွာလေး၏လူနေမှုစနစ်အကြောင်း တွေးမိသည်။
မနက်အရုဏ်တက်လုတွင် ရွာဦးကျောင်းက ဆွမ်းချက် တုန်းမောင်းသံရှည်က ကျေးရွာလေးကို စတင်လှုပ်နိုးလိုက်သည်နှင့် ဆွမ်းချက်ဖို့ပြင်သူကပြင် လုပ်ငန်းခွင်ဝင်ဖို့လှုပ်လှုပ်ရှားရှားနှင့် ရွာလေးစတင် အသက်ဝင်လာတော့သည်။
ယာခင်းအတွင်း အလုပ်လုပ်ကြရင်းဖြင့် နံနက်( ၉ )နာရီခွဲ (၁၀ )နာရီခန့်တွင် နေ့ဆွမ်းပို့ ရန် တုန်းမောင်းရှည်သံကြားသည်နှင့် မနက်လုပ်ငန်းခွင် တကျော့နားကြသည်။
(၁၁)နာရီခန့်မှာတော့ ဆရာတော် ဆွမ်းဘုဉ်းပေးသည့် ကြေးစည်သံ။ ထိုကြေးစည်သံကြားသည်နှင့် ထမင်းပြင်ဆင်စားသောက်ကြသည်။ (အကြောင်းကြီးငယ် မရှိဘဲ ရွာဦးဆရာတော် ဆွမ်းမဘုဉ်းပေးမှီမစားသောက်ကြ။
ဤမျှဘာသာတရားကို တုပ်ကွဦးညွှတ်ကြသည်။
ထို့ပြင် ယောရွာဒေသအများစု သံဃာတော်များမှာ ဆွမ်းခံထွက်ခြင်း မပြုကြရဘဲ ရွာမှ ဆွမ်းဝတ်အလှည့်ကျဖြင့် ကျောင်းသို့ပို့ဆောင်ပြင်ဆင်လှူဒါန်းကြပါသည်။)
နေ့ခင်း (၁၂ )နာရီခွဲခန့်မှာတော့ ပို့ထားသော ဆွမ်းခွက်များ ပြန်လည်သိမ်းဆည်းရန် တုန်းမောင်း အသံတို တီးခတ်ပါသည်။
ထိုအချိန်တွင် ကျွဲနွားများအား စားကျက်သို့လွှတ်ကျောင်းကြသည်။
ညနေ( ၄ )နာရီခန့်မှာ ပန်းကပ်ရန် /သောက်တော်ရေကပ်လှူရန်/ ရွာဦးကျောင်းသို့ ရေပို့လှူရန် တုန်းမောင်းသံရှည် ကြားရပါသည်။
ထိုအခါ ညနေလုပ်ငန်းခွင်သိမ်းကာစားကျက်ထဲ၌လွှတ်ကျောင်း ထားသော ကျွဲနွားများအားချည်တိုင်သို့ မောင်းနှင်သိမ်းသွင်းကြသည်။
ည (၇ )နာရီခန့်မှာတော့ ဘုရားဝတ်တက် အမျှဝေကြေးစည်သံ
ကြားသည်နှင့် အလည်လွန်ကာလသားအချို့မှ အပအားလုံးအိပ်ယာဝင်ကာ ယောရွာလေး၏တနေ့တာလည်ပတ်မှုတိတ်ဆိတ်အေးချမ်းစွာ အဆုံးသတ်တော့သည်။
ရွာလေး၏ တနေ့တာ အချိန်ဇယားက ရွာဦးကျောင်းက တုန်းမောင်း ကြေးစည်သံတို့ သဟဇာတ ကျစွာ။
မှတ်မှတ်ရရ နာရီ ဆိုလို့ တစ်ရွာလုံးပေါင်းပါမှ (၃ )လုံးလား ရှိသည် ထင်သည်။ ရှိသူများကလည်း ပွဲလမ်းသဘင်လေးရှိပါမှတသသ ထုတ်ဝတ်ကြတာမျိုး ဖြစ်သည်မို့ တစုံတရာအချိန်းအချက်လုပ်လျှင်တောင်မှ တုန်းမောင်းသံနှင့် အချိန်းအချက်ပြုတတ်ကြသည်။ (ဥပမာ ။ ။သူကြီးအိမ်ကို ဆွမ်းခွက်သိမ်းတုန်းမောင်းသံကြားလျှင် တစ်အိမ်တစ်ယောက်လာခဲ့ကြပါ လို့ လူစုကြတာမျိုး/
မနက်ဖန် ဟိုဖက်ရွာကို ဆွမ်းပို့တုန်းမောင်းချိန်လောက် သွား
ကြရအောင် ဆိုတာမျိုး တုန်းမောင်းသံဖြင့် အချိန်းအချက်ပြုကြသည်။)
မှတ်မိသေးသည်။ Quartz နာရီတွေ စပေါ်တော့ မြို့ကျောင်း
သွားတက်သည့် တဝမ်းကွဲအမက ဝယ်ပတ်လာသည်ကို လက်တံမပါတဲ့ နာရီ တဲ့ ဆိုကာ အုံးအုံးကျွက်ကျွက် လာကြည့်ကြသည်။လက်တံမပါဘဲနာရီဘယ်လိုကြည့်မလဲ
ဆိုကာ လောင်းကြေးထပ်သူတွေက ရှိသေးသည်။
ခုတော့ ယုတ်စွအဆုံး နွားကျောင်း ထန်းတက်လျှင်ပင် လက်ပါတ်နာရီလေး တဝင်းဝင်းနှင့်။
ကျနော်ကတော့ ရှေးရိုးစွဲဟုဆိုလိုကဆိုစေ ယောချစ်စိတ် အစွန်းရောက် ဟုပြောလိုကပြောကြပါတော့။
မနက်စောစော အိပ်ယာနိုးတိုင်း နရီ စည်းဝါးကျနသောရွာဦးကျောင်းက တုန်းမောင်းသံချိုချိုကို ကြားရလို ကြားရနိုးဖြင့် အမြဲလိုလို နားစွင့်နေမိတတ်မြဲဖြစ်သည်။ ။
Photo၊။ ။ မူရင်းပိုင်ရှင်အား Credit ပါဗျ
ချစ်ခင်စွာဖြင့်
ယောသိင်္ခ


ယော ဆိုတာ အဲသလိုရယ်ပါဗျာ ( ၇ )

ချည်တိုင်အလွမ်း
--------------------
"ရော့ ထမင်းထုတ်ပြင်ပီးဘီ
ဓားမ ခမောက် ရေဗူး ပါဘီလော"
"အကုန်ပါဘီ မယ့်အယ်
အဲအဲ သွားသွား
တိုးလာပါစေအော"
နွားကောက်သွားမည့် ကျနော့်ကို မယ့်အယ်(အမေ)က
ပြင်ဆင်ပေးရင်းပင် ဆုတောင်းပေးနေခြင်းဖြစ်သည်။
နွားကောက် ဆိုသည်ကား ကောက်ခြေပြတ်ချိန်(စပါးရိတ်သိမ်းကျီသွင်းပြီးချိန်) မှ စ၍ တနွေတွင်းလုံးသွားလိုရာသွား လွှတ်ပေးထားသောမိမိတို့ပိုင် ကျွဲနွားများအား ကဆုန်နယုန်လမိုးဦးကျ အချိန်တွင် မှ ပြန်လည်ရှာဖွေရခြင်းဖြစ်သည်။
' တိုးလာပါစေအော' ဟု ဆုတောင်းခြင်းကား
နွားစလွှတ်သောတပို့တွဲလက ဇီး(ကိုယ်ဝန်ရှိသော) နွားမတစ်ကောင်ပါသောကြောင့် တောထဲတောင်ထဲမှာချောချောမွှေ့မွှေ့သားမွေးပြီးနွားကလေးတစ်ကောင်ထပ်တိုးပါလာစေရန်ဖြစ်သည်။
ကောက်ခြေပြတ်ချိန်၌ လွှတ်လိုက်သော ကျွဲနွားများကား တနွေတွင်းလုံး ရေကောင်းရာ မြက်နုရာရှာရင်း နယ်လွန်နေတတ်သည်မို့ တခါတခါ ပြန်ရှာရသည်မှာ တစ်ရက် နှစ်ရက်မှ သီတင်းတစ်ပတ် နှစ်ပတ်မျှ ကြာတတ်သည်။
ထိုနှစ်က ဝယ်ထားသောနွားတစ်ရှဉ်းခွဲ(ထီး ၂+မ ၁)ကား ရွာနှင့်( ၇ )မိုင်ခန့် ဝေးသော အုန်းတွဲရွာမှဖြစ်သည်မို့၎င်းရွာစားကျက်ဖက်သို့လိုက်ရှာရမည်ြဖစ်သည်။ကျွဲနွားများ၏ ထူးဆန်းသောအပြုအမူတစ်ခုမှာ မိုးဦးကျသည်နှင့်မိမိမူလပိုင်ရှင်ချည်တိုင်ရှိရာသို့ပြန်တတ်ကြသည်။
(အဝေးရောက်ယောသူယောသားများလည်း မိုးဦးကျလျှင်ယောဒေသ အားလွမ်းဆွတ်တမ်းတကြရာ" ချည်တိုင်အလွမ်း" ဟုချစ်စနိုးစ,တတ်ကြသည်။)
(၇)မိုင်ခရီးဆိုသည်က လူသွားလမ်းအကွာအဝေးဖြစ်ပြီး ကျွဲနွားကောက်ရသည်မှာ တောတောင်ထဲမို့ ခရီးအကွာအဝေးကားတွက်ဆ မရတတ်။
ထိုနေ့ မနက်စောစော မိမိတို့ သားအဖ ရိက္ခာထုတ်ကို ပုဆိုးတစ်ထည်နှင့်ထုတ် ဓားမ ခါးကြားထိုးကာ နွားကောက်ခရီးထွက်ခဲ့ကြသည်။ပထမဆုံး တွေ့သည့် ဇီးတောရွာသားကို မိမိတို့ ၏ နွားပုံစံအရွယ်အစားပြောပြမေးမြန်းရာ လွန်ခဲ့သည့်တစ်ပတ်က ရွာ့အရှေ့ဖက်တောထဲမှာ တွေ့ကြောင်း သတင်းရသည်နှင့် တောထဲသို့ ဝင်တိုးရှာဖွေရာ နေကုန်သည်အထိ မတွေ့ရ။မောမောနှင့် ထမင်းထုတ်ဖြေစားကာလူနေအိမ်ခြေနှင့်လည်း ဝေးသည်မို့ နီးစပ်ရာလယ်တဲမှာ မီးဖိုကာ အိပ်ကြရသည်။နောက်နေ့မနက်
လက်ကျန်ထမင်းအေးအေးကိုစားကာ နွား ခြေရာခံကြသည်။
တွေ့ပါဘီ။
နွားသုံးကောင်၏ ခြေရာ
ခြေရာများကတောနက်ဆီသို့ဦးတည်နေသည်မို့နွားခလောက်သံနားထောင်ရင်းလိုက်လာကြရာ နေ့မွန်းတည့်ချိန်၌ ခလောက်သံဒိုးဒိုးဒေါင်ဒေါင်နှင့် နွားတစ်အုပ်ကို တွေ့ရပါတော့သည်။ ဝမ်းသာအားရဖြင့် ခြုံနွယ်များကိုမဖယ်မရှားအားဘဲ တိုးဝှေ့ပြေးသွားကြည့်မိသည်။
နွားအုပ်ထဲရှာကြည့်တော့ မိမိတို့ နွားမပါ။
ဗိုက်ကလည်းဆာ ရေကလည်းငတ်နှင့်မို့ ထိုင်ချကာငိုချင်စိတ်ပင်ပေါက်လာတော့သည်။
ဖခင်ကအားပေးဆွဲထူမမှ မလျှောက်ချင်လျှောက်ချင်ဖြင့်ခရီးဆက်ရတော့သည်။ရေဆာသည်ဟု အဖေ့ကိုပူဆာတော့တောထဲအလေ့ကျပေါက်သည့် နွယ်ချဉ်ပင်ကိုခုတ်ဖြတ်ကာ နွယ်မှထွက်သောရေကိုလျှာဖြင့်ထိုးခံသောက်ရသည်။မွန်းလွဲသော်လည်းလူရိပ်လူယောင်မတွေ့ရဘဲဆာလောင်မှုဒဏ်ကအပြင်းအထန်နှိပ်စက်ဆဲတွင်ယာခင်းတစ်ခင်းကိုတွေ့ရာ ပိုင်ရှင်ကို ဝူး ထိုးခေါ်ရပါသည်။
ဝူး…
ဝူး……
ဝူး………
ပြန်ထူးသံမကြားရ။
ယာခင်းထဲမှာ သခွါးမွှေးသီး အမှည့်များ
ရင့်စပြုပြောင်းဖူးများ ထဲမှသခွါးမွှေးသီး တစ်လုံးနှင့်ပြောင်းဖူးအနည်းငယ်ချိုးယူကာ
အနီးက ယာတဲမှာ စားသောက်ပြီး ယာခင်းခြံစည်းရိုး၌ချည်နှောင်ထားသော နှီးစကိုချိုး ယာခင်းအဝင်ခြံတိုင်အား ဓားနှင့်ကြက်ခြေခတ်ထားခဲ့သည်။
ဖခင်က ယာရှင်ကျန်းမာပါစေ သီးနှံအထွက်ကောင်းပါစေကြောင်း ဆုတောင်းကာနွားရှာထွက်ခဲ့ကြပြန်သည်။
ထိုနေ့မိုးချုပ်ကာနီးမှာ အုန်းတောရွာသို့ ရောက်ရာရွာထိပ်၌ရွာသားတစ်ဦးကိုတွေ့ရသည်။ ထိုသူကပင်စ၍
"ကျွဲရှာ နွားရှာလာတာလား
ဘယ်ရွာကလဲ
မိုးချုပ်နေဘီပါပကောဟ !
ဟု တရစပ်မေးပြီးသူ့ အိမ်တွင်ပင်ညအိပ်၍ မနက်ဖန်မှရှာရန်အကြံပြုပါသည်။
မိမိက ဖခင်၏ အသိထင်၍မေးကြည့်ရာ ခုမှတွေ့ဖူးသူဖြစ်ကြောင်း သိရသည်။ထိုသူ့ အိမ်တွင်ညစာစားပြီးရွာထဲမှလူများတစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ သူတို့ တွေ့ခဲ့သည့်ကျွဲနွားသတင်းများပြောပြကြသည်။
နောက်နေ့ မနက်တွင် မိမိတို့ အတွက် ထမင်းထုတ်များထုတ်ပေးရုံမက၎င်းရွာသားများပါကူညီလိုက်ရှာပေးကြသော်လည်း မတွေ့သဖြင့်ကျေးဇူးတင်နူတ်ဆက်စကားဆိုကာထွက်လာခဲ့ကြသည်။ထိုနေ့ကကံကောင်းသည်ဟုဆိုရမည် ။
နွားရှာရာလမ်းတလျှောက် သဒွက်သီး(ကတွက်သီး)သီး ခူးစား
ဖွတ်ဥ တောကြက်ဥတို့ ကို ဝါးကျည်တောက်ဖြင့်ပြုတ်စား
ပဒတ်လေးတွေရတော့ မီးကင်
မြောက်ဥပင်တွေ့တော့ မီးဖုတ်
သင်းတောက်ဥတူးစား
စားဖားတွေရတော့ တံစိုးထိုးကင်ကာဖြင့်နွာွးဲရှာရသည်ကိုပင်ပျော်စရာကြီးထင်မိတော့သည်။ထိုနေ့ညကရွာနားနီးလယ်တဲမှာပင်အိပ်လိုက်ကြရာနောက်နေ့မနက်ဝေလီဝေလင်းတွင် တဲပိုင်ရှင်ရောက်လာပြီး ရွာထဲလာမအိပ်သည့်အတွက် အပြစ်တင်ပြောဆိုတော့သည်။
ထို့ နောက်မိမိတို့ နွားသတင်းကိုစုံစမ်းရာ"မိမိတို့ နွားများမှာ သူ၏တောနားတဝိုက်တွင်ရှိပါကြောင်း
နွားမကြီးမှာ သားမွေးပြီးစ ဖြစ်၍ သူ၏နွားခြံထဲ၌ စောင့်ရှောက်ထားကြောင်းပြောပြသည်။
မိမိတို့သားအဖလည်း တဲပိုင်ရှင်အား ကျေးဇူးတင်စကားဆိုပြီး နွာျးွဲများကိုရွာသို့မောင်းနှင်ခေါ်ဆောင်လာရာ လမ်း၌ ဖခင်အား မေးခွန်းတချို့ဖြင့်စပ်စုမိသည်။
အဖေဖြေကြားပုံကို ခုစာရေးချိန်ထိ မှတ်မိမြင်ယောင်နေပါသေးသည်။
" အဖေ
ကျွဲနွားတွေကို ဒီလိုလွှတ်ထားတော့ မပျောက်ဖူးလားအဖေ"
"တခါမှ မပျောက်ဖူးပါဘူးကွဲ့
မပျောက်တဲ့အပြင်တိုးတောင်လာသေးတာ မင့်အမြင်ဘဲ " "ဘာလို့မပျောက်တာလဲ အဖေ " လို့ 
ထပ်ကွန့်ပြီးမေးတော့
အဖေက ပြံုးပြုံးကြီးနဲ့ဖြေပြတယ်။
" ဘာလို့ လဲဆို ယောဒေသဖြစ်နေတာကိုး" တဲ့
ဟုတ်ကဲ့ဗျ
ကျုပ်တို့ ယောဒေသဟာ အဲသလိုရယ်ပါဗျာ။ ။
(အိုင်းမ ဇီးတော ရွှေခုံတိုင် အုန်းတော အုန်းတွဲ မှ ယောဆွေယောမျိုးများသို့ ချည်တိုင်အလွမ်းများစွာဖြင့်)
Photo။ ။မူရင်းပိုင်ရှင်အားCredit
                                                                                  ချစ်ခင်စွာဖြင့်
                                                                                  ယောသိင်္ခ

Thursday, July 7, 2016

ကောင်းလိုက်တဲ့ဟင်း ကျိန်းလိုက်တဲ့ ဆုံ

မိုးလေး တစ်ပြေးနှစ်ပြေးရွာချသော်လည်း နေရတာက အိုက်စပ်စပ်နှင့်။
မယ်စံတစ်ယောက် ခေါင်းပေါင်းထားသော တဘက်ကိုဖြေချ ယပ်ခပ်ရင်း နှမ်းပေါင်းထိုးနေသော သူငယ်ချင်းတစ်သိုက်ကို
နားနေရာတဲပေါ်မှ ငေးကြည့်တွေးနေမိသည်။
နေက ထန်းတဖျားပင်ကျော်လုပြီလေ။
`သူငယ်ချင်းတစ်သိုက် ဗိုက်ဆာနေရော့မည်´

သည်နေ့က နှမ်းပေါင်းထိုးအားဆိုသည့်နေမို့ သူငယ်ချင်းတစ်
သိုက်အား အားရပါးရကျွေးမွေးချင်သည့်စိတ်နှင့် ယာတဲပေါ်မှာ
ချွေးတလုံးလုံးနှင့် ချက်ပြုတ်ပြင်ဆင်နေရသည်။
နှမ်းပေါင်းထိုးရသည်က ခါးနာခါးညောင်းလောက်အောင် ပင်
ပမ်းသည်မို့ လာကူညီသူတွေကို ထမင်းကောင်းဟင်းကောင်း
ကျွေးမွေးချင်သည့်စိတ်နှင့် မနက်မိုးလင်းကတည်းက ချက်ပြုတ် ပြင်ဆင်နေသည်။
'-ဝက်သားနီဟင်း
- မျှစ်ပလော ချိုချိုချွဲချွဲဟင်းချို
-လယ်ကန်သင်းက နှုတ်လာသော မာလာဖူးကို မောင်ကြီးဖမ်း
လာသော ငါးသေးနှုတ်လေးများနှင့် ကင်ပြီးထောင်း
-ယာခင်းဘေးက ဆူးပုတ်ရွက်နူနူ ခွေးတောက်ရွက်နုနုလေးကို
ကြော်
အင်း ……
သည်လောက်ဆို ဟင်းအမယ်စုံပြီထင်ပါရဲ့…
အဲ !
အချဉ်ဟင်းလျာ မပါသေးပါလား…
အချဉ်အတွက် ဘာချက်ရင်ကောင်းမလဲ…?
ဟာ …!
တဲဘေးက မန်ကျည်းပင်မှာ မန်ကျည်းသီးနုနုလေးတွေပါ
လား
အတော်ပဲ
အချဉ်အတွက် ဟင်းတစ်ခွက်ရပြီ '
မယ်စံတစ်ယောက်ပြုံးရွှင်စွာ တွေးရင်း မန်းကျည်းပင်ပေါ်တက်ကာထဘီကို ခါးပုံစ ထုတ် မန်ကျည်းသီး နုနုတွေ တပြုံတမ ခူးချကာ အချဉ်ဟင်းလျာအတွက် ကြိုးစား ပမ်းစား ပြင်ဆင်လိုက်ရသည်။
ခဏအကြာမှာတော့ ပေါင်းထိုးသမ သူငယ်ချင်းတွေက
`ဝူး´
အသံပေးကာ ယာတဲပေါ်တက်လာကြပြီး အားရပါးရ ထမင်း
စားကြတော့သည်။
သူငယ်ချင်းများဖြစ်သည့် မယ်ခရေ/မယ်သီ/မယ်ဇင်/မယ်ငွေရည်/မယ်စု/ မယ်အေး/မယ်စန်းတို့ နှပ်ကလေးတရှုပ်ရှုပ် ထမင်းကို လက်သီးဆုပ်ကာ အားရပါးရ စားနေကြတာမြင်တော့ ပင်ပန်းစွာ ချက်ပြုတ်ပေးရသည်ကိုပင် မေ့ချင်လောက်အောင် ဘေးမှ ထိုင်ငေးကာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရသည်။
`` မန်ကျည်းသီးထောင်းလေးက ချွဲချွဲချဉ်ချဉ်လေးနဲ ကောင်းလိုက်တာအေ
မယ်စံရေ
နင်လည်း တခါတည်း ဝင်စားလေဟာ´´
ဟု မယ်သီက ပလုပ်ပလောင်းစားရင်းနှင့် ခေါ်ရှာသည်။
`ဆာသေးဘူးအေ´
ဟု မုသားသုံးကာ ငြင်းနေရင်း ကိုယ်ခံစားနေရသည့် ဝေဒနာကို ဖွင့်မပြောရက်ရှာ။
ဆာနေသော်လည်း အံတင်းကာကြိတ်မှိတ်ကာ အပြုံးလေး
နှင့် ဟန်ဆောင်နေရသည့်ဘဝ သူငယ်ချင်းတွေမှ မသိကြရှာဖူးလေ။
`အင်း…
ညနေရေခပ်ဆင်းရင်တော့…
ကိုယ့်ဝေဒနာကို သူငယ်ချင်းများသိအောင် ပြောပြရဦးမည်။
…………………
………
……
……
ရွာကလယ်တဲမှာ မန်ကျည်းသီးထောင်းစရာ ငြုပ်ဆုံမရှိလို့ သူတို့
ခံတွင်းမြိန်ဟင်းလျာဖြစ်တဲ့ မန်ကျည်းသီးထောင်းဟင်း တစ်ခွက်ကို ဆုံကျိန်းလောက်အောင် ဘယ်လို ခက်ခက်ခဲခဲ ဖန်တီးခဲ့ရတဲ့ အကြောင်းကိုလေ´။ ။
ဒီရက်ပိုင်းအတွင်းအဖွဲ့ကိစ္စတွေနဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေလို့ အဖွဲ့တော်သားများကို ပေါ့ပေါ့ပါးပါး ကျီစားတာ အမျက်တော် မဝင်ကြပါနဲဗျာနော
ချစ်ခင်စွာဖြင့်
ယောသိင်္ခ



ယောဒေသ စာပေဟောပြောပွဲ အစီအစဉ်မှ ရသုံးငွေစာရင်း တင်ပြခြင်း

ယောဒေသ စာပေဟောပြောပွဲအတွက် ရည်ရွယ်၍ ပခုက္ကူမြို့ရှိ ယောအနွယ်များထံ လိုက်လံ ရံပုံငွေ စုဆောင်းရာမှာ စုစုပေါင်း ထည့်ဝင်ငွေ ၇ သိန်း ရရှိခဲ့ပါတယ်။ ထိုရံပုံငွေထဲမှ ပွဲအတွက် ကြိုတင်ပြင်ဆင်မှု့များဖြစ်တဲ့ ဗီနိုင်းပိုစတာထုတ်ခြင်း၊ ပန်းဖလပ် လက်ကမ်းစာစောင် ပြင်ဆင်ခြင်း၊ စာရေးဆရာ၊ဆရာမများအား ကြိုဆိုရာမှာ လိုအပ်တဲ့ အသေးစိတ် သုံးစွဲမှု့များ၊စာပေဟောပြောပွဲ အခွေ ထုတ်ရာမှာ သင့်ငွေ ရှင်းလင်းခြင်းများ၊ ကြီးကြပ်အဖွဲ့အသေးစား အသုံးစရိတ်အတွက် အခြိုးခြံဆုံး ခွဲဝေ သုံးစွဲခဲ့ပါတယ်။ ပွဲပြီး၍ ကျင်းပသည့် ရွာများထံမှ ထိုကုန်ကျငွေများကို (ပန်းဖလပ်ဖိုး ၁၇၅၀၀၀)လွဲ၍ အချိုးကျ မျှဝေ ကျခံစေခဲ့ရာ ဆရာဥာဏ်ပူဇော်ခ ၃သိန်းဖြင့် ပေါင်းလျှင် ပွဲအတွက် တစ်ရွာကို ၅သိန်းခန့်စီမျှသာ ကုန်ကျခဲ့ပါတယ်။ ဧည့်ခံ စရိတ်ကတော့ တစ်ရွာနဲ့တစ်ရွာ ပြင်ဆင်ပုံခြင်းမတူညီ၍ ( ၀ကျပ်မှ ၅သိန်း)ထိ ကုန်ကျ ကြပါတယ်။
ထို့ကြောင့် ပြင်ဆင်စရိတ်အား နောက်ထပ်အကြိမ်တွေ ပြန်လည်ပြုလုပ်တဲ့ ဟောပြောပွဲ အစီအစဉ်တွေမှာ ယခုလိုပဲ ကျခံ သုံးစွဲနိုင်ရန် အရန်ရံပုံငွေအဖြစ် ပြန်လည် ကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။
ဟောပြောပွဲအတွက် ပခုက္ကူမှာ ကောက်ခံရရှိ ရန်ပုံငွေမှာ ၇ သိန်း ၊ဟောပွဲအတွက် ထည့်ဝင် အသုံးပြုငွေက ၁၇၅၀၀၀ ကျပ်၊လက်ကျန်ငွေမှာ ၅၂၅၀၀၀ ကျပ် တိတိဖြစ်ပါတယ်။
တဖန် စာပေဟောပြောပွဲနှင့်အတူ ဆရာနေဝင်းမြင့်၊ ဆရာညိုထွန်းလူ၊ဆရာမ ခင်ခင်ထူး တို့ရဲ့ စာအုပ်တွေကိုလဲ ပွဲစဉ်တလျှောက် ကြီးကြပ်အဖွဲ့အဖြစ် လုပ်အားပေးကြတဲ့ လူငယ်များမှ ရောင်းချပေးခဲ့ကြပါတယ်။ ရရှိတဲ့အမြတ်ငွေကိုလည်း ယောလူငယ် ရံပုံငွေအဖြစ် ပြန်လည်ထည့်ဝင် ပေးအပ်ခဲ့ကြရာမှာ ၁၇၀၀၀၀ကျပ် ( တစ်သိန်း ခုနှစ်သောင်းကျပ်) ဖြစ်ပါတယ်။ ထို့ကြောင့် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး (ယာယီ )ကော်မတီအနေဖြင့် လက်ကျန်ငွေ ( ၇ )သိန်း ရှိနေပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
အသေးစိတ် အသေအချာ သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များအား ဆက်သွယ် မေးမြန်းနိုင်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျာ။
ကိုမောင်ချို 092301132
ကိုရင် ဒိပ္ပ 09265306620
ယောလူငယ် ( ပြန်ကြားရေး