Menu

Tuesday, July 12, 2016

ယော ဆိုတာ အဲသလိုရယ်ပါဗျာ ( ၇ )

ချည်တိုင်အလွမ်း
--------------------
"ရော့ ထမင်းထုတ်ပြင်ပီးဘီ
ဓားမ ခမောက် ရေဗူး ပါဘီလော"
"အကုန်ပါဘီ မယ့်အယ်
အဲအဲ သွားသွား
တိုးလာပါစေအော"
နွားကောက်သွားမည့် ကျနော့်ကို မယ့်အယ်(အမေ)က
ပြင်ဆင်ပေးရင်းပင် ဆုတောင်းပေးနေခြင်းဖြစ်သည်။
နွားကောက် ဆိုသည်ကား ကောက်ခြေပြတ်ချိန်(စပါးရိတ်သိမ်းကျီသွင်းပြီးချိန်) မှ စ၍ တနွေတွင်းလုံးသွားလိုရာသွား လွှတ်ပေးထားသောမိမိတို့ပိုင် ကျွဲနွားများအား ကဆုန်နယုန်လမိုးဦးကျ အချိန်တွင် မှ ပြန်လည်ရှာဖွေရခြင်းဖြစ်သည်။
' တိုးလာပါစေအော' ဟု ဆုတောင်းခြင်းကား
နွားစလွှတ်သောတပို့တွဲလက ဇီး(ကိုယ်ဝန်ရှိသော) နွားမတစ်ကောင်ပါသောကြောင့် တောထဲတောင်ထဲမှာချောချောမွှေ့မွှေ့သားမွေးပြီးနွားကလေးတစ်ကောင်ထပ်တိုးပါလာစေရန်ဖြစ်သည်။
ကောက်ခြေပြတ်ချိန်၌ လွှတ်လိုက်သော ကျွဲနွားများကား တနွေတွင်းလုံး ရေကောင်းရာ မြက်နုရာရှာရင်း နယ်လွန်နေတတ်သည်မို့ တခါတခါ ပြန်ရှာရသည်မှာ တစ်ရက် နှစ်ရက်မှ သီတင်းတစ်ပတ် နှစ်ပတ်မျှ ကြာတတ်သည်။
ထိုနှစ်က ဝယ်ထားသောနွားတစ်ရှဉ်းခွဲ(ထီး ၂+မ ၁)ကား ရွာနှင့်( ၇ )မိုင်ခန့် ဝေးသော အုန်းတွဲရွာမှဖြစ်သည်မို့၎င်းရွာစားကျက်ဖက်သို့လိုက်ရှာရမည်ြဖစ်သည်။ကျွဲနွားများ၏ ထူးဆန်းသောအပြုအမူတစ်ခုမှာ မိုးဦးကျသည်နှင့်မိမိမူလပိုင်ရှင်ချည်တိုင်ရှိရာသို့ပြန်တတ်ကြသည်။
(အဝေးရောက်ယောသူယောသားများလည်း မိုးဦးကျလျှင်ယောဒေသ အားလွမ်းဆွတ်တမ်းတကြရာ" ချည်တိုင်အလွမ်း" ဟုချစ်စနိုးစ,တတ်ကြသည်။)
(၇)မိုင်ခရီးဆိုသည်က လူသွားလမ်းအကွာအဝေးဖြစ်ပြီး ကျွဲနွားကောက်ရသည်မှာ တောတောင်ထဲမို့ ခရီးအကွာအဝေးကားတွက်ဆ မရတတ်။
ထိုနေ့ မနက်စောစော မိမိတို့ သားအဖ ရိက္ခာထုတ်ကို ပုဆိုးတစ်ထည်နှင့်ထုတ် ဓားမ ခါးကြားထိုးကာ နွားကောက်ခရီးထွက်ခဲ့ကြသည်။ပထမဆုံး တွေ့သည့် ဇီးတောရွာသားကို မိမိတို့ ၏ နွားပုံစံအရွယ်အစားပြောပြမေးမြန်းရာ လွန်ခဲ့သည့်တစ်ပတ်က ရွာ့အရှေ့ဖက်တောထဲမှာ တွေ့ကြောင်း သတင်းရသည်နှင့် တောထဲသို့ ဝင်တိုးရှာဖွေရာ နေကုန်သည်အထိ မတွေ့ရ။မောမောနှင့် ထမင်းထုတ်ဖြေစားကာလူနေအိမ်ခြေနှင့်လည်း ဝေးသည်မို့ နီးစပ်ရာလယ်တဲမှာ မီးဖိုကာ အိပ်ကြရသည်။နောက်နေ့မနက်
လက်ကျန်ထမင်းအေးအေးကိုစားကာ နွား ခြေရာခံကြသည်။
တွေ့ပါဘီ။
နွားသုံးကောင်၏ ခြေရာ
ခြေရာများကတောနက်ဆီသို့ဦးတည်နေသည်မို့နွားခလောက်သံနားထောင်ရင်းလိုက်လာကြရာ နေ့မွန်းတည့်ချိန်၌ ခလောက်သံဒိုးဒိုးဒေါင်ဒေါင်နှင့် နွားတစ်အုပ်ကို တွေ့ရပါတော့သည်။ ဝမ်းသာအားရဖြင့် ခြုံနွယ်များကိုမဖယ်မရှားအားဘဲ တိုးဝှေ့ပြေးသွားကြည့်မိသည်။
နွားအုပ်ထဲရှာကြည့်တော့ မိမိတို့ နွားမပါ။
ဗိုက်ကလည်းဆာ ရေကလည်းငတ်နှင့်မို့ ထိုင်ချကာငိုချင်စိတ်ပင်ပေါက်လာတော့သည်။
ဖခင်ကအားပေးဆွဲထူမမှ မလျှောက်ချင်လျှောက်ချင်ဖြင့်ခရီးဆက်ရတော့သည်။ရေဆာသည်ဟု အဖေ့ကိုပူဆာတော့တောထဲအလေ့ကျပေါက်သည့် နွယ်ချဉ်ပင်ကိုခုတ်ဖြတ်ကာ နွယ်မှထွက်သောရေကိုလျှာဖြင့်ထိုးခံသောက်ရသည်။မွန်းလွဲသော်လည်းလူရိပ်လူယောင်မတွေ့ရဘဲဆာလောင်မှုဒဏ်ကအပြင်းအထန်နှိပ်စက်ဆဲတွင်ယာခင်းတစ်ခင်းကိုတွေ့ရာ ပိုင်ရှင်ကို ဝူး ထိုးခေါ်ရပါသည်။
ဝူး…
ဝူး……
ဝူး………
ပြန်ထူးသံမကြားရ။
ယာခင်းထဲမှာ သခွါးမွှေးသီး အမှည့်များ
ရင့်စပြုပြောင်းဖူးများ ထဲမှသခွါးမွှေးသီး တစ်လုံးနှင့်ပြောင်းဖူးအနည်းငယ်ချိုးယူကာ
အနီးက ယာတဲမှာ စားသောက်ပြီး ယာခင်းခြံစည်းရိုး၌ချည်နှောင်ထားသော နှီးစကိုချိုး ယာခင်းအဝင်ခြံတိုင်အား ဓားနှင့်ကြက်ခြေခတ်ထားခဲ့သည်။
ဖခင်က ယာရှင်ကျန်းမာပါစေ သီးနှံအထွက်ကောင်းပါစေကြောင်း ဆုတောင်းကာနွားရှာထွက်ခဲ့ကြပြန်သည်။
ထိုနေ့မိုးချုပ်ကာနီးမှာ အုန်းတောရွာသို့ ရောက်ရာရွာထိပ်၌ရွာသားတစ်ဦးကိုတွေ့ရသည်။ ထိုသူကပင်စ၍
"ကျွဲရှာ နွားရှာလာတာလား
ဘယ်ရွာကလဲ
မိုးချုပ်နေဘီပါပကောဟ !
ဟု တရစပ်မေးပြီးသူ့ အိမ်တွင်ပင်ညအိပ်၍ မနက်ဖန်မှရှာရန်အကြံပြုပါသည်။
မိမိက ဖခင်၏ အသိထင်၍မေးကြည့်ရာ ခုမှတွေ့ဖူးသူဖြစ်ကြောင်း သိရသည်။ထိုသူ့ အိမ်တွင်ညစာစားပြီးရွာထဲမှလူများတစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ သူတို့ တွေ့ခဲ့သည့်ကျွဲနွားသတင်းများပြောပြကြသည်။
နောက်နေ့ မနက်တွင် မိမိတို့ အတွက် ထမင်းထုတ်များထုတ်ပေးရုံမက၎င်းရွာသားများပါကူညီလိုက်ရှာပေးကြသော်လည်း မတွေ့သဖြင့်ကျေးဇူးတင်နူတ်ဆက်စကားဆိုကာထွက်လာခဲ့ကြသည်။ထိုနေ့ကကံကောင်းသည်ဟုဆိုရမည် ။
နွားရှာရာလမ်းတလျှောက် သဒွက်သီး(ကတွက်သီး)သီး ခူးစား
ဖွတ်ဥ တောကြက်ဥတို့ ကို ဝါးကျည်တောက်ဖြင့်ပြုတ်စား
ပဒတ်လေးတွေရတော့ မီးကင်
မြောက်ဥပင်တွေ့တော့ မီးဖုတ်
သင်းတောက်ဥတူးစား
စားဖားတွေရတော့ တံစိုးထိုးကင်ကာဖြင့်နွာွးဲရှာရသည်ကိုပင်ပျော်စရာကြီးထင်မိတော့သည်။ထိုနေ့ညကရွာနားနီးလယ်တဲမှာပင်အိပ်လိုက်ကြရာနောက်နေ့မနက်ဝေလီဝေလင်းတွင် တဲပိုင်ရှင်ရောက်လာပြီး ရွာထဲလာမအိပ်သည့်အတွက် အပြစ်တင်ပြောဆိုတော့သည်။
ထို့ နောက်မိမိတို့ နွားသတင်းကိုစုံစမ်းရာ"မိမိတို့ နွားများမှာ သူ၏တောနားတဝိုက်တွင်ရှိပါကြောင်း
နွားမကြီးမှာ သားမွေးပြီးစ ဖြစ်၍ သူ၏နွားခြံထဲ၌ စောင့်ရှောက်ထားကြောင်းပြောပြသည်။
မိမိတို့သားအဖလည်း တဲပိုင်ရှင်အား ကျေးဇူးတင်စကားဆိုပြီး နွာျးွဲများကိုရွာသို့မောင်းနှင်ခေါ်ဆောင်လာရာ လမ်း၌ ဖခင်အား မေးခွန်းတချို့ဖြင့်စပ်စုမိသည်။
အဖေဖြေကြားပုံကို ခုစာရေးချိန်ထိ မှတ်မိမြင်ယောင်နေပါသေးသည်။
" အဖေ
ကျွဲနွားတွေကို ဒီလိုလွှတ်ထားတော့ မပျောက်ဖူးလားအဖေ"
"တခါမှ မပျောက်ဖူးပါဘူးကွဲ့
မပျောက်တဲ့အပြင်တိုးတောင်လာသေးတာ မင့်အမြင်ဘဲ " "ဘာလို့မပျောက်တာလဲ အဖေ " လို့ 
ထပ်ကွန့်ပြီးမေးတော့
အဖေက ပြံုးပြုံးကြီးနဲ့ဖြေပြတယ်။
" ဘာလို့ လဲဆို ယောဒေသဖြစ်နေတာကိုး" တဲ့
ဟုတ်ကဲ့ဗျ
ကျုပ်တို့ ယောဒေသဟာ အဲသလိုရယ်ပါဗျာ။ ။
(အိုင်းမ ဇီးတော ရွှေခုံတိုင် အုန်းတော အုန်းတွဲ မှ ယောဆွေယောမျိုးများသို့ ချည်တိုင်အလွမ်းများစွာဖြင့်)
Photo။ ။မူရင်းပိုင်ရှင်အားCredit
                                                                                  ချစ်ခင်စွာဖြင့်
                                                                                  ယောသိင်္ခ

No comments:

Post a Comment