Menu

Thursday, June 25, 2015

ကမ်းလင့်ကာလေ ကြိုဆိုမည်



 ယောလူငယ်အဖွဲ့အကြောင်း မပြောခင် ကိုယ့်အကြောင်းကို အရင်ရေးရဦးမည်။ ၂၀၀၉ခုနှစ် ဆယ်တန်းအောင်စာရင်းမှာ ကျတော့်နာမည်ပါလာပြီးတဲ့နောက် အင်တာနက်ဆိုတာကို စတင်အသုံးပြုမိတယ်။ စတင်အသုံးပြုတဲ့ အချိန်ကစပြီး အင်တာနက်ပေါ်မှာ ယောသားယောသူ တစ်ယောက်တစ်လေများ တွေ့လေမလားဆိုပြီး ရှာဖွေမိတယ်။ Googleဆိုတဲ့ ရှာဖွေရေးစင်တာကြီးမှာလဲ ယော(Yaw) ဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်အဖန်ဖန်ရိုက်ပြီး ရှာဖွေခဲ့တယ်။ ယောနယ်ရဲ့အထင်ကရ သင်္ကေတတွေဖြစ်တဲ့ ပုံတောင်ကိုရိုက်ရှာတယ်၊ ပုံညာကိုရိုက်ရှာတယ် ပေါ်မလာခဲ့ဘူး။ ဗမာကိုးမျိုးထဲမှာပါ ထည့်ရေးကြတဲ့ ယောဆိုတဲ့ စာလုံးတစ်လုံးထက် ပိုမတွေ့ခဲ့ရဘူး။

၂၀၁၀ထဲရောက်တော့ ခရိုင်ဆယ်နှစ်ပြည့်အထိမ်းအမှတ် ယောမဂ္ဂဇင်း(၂၀၀၇) စာအုပ်ထဲမှာပါတဲ့ ယောကဗျာ ယောသမိုင်းလေးတွေနဲ့ ကိုယ်တိုင်ရေးစာတိုအချို့ကို မာတီပလိုင်းဆိုတဲ့ အလကားဘလော့ထောင်လို့ရတဲ့ နေရာမှာ ယောနကတိုင်းနာမည်နဲ့ စုစည်းထားဖြစ်တယ်။ အဲ့ဒီတုန်းက ဖေ့စ်ဘုတ်ကြီး အုံးအုံးကျွတ်ကျွတ်မဖြစ်သေးတဲ့ အချိန်ဆိုတော့ ယောနာမည်ပါတဲ့ အထင်ကရNick Nameတစ်ခုယူပြီး ခေတ်စားနေတဲ့ Ning.com ဂရုတွေထဲလျှောက်သွားဖြစ်တာပေါ့။ အဲ့ဒီတော့မှ ယောသားယောသူ အနည်းငယ်နဲ့ ဆက်သွယ်ပြောဆိုခွင့်ရခဲ့တယ်။ ကိုယ်ပိုင်ဒိုမိန်းတစ်ခုလောက်ဝယ်ပြီး ယောနယ်အကြောင်း စာတွေရေးဖို့ လိုက်ပြီးစည်းရုံးပြောဆိုခဲ့တယ်။ ဒါပေမယ့် အထမမြောက် မအောင်မြင်ခဲ့ဘူး။
၂၀၁၀ခုနှစ်ကုန်ခါနီးလောက်ထင်တယ် ဖေ့စ်ဘုတ်က ဂရုဖွဲ့လို့ရတဲ့ ၀န်ဆောင်မှုတစ်ခု စတင်သုံးစွဲခွင့်ပေးတယ်။ ဒါကြောင့် ဒို့ယောမြေဆိုတဲ့ ဂရုတစ်ခုကိုဖွဲ့ပြီး ယောသားယောသူတွေကို စုစည်းဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ ယောနယ်အကြောင်း စာတွေ ကဗျာတွေနဲ့ ချစ်စဖွယ်ဓလေ့တွေ ဖလှယ်ပြီး အလွမ်းသယ်ကြဖို့ပါပဲ။ သိပ်မကြာခင် ကိုယ့်လိုယောကိုချစ်တဲ့ ယောနယ်သူနယ်သားတို့ဆုံစည်းရာအဖွဲ့က အစ်ကိုအစ်မတွေ ရေမျက်နီက အဖွဲ့တွေ တွေ့ခွင့်ရတယ်။ ယောကိုချစ်တဲ့ ယောသားယောသူတွေ အင်တာနက်ပေါ်မှာ ယောအင်ပါယာအမျိုးမျိုး ထူထောင်လာကြတယ်။ ဒါပေမယ့် ကျတော်ကိုယ်တိုင်ရော တခြားလူတွေရော အပြင်လက်တွေ့မှာ ယောအဖွဲ့တွေစုစုစည်းစည်းဖြစ်ဖို့ မတွေးကြည့်မကြိုးစားကြည့်မိကြဘူး။
လွန်ခဲ့တဲ့ တစ်လကျော်လောက်မှာတော့ ယောလူငယ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခု အုတ်မြစ်ချတဲ့ပွဲကို ကျတော်ရောက်ခဲ့တယ်။ ယောလူငယ်အဖွဲ့က အွန်လိုင်းကိုအခြေခံပြီး ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် ပရဟိတအဖွဲ့တစ်ခုဖြစ်တယ်။ ကိုယ့်ထက်စိတ်အားထက်သန်သူ ကိုယ့်ထက်ယောကိုချစ်မြတ်နိုးသူတွေကို တွေ့ခဲ့တယ်။ ကျတော် အဲ့ဒီလူတွေနဲ့ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခုချိန်မှာတော့ ယောဒေသတိုးတက်ရာတိုးတက်ကြောင်း စိတ်ကူးယဉ်ကြည့်ဖူးတဲ့ ဝါသနာတူလူငယ်တွေ အတန်အသင့်စုစည်းမိနေကြပြီ။ ယောလူငယ်ဆိုတဲ့နာမည်တစ်ခုနဲ့ ပူးတွဲလုပ်ဆောင်ကြဖို့ အသင့်ပြင်နေကြပြီ။ ခြေလှမ်းတွေညီညာစွာဖြင့် စတင်လှမ်းစပြုနေကြပြီ ဖြစ်သည်။
ကျတော်တို့နဲ့အတူ ပူးပေါင်းပါဝင် အားဖြည့်ကာ လျှောက်လှမ်းဖို့လဲ ဖိတ်ခေါ်ချင်သည်။
ကျတော်တို့ယောသားယောသူတွေ အင်တာနက်ပေါ်မှာထက် အပြင်လက်တွေ့မှာ ပိုပြီး စည်းလုံးစေချင်သည်။ ဒါမှ လက်တွေ့ကျကျ ကျတော်တို့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မည်။ အင်တာနက်ပေါ်မှာ ယောသားယောသူအများအပြား စုစည်းနေကြပေမယ့် ယောလူငယ်အဖွဲ့ကို လာရောက်ပူးပေါင်းတဲ့ အင်အားကတော့ အဆမတန်ကို နည်းပါးလွန်းနေပါသေးသည်။ အဖွဲ့ကိုမယုံကြည်ကြသေးသည်ကတစ်ကြောင်း မအားမလပ်ကြသည်ကတစ်ကြောင်း ဖြစ်မယ်ထင်ပါတယ်။
ယောလူငယ်အဖွဲ့အနေဖြင့် ယောနယ်တစ်ခုလုံး တိုးတက်အောင် စွမ်းဆောင်နိုင်မည် မဟုတ်သော်လဲ တစ်ယောက်တစ်လက် ပူးပေါင်းခြင်းဖြင့် ကောင်းမွန်သော အကျိုးသက်ရောက်မှုတော့ ရမှာအသေအချာဖြစ်သည်။
ယောနယ်ကလူတစ်ယောက်အနေဖြင့် ကိုယ့်ဒေသကိုယ် တိုးတက်ဖွံ့ဖြိုးဖို့ တစ်ကြိမ်တစ်ခါ စိတ်ကူးယဉ်ကြည့်ဖူးရင် ယောလူငယ်အဖွဲ့ထံသို့ အကြံကောင်းများဖြင့် လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ချင်သည်။ အမှန်တစ်ကယ်တော့ ယောလူငယ်အဖွဲ့ဟာ သမိုင်းမှတ်တိုင်တစ်ခုရေးဖို့ ခြေလှမ်းစလှမ်းစဖြစ်သည်။ ဒါကြောင့် ယောလူငယ်အဖွဲ့က ရေးမည့် သမိုင်းမှတ်တမ်းမှာ ယောသားယောသူအားလုံး တတ်အားသမျှ ပါဝင်စေချင်သည်။ ကျတော်တို့ ယောလူငယ်အဖွဲ့သို့ လာရောက်ပူးပေါင်းပါက နွေးထွေးစွာကမ်းလင့်ကြိုနေမည် ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ပါတယ်ဗျာ။


 ပေးပို့သူ=ယောကိုချစ်တဲ့ ယောလူငယ်တစ်ဦး

No comments:

Post a Comment