Menu

Thursday, June 11, 2015

အား


အနောက်တိုင်းယဉ်ကျေးမှုဆိုတဲ့စကား ကျွန်တော်ကြားဖူးစအချိန်က အနောက်တိုင်းဆိုတာနဲ့ ယဉ်ကျေးမှုဆိုတဲ့စကားတွဲသုံးထားတာ မတန်လိုက်တာလို့ အောက်မေ့မိခဲ့ပါသေးသည်။ အနောက်တိုင်းဆိုတာ အရိုင်းနယ်မြေတစ်ခုလို့သာ ကျွန်တော်အသိထဲစွဲနေမိခဲ့လို့ပါ။ တဖြေးဖြေးနဲ့ သူတစ်ပါးပြောစကား အနောက်တိုင်းဆိုတဲ့အကြောင်းကို များများထပ်ကြားလာတဲ့အခါကျမှ " သြော် သူ့ဓလေ့နဲ့သူ အားကျအတုယူစရာ ယဉ်ကျေးမှုတွေရှိပါလား" လို့ သိတတ်လာခဲ့မိပါသည်။
နိုင်ငံခြားသား တစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ သူတို့လည်း သူတို့နိုင်ငံ သူတို့ယဉ်ကျေးမှုကို ကြွားဝါချင်ကြတာ သတိထားမိလေတော့ မိမိလူမျိုး မိမိရိုးရာနဲ့မိမိတော့ အားလုံးဟာ ယဉ်ကျေးတယ်လို့ယူဆကြတာထင်ပါရဲ့။ ဘယ်သူတွေဘယ်လောက် ယဉ်ကျေးနေပါစေ၊ ဘယ်လောက်သဘောထားတွေ ပြည့်ဝနေပါစေ၊ ကျွန်တော်သည်လည်း ကျွန်တော့်အမျိုးကျွန်တော်ချစ်သောအားဖြင့် ယောသူယောသားများ၏ သူတပါးအပေါ်ထားရှိကြသည့်စေတနာများကို ခဏခဏထုတ်ကြွားမိခဲ့ပါ၏။

ကြွားလောက်စရာများလည်း ဒုနဲ့ဒေးလေ။ မနေ့တစ်နေ့က ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းများကို သတိတရဖြစ်နေလို့ ဖုန်းဆက်မိသည်။ သတိရတဲ့အကြောင်းကလည်း လူငယ်သဘာဝ သင်္ကြန်နဲ့နီးလာတော့ သူတို့တစ်တွေဘာတွေများပြင်ဆင်နေကြမလဲလို့ သိချင်လာခဲ့လို့ပါ။ သူတို့နဲ့ အတူမပျော်ရတာ သုံးလေးနှစ်ရှိနေပြီဖြစ်သဖြင့် ခါတိုင်းနှစ်တွေထက်တောင်ပျော်စရာကောင်းနေမလားလို့ အဝေးကြီးကနေရင်ခုန်နေမိသူကကျွန်တော်။ သူငယ်ချင်းတွေကတော့ ထူးထွေပြင်ဆင်တယ်တော့ မဟုတ်ပါဘူး။ သင်္ကြန်မတိုင်ခင် တောင်သူလယ်ယာအလုပ်လေးတွေ တတ်နိုင်သလောက် လက်စသိမ်းထားနိုင်နှင့် သူငယ်ချင်းတစ်ယောက်ကတော့ ကြက်သွန်နီတွေ တော်တော်များများ လုပ်ထားတော့ မြန်မြန်သိမ်းထားချင်နေလေရဲ့။ ဒါမှ မိုးလေစိတ်ချစွာ ပျော်နိုင်မှာ မဟုတ်လား။ တော်တော်များတော့ အားခေါ်ရလောက်တယ်ဆိုလေ၏။

အော် " အား " တဲ့။ ကျတော့်ဒေသဘက်အရ အားခေါ်ကြသော ဓလေ့ကို ပြန်ပြောင်းမြင်ယောင်မိပါ၏။
အားခေါ်တယ်ဆိုလို့ ကျွန်တော်တို့ရွာဓလေ့ သူတပါးကို ဝိုင်းအုံကူညီရတဲ့အရသာ ကျွန်တော်ဘယ်မေ့နိုင်ပါအုံးမလဲလေ။ မိုးလေဝသ အခြေအနေကြောင့် ကြက်သွန်နီတွေ ကသိမ်းကပြာသိမ်းရတဲ့နှစ်၊ လွန်ခဲ့တဲ့လေးငါးနှစ်ကတုန်းကပါ။ ကျွန်တော်အစ်မဝမ်းကွဲတော်စပ်သူက လုပ်အားနည်းတော့ ဒီလိုပဲအားခေါ်သိမ်းဆည်းခဲ့တာကိုမှတ်မိနေပါသေးသည်။ သူကယာခင်းရှင်ဆိုတော့ အားရှင်၊ လာကူညီသူတွေကို အားသမားလို့ခေါ်ကြတာပါ။ ကျတော်က မောင်ဖြစ်နေလေတော့ အားရှင်မဟုတ်အားသမားမဟုတ်နဲ့ အစအဆုံးကူညီခဲ့ရသူပေါ့။ အစ်မတို့က အိမ်ထောင်ခွဲစလင်မယားနှစ်ယောက်ပဲဖြစ်နေတော့ ပိုလို့ကူညီခဲ့ရတာပေါ့။ " ငါ့မောင်ရေ ကြက်သွန်သိမ်းဖို့ မနိုင်လို့ရွာထဲသွား အားခေါ်ပေးစမ်းပါ၊ လှည်း(၁၀)စီးလောက်နဲ့၊ ကြက်သွန်နှုတ်သမား အယောက်(၃၀)လောက်" လို့ ဆိုလာလို့ ကျတော်ရွာထဲက လူအင်အားတောင့်တဲ့ မိသားစုတွေဆီကို လူတစ်ယောက်လောက်အားပါအုံးခင်ဗျ။ လှည်းတစ်စီးလောက်အားပါအုံးခင်ဗျ" စသည်ဖြင့် သွားရောက်အားခေါ် (အကူအညီတောင်း) ရတာပါပဲ။
ကျွန်တော်တို့ရွာလေးကတော့ ချမ်းသာလည်းမဟုတ် အားလုံးဟာ လယ်ယာ၊ ကျွဲနွား အနည်းအများပိုင်ဆိုင်ထားကြသဖြင့် တောင်ယာထဲမှာပဲအချိန်ကုန်၊ အားလပ်တယ်လို့ သိပ်မရှိကြပါဘူး။ ပိုက်ဆံပေးပါ့မယ် ကျွန်တော့်အလုပ်လေးလိုက်လုပ်ပေးစမ်းပါပြောရင် လိုက်မည့်သူက မရှိသလောက်ရှားတဲ့အပြင် မေတ္တကိုငွေကြေးဖြင့်တိုင်းတာသဖြင့် ဒေါသထွက်ကြမှ မလွဲမသွေပါ။ လုံးဝအားလပ်နေမှသာ ကြားပေါက်ဝင်ငွေရလိုရငြား လိုက်တတ်ကြသည်။ " အားခေါ်တယ်ဆိုမှ မနိုင်လို့ အကူအညီတောင်းတာ လိုက်ရမှာပေါ့ကွာ " ဆိုပြီး မိမိအလုပ်ခဏပစ်ထားလို့ရရင် မိသားစုများကိုယ်ခွဲရှိတဲ့သူတွေက လိုက်လံကူညီကြစမြဲပါ။ အရာရာကို ငွေပေးဝယ်၊ ငွေကြေးတွေနဲ့တိုင်းတာနေကြချိန်မှာ ကျတော်တို့ ယောသူယောသားများကတော့ ကူညီနေကြမြဲမို့ ကိုယ့်ဒေသဓလေ့ရိုးရာလေးတွေကိုပဲ တန်းဖိုးထားချစ်မြတ်နိုးရဆဲပင်။ ကျတော်ခေါ်မိသူတိုင်းမငြင်းရှာကြပါ။ အားလုံးလိုက်ကူညီသူချည်းပဲမို့ အစ်မလိုချင်ခဲ့သော လူအင်အားကို ကျတော်ခေါ်နိုင်ခဲ့ပါသည်။
အားခေါ်ထားသောရက်ရောက်တော့ မနက်အစော(၄)နာရီလောက်ကတည်းက မနက်စာကျွေးမွေးဧည့်ခံနိုင်ရန် အစ်မတို့သည် ညကပြင်ဆင်ထားသည့် ဟင်းများကို မီးဖိုထဲ၌ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြစဉ် ကျတော်မှအားသမားများအား အလုပ်ဆင်းပေးနိုင်ပါရန်နှင့် မနက်စာလာရောက်စားသုံးနိုင်ဖို့ လိုက်လံနှိုးဆော်ရပါသည်။ အလျှိုလျှိုရောက်လာကြသည့်နောက် မထင်မှတ်ပဲ၊ မခေါ်ရပါဘဲလျက်ရောက်လာသူကတော့ ကိုမောင်စိုး။ သူကအစမတို့နဲ့ကျောင်းတေဖက်သူငယ်ချင်း။ ရွာ၌သူဌေးတွေဟုဆိုနိုင်အောင် ငွေကြေးပြည့်စုံသူ။ လုပ်ငန်းလည်းအများတကာထက်များပြားသဖြင့် မအားလပ်မှာစိုး၍ တမင်ချန်ထားခဲ့သည်။ သို့သော် သူသည် ကျောင်းနေဖက်သူငယ်ချင်းဆိုသောအသိဖြင့် ကူညီရန်ရောက်လာခဲ့တာဖြစ်နိုင်သည်။ ဒီလို မခေါ်ပဲလာကူညီသူကို အားပုန်းလိုက်သူလို့ ခေါ်တာပါ။
အစ်မတို့သည် တတ်နိုင်သလောက်သာကျွေးမွေးနိုင်သဖြင့် " ဟယ် အောင်စိုး နင်လာလို့ငါ ဝမ်းသာပါတယ်ဟယ် ဒါပေမဲ့ ငါချက်တဲ့ဟင်း နင်စားနိုင်ပါ့မလား " လို့ အားနာနာနဲ့ မေးလိုက်စဉ် ကိုအောင်စိုးသည် ပြုံးလျက် ကြက်သားနဲ့ မျှစ်ခြောက်ရောချက်ထားသော ဟင်းခွက်ကိုကြည့်ပြီး " ကြိုက်တာပေါ့ သူငယ်ချင်းရာ ငါကအဲလိုဟင်းမှ စားချင်တာ၊ ဒါမျိုးမျှစ်ခြောက်ဟင်း စားလိုက်ရမှ မနက်အိမ်သာတက်ရင် စာကလေးအုံလိုထွက်လာတာမျိုးကို ငါကအရမ်းကြိုက်တာ " ဆို၍ " ဝါး " ကနဲ ရယ်သံများ။ တချို့သူငယ်ချင်းများကလည်း " မင်းကွာ ထမင်းစားတုန်းကြီး " ဟု အပြစ်တင်သည့် သဘောမျိုးမဟုတ်ပဲ သူ၏ဟာသဥာဏ်ကို ပြုံးစိစိနဲ့ ဆိုကြသည်။ ထိုသို့တစ်နေ့ ပျော်ပျော်ကြီး စခဲ့ကြသည်။ ဒီလိုအရွှန်း ဖေါက်တတ်သည်က ထုံးစံပါ။ မည်သည့်ယာခင်းရှင်၏ အားမဆို အေးစက်ငြီးငွေ့ဖွယ် မဖြစ်အောင် ဟာသနှောတတ်သူက ဝင်ပြောလေ့ရှိသည်။ ပျော်စရာကောင်းသော အားဖြစ်အောင် ဖန်တီးကြသည်။ အမျိုးသမီးများပါဝင်သည့်အားသမားများက ကြက်သွန်နှုတ်၊လှည်းသမားများက အိမ်တိုင်ယာရောက်တိုက်ပေးကြနဲ့ တကယ့်စေတနာများဖြင့်ကူညီကြသည်။ ထိုကား ကျွန်တော်တို့၏ စည်းလုံးညီညွှတ်စွာ နေထိုင်တတ်သော ရိုင်းပင်းကူညီတတ်မှုတွေကို ပြဆိုနေခြင်းဟု ကျွန်တော်ဆိုချင်ပါသည်။

ကျတော်သည် ယာခင်းရှင်လည်းမကျ၊ အားသမားလည်းမဟုတ်ဖြစ်နေသဖြင့် ကြက်သွန်ခင်းကို သွားကူညီလိုက်၊ အိမ်ကအစ်မချက်ပြုတ်တာကို သွားကူညီလိုက်နဲ့ အိမ်နဲ့အခင်းခေါက်တုန့်ပြန်လှည့်နေရသည်။ ကိုအောင်စိုးကဲ့သို့ အားပုန်းဝင်လာသော အားသမားများရှိရင် " အစ်မရေ အားသမားတော့ ဘယ်နှယောက်ဖြစ်နေပြီ ပိုချက်တော့ဗျု့ " လို့ သတိပေးနိုင်ရန်ဖြစ်သည်။
ခိုကပ်နေသူမရှိ။ ပျော်ပါးစွာလုပ်ကိုင်ကြရင်း မှန်းထားသောလူဦးရေနှင့် ကြက်သွန်ခင်းသည် အချိနကိုက်နီးပါးပင်ပြီးစီးသွားခဲ့သည်။ အားပုန်းလိုက်သည်ဆိုသူများသည် သိမ်းချိန်ရောက်လို့ လက်ရှိလူအင်အားဖြငိ့ မပြီးနိုင်သော အခြေအနေမျိုးတွင်သာ အလျှိုလျှိုပေါ်လာတတ်ကြတာမျိုးပါ။ အခုတော့ပြီးစီးသွားခဲ့ပါသည်။ အားသမားများသည် လမ်းခုလပ်ရေချိုးဆိုက်တွင် ရေချိုးပြီးရွာသို့ဝင်ကြသည်။ ကျွန်တော်မှ အဆိုပါအားသမားများကို အိမ်ရောက်အဝတ်အစားများ လဲပြီးပါက အစ်မအိမ်သို့ ထမင်းစားလာရောက်ပါရန် တစ်ခါတည်း ဆော်သြခဲ့သည်။
အစ်မ၏ ချက်ပြုတ်ကျွေးမွေးရာတွင်လည်း တစ်ယောက်တည်းမဟုတ်။ ယာခင်းသို့ လိုက်လံမကူညီနိုင်သည့် အိမ်နီးနားချင်းမိတ်ဆွေများမှ လာရောက်ကူညီပေးကြသည်။ မကြာမီအချိန်အတွင်း အားသမားများရောက်လာကြပြီး အမျိုးသမီးအားသမားများသည် ထမင်းဝိုင်းတွင် မိသားစုသဖွယ် တစ်ယောက်နဲ့တစ်ယောနောက်ပြောင်ကျီစယ်ရင်း စားသောက်ပြီး အိမ်ပြန်အနားယူကြသည်။
အမျိုးသားအများစုကတော့ သူငယ်ချင်းများဆုံလေရာမှာ တစ်ခွက်တစ်ဖလားသောက်တတ်ကြသည်မို့ ဒီလိုနွေရာသီမျိုးမှာ ထန်းရည်ခါးခါးဖြင့်ဧည့်ခံပေးရသည်။ ထန်းရည်လေးသောက်လိုက်၊ ရွာရေးရပ်ရေးလေးပြောလိုက်၊ လုပ်ငန်းကိစ္စအကြောင်းများပြောရင်းဖြင့် ငြိမ်တစ်ခါ၊ ရယ်စရာများပြောလို့ " ဝုန်း " ဆို ပွဲကျသွားတာတစ်မျိုးဖြင့် ရီဝေဝေထန်းရည်ဝိုင်းမှသည် ထမင်းဝိုင်းသို့ နေရာယူစားသောက်ကြသည်။ အားတိုင်းမဆို အားရှင်တို့သည် စေတနာတရား ထက်သန်စွာဖြင့် ( ဘုးန်ဘောလအော) မကုန်မခမ်း ချက်ပြုတ်ကျွေးမွေးကြသည်ချည်းပင်။ အားသမားများကတော့ စားသောက်ပြီးသကာလ နောက်နောင်တွင်လည်း လိုအပ်သည့်အခါတိုင်း အကူအညီတောင်းနိုင်ပကြောင်း၊ ကူညီဖို့အသင့်ရှိပါကြောင်း ပြောဆိုနှုတ်ဆက်အိမ်ပြန်အနားယူကြသည်။ အစ်မတို့လင်မယားသည်လည်း လိုအပ်သောအကူညီရှိကပြန်လည်ပေးလိုပါကြောင်း၊ လာရောက်ခေါ်နိုင်ပါကြောင်း ပြောဆိုနှုတ်ဆက်ကြသည်။
တောသူတောသားတောင်ယာအလုပ်သမားသဘာဝ နေ့ခင်းအလုပ်ပြန်ဆင်းရမှာဖြစ်လို့ အိမ်ပြန်တရေးတမော အိပ်ကြလေရဲ့။ ကျွန်တော်သည်လည်း မိတ်ဆွေသူငယ်ချင်းတို့၏ အားခေါ်ရာလိုက်ဖူးသဖြင့် ဒီလိုအားပြန်ထန်းရည်မူးမူးနဲ့ နွေရာသီပူပြင်းပြင်းရဲ့ သစ်ပင်အောက်မှာ နွားကျောင်းရင်း လေတဖြူးဖြူးနဲ့ အိပ်ခဲ့ဖူးလေရဲ့။ ဒီနှစ်မှာလည်း ကျွန်တော်၏သူငယ်ချင်းအားတွင် ဒီလိုတွေ ပျော်နေကြအုံးမပေါ့လို့တွေးမိရင်း။

(ယောသူတို့ ရွာ Facebook Page မှကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment