Menu

Saturday, June 13, 2015

ယောလူငယ်အဖွဲ့ (Online) မှ အထူးသတိပေးကြေညာချက်

ဆူးတစ်ချောင်းဆိုတာ ဘယ်သူ့ကိုမှ ငြိစူးစေတာ မကောင်းပါဘူး။ ကျနော်တို့ ယောသူ ယောသား တွေဟာ ရှေးဟောင်း သမိုင်းတွေနဲ့ အမျှ အစချီကတည်းက ဘိုးစဉ် ဘောင်ဆက်တွေ အထိ ကျရာအခွန်တွေ ထမ်းဆောင်၊လိုအပ်တဲ့ စစ်ရေးစစ်ရာ တွေမှာလဲ တာဝန်ကျေကျေနဲ့ ထမ်းရွက်ခဲ့ကြတာပါပဲ။ ညံ့ဖျင်းတဲ့လမ်းပန်း ဆက်သွယ်ရေး၊ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး စနစ်တွေနဲ့ ညံ့ဖျင်းတဲ့ တရားဥပဒေတွေ ကြားမှာ မထင်မရှားနဲ့ အေးအေးချမ်းချမ်း နေထိုင်ခဲ့ ကြတာ ယနေ့အချိန်ထိပါပဲ။
ဒါပေမယ့် ကနေ့ခေတ် အနေထားမှာတော့ မူရင်းနယ်မြေတွေကနေ ရေကြည်ရာ မြက်နုရှာရင်း အခက်အခဲ အမျိုးမျိုးနဲ့ ရပ်တည် နေကြရတဲ့ ကျနော်တို့ လူငယ်တွေ စုဖွဲ့ပြီး တစ်ယောက်ကို တစ်ယောက် ဖေးမနိုင်ဖို့၊ မိမိနယ်မြေက အရေးပေါ်အခြေနေတွေမှာ ကူညီနိုင်ဖို့ လုပ်အားခရဲ့ တနေ့စာဝင်ငွေ အခြေခံလုပ်ခ တစ်ယောက် ၃၀၀၀စီ စုပီး စုစည်းခဲ့ကြပါတယ်။

ဒါပေမယ့် ကံမကောင်းစွာပဲ တောင်ပိုင်း ယောဒေသမှ ကျောက်ထုမြို့လေးက မတေးနုယဉ်ဟာ ကံဆိုးစွာနဲ့ အသင်းဖွဲ့စတင် ရပ်တည်စမှာ ရက်ရက် စက်စက် အသတ်ခံ ခဲ့ရတယ်။အမှု့ဖြစ်တော့ တရား ရင်ဆိုင်ရာမှာ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာလှတဲ့ ယောဒေသကနေ အမှု့ချိန်းပေါင်း မြောက်များစွာ လှသော ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးကို လာရောက်တက်နိုင်ဖို့ ဆိုတဲ့ အင်အားဟာ လမ်းစရိတ်နဲ့တင် မိတ်ဆွေတို့ တွေးကြည့်ပါ။ ဒီလိုအချိန်မှာ ကျနော်တို့ လူငယ် အင်အားစုလေးဟာ ရပ်ကြည့်နေရမှာလာ။ အားလုံးသော ရန်ကုန်ရောက် ယောသူယောသား တွေဟာ အခြေကျသူ အနည်းစုကလွဲရင် အမိကွဲ အဖကွဲတွေပါရပ်ကြည့်နေရ မှာလား။ဒီလိုမနေနိုင်ပဲ အစစအရာရာ အင်အားသာလွန်တဲ့ တရားခံ အသိုင်းဝိုင်းကို ယခုလို ယောလူငယ်ဖွဲ့လေးကို ဂရုစိုက်နေခဲ့မှာ မဟုတ်ဘူးလို့ သိထားပေငြား ကျနော်တို့လူငယ်အဖွဲ့ဟာ တရားခွင်မှာ တရားလို မပါနိုင်တဲ့ ယောမိသားစုအမှု့အတွက် သူဌေး အငြိုငြင်ခံ၊ မျက်နှာချိုသွေး၊ ခွင့်ရက်တွေ တရစပ် ယူလို့ ကြိုးစားအားတင်းပီး ၀န်းရံခဲ့ပါတယ်။

ခုတော့ ကြိုတင် တွေးထားသလိုပါပဲ အခက်ခဲ အတိုက်ခိုက်တွေ ပေါ်လာပါတယ်။တိုက်ခိုက်လိုသူ လူတစ်စုဟာ ယောလူငယ်အဖွဲ့ကို နည်းမျိုးစုံနဲ့ ၀င်ရောက်နှိပ်ကွက် သွေးခွဲဖို့ ကြံစည်လာပါတယ်။ လူငယ်အဖွဲ့ရဲ့ ပုံတွေကို အသုံးချပီး အကောင့်တုတွေ သုံးကာ မန်းလေး၊နေပြည်တော်၊ ရန်ကုန်အဖွဲ့တွင်း တွေကို ၀င်ရောက်ကာ ယောသူယောသား အမည်ခံသုံးပြီး တိုက်ခိုက်နေပါပြီ။ ကျနော်တို့ သတင်းပြန်ကြားရေး တာဝန်ခံတွေအနေနဲ့ ဥက္ကဌကိုယ်စား မိမိတို့ ယောလူငယ်အဖွဲ့ဝင် အစစ်အမှန်တွေကို သတိပေး တားမြစ်လိုပါတယ်။ ကျနော်တို့တွေဟာ ပရဟိတလုပ်ဆောင်ဖို့နဲ့ အချင်းချင်းဖေးမဖို့ပဲ ဖြစ်ပါတယ်။မည်မျှလောက်သော ထွက်နေတဲ့ဒေါသတွေကို ယောလူငယ်အဖွဲ့ နာမည်ခံပြီး ရမ်းကားတာမျိုးကို လက်မခံပါ။ အဖွဲ့ဝင်ဖြစ်ပါက စိစစ်ပြီး ထုတ်ပယ်ပါမည်။ ယောအသိုင်းဝိုင်းမှ ဖယ်ကျဉ်ပါမည်။တရားခံ အသိုင်းဝိုင်းဖက်ကို ဥပဒေမဲ့ မိုက်ကြေးခွဲပုံမျိုးကို မကျူးလွန်ကြဖို့ကိုလဲ ဆော်သြလိုပါသည်။ ကိုယ့်ကြောင့် အဖွဲ့ရပ်တည်မှု့ကို မထိခိုက် စေလိုပါ။အဖွဲ့ကို ရှင်သန်စေလိုလျှင် ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစား ပေးစေချင်ပါတယ်။ ကိုယ်တိုင်ကလဲ အဖွဲ့ကို လက်တွေ့ကျတဲ့ ၀န်းရံမှု့မျိုးပေးပါ။

အဖွဲ့ချက်ဘောက်ကနေ လာရောက်ဆွေးနွေးတဲ့ မိတ်ဆွေကိုလဲ ပြောပါရစေ။ ခိုင်မာတိကျတဲ့ အချက်လက်တွေကို ပြန်လည် ပေးစေချင်ပါတယ်။ကျနော်တို့ လူငယ်အဖွဲ့ထဲက တကယ်ဟုတ်မဟုတ် စိစစ်လို့ရနိုင်ဖို့ပါ။ လူကြီး လူကောင်း ပီပီ သမရိုးကျ တိုင်ပင်ဆွေးနွေးရင်း ကျနော်တို့ ချစ်ကြည်ရင်းနှီးမှု့ကို တည်ဆောက် စေလိုပါတယ်။ တစ်ဦးချင်း ယုံကြည်ချက်ကြောင့် တိုက်ခိုက်ခဲ့တယ် ဆိုရင်တောင် လူငယ်အဖွဲ့ကပါလို့ ပြောတိုင်း ယုံကြည်ကြမယ့် သူတွေ မဟုတ်ဘူးလို့လဲ ထင်မြင်မိပါတယ်။ ယုံကြည်ရာကို ဖေးမနေကြပေမယ့် လူသား သိက္ခာလေးတွေကိုလဲ သတိချပ်ပေးကြပါ။ နှစ်ဦး နှစ်ဖက် ကိုယ့်လိပ်ပြာ ကိုယ် သန့်အောင် ဆန်းစစ်ရင်း စည်းစောင့် ကြရအောင်ပါလို့ တိုက်တွန်းလိုပါကြောင်း ခင်ဗျာ။
( အောက်ပါ ဖော်ပြချက် အနည်းငယ်ကတော့ လုပ်ကြံတိုက်ခိုက်ထားသော အကောင့်တုတစ်ချို့မှ ပုံရိပ်များဖြစ်ပါတယ်)



ယောလူငယ်အဖွဲ့ Online (သတင်းပြန်ကြားရေး အဖွဲ့)

No comments:

Post a Comment