Menu

Thursday, September 14, 2017

သည်ချိန်ဆီခါ တို့ယောရွာ

သည်ချိန်ဆီခါ
တို့ယောရွာမှာ
ဝေဖြာဆီးနှင်း ကျရော့မည်။
သည်ချိန်ဆီခါ
တို့ယာတခို
ဆောင်းကြိုမြေပဲ ကြဲတော့မည်။
သည်ချိန်ဆီခါ
လယ်ယာတခွင်
ကောက်ပင်ညိုမြ
လေခ တိုင်းတိမ်း
ယိမ်းအကဖြင့် လှရော့မည်။
သည်ချိန်ဆီခါ
ဘာသာဓလေ့
ဥပုသ်နေ့စဉ်
ဆွမ်းသင်ပုတ်ဝတ်
ပန်းကပ်ရေချမ်း
ဒါနပန်းတို့ လန်းလန်းစွင့်စွာရှိတော့မည်။
သည်ချိန်ဆီခါ
လ ဝါကင်းလွတ်
သီတင်းကျွတ်တွက်
မုန့်ညက် မုန့်နီ
ချိန်ခါမီကောင်း
မောင်းထောင်းသံတို့ ညံညံမစဲရှိတော့မည်။
သည်ချိန်ဆီခါ
တို့ယာတလွှား
သခွါးမှည့်ပုံ
ဖရုံခင်းထဲ
ခဝဲလည်းပါ
ပြောင်းဖူးပါခူး
ကြည်နူးရွှင်ပြ ပျော်ကြရော့မည်။
သည်ချိန်ဆီခါ
ယောရွာတဝှမ်း
ညချမ်းအေးအေး
ဓမ္မတေးသံ
သောသောညံလျက် ရှိရော့မည်။
သည်ချိန်ဆီခါ
သည်ချိန်ခါလေ
မိုး နွေ ချိန်ခါ
ဆောင်းပါမကျန်
ယောလွမ်းဒဏ်ရိပ်
တဖိတ်ဖိတ်ဖြင့်
စိတ်ကူးထဲမှာ
အခါခါပင်
ယောရွာပြန်ပြန် ပြေးမိသည်။ ။
                                 ယောသိင်္ခ
Photo>>Credit to Uploader


No comments:

Post a Comment