အဲ့သည့်ပိတောက်ပေါ့
သင်္ကြန်မှာတော့မပွင့်ဝေ
အချိန်တွေ လင့်ခါမှ
ကြွကြွရွရွနဲ့
ပွင့်ပြနေလိုက်တာလေ။
သင်္ကြန်ပြီးမှ
လှပြနေလိုက်တာ
ဝေဆာဖူးပွင့်
ခူးချင့်စရာ။
အချိန်လွန်မှပွင့်
လန်းစွင့်ပေမယ့်
ပန်းပွင့်တန်ဖိုး
လျှော့ရိုးမရှိ
အတိုးနဲ့ပင်
မွှေးမြနေသည်ထင်ရဲ့။
အဲ့သည့်ပိတောက်
နောက်ကျသလောက်
တောက်ပ နေလိုက်တာ
မနာလိုချင်စရာတောင်ကောင်းရဲ့။
တကယ်တော့ဗျာ
သူ့ခမျာလေ…
သင်္ကြန်လေအေးအေးနဲ့
လက်ဆေးမိုးလေးတစ်ပေါက်
သောက်ခွင့်မရရှာတော့
အချိန်လွန်ခါမှ
ဝေဆာခွင့်ရရှာတာ
သနားစရာလည်း ကောင်းပါရဲ့။
ဒါပေမယ့်လေ
ဘာတွေဘယ်လိုဖြစ်ဖြစ်
ပွင့်သစ်တွေဝေဆာ
လာသူကိုရနံ့လေး
မွှေးမွှေးမြမြနဲ့
လှပ နေလိုက်တာ
ပန်းရာဇဝင်မှာ
ပိတောက်ဟာဘုရင်
ပျိုလွင် မွှေးလျောက်
နောက်ကျတဲ့ပန်းပေမယ့်
လန်းဆန်းပျိုမြစ်
နုသစ်ဝေဖြိုး
တန်ဖိုးမဖြတ်နိုင်အောင်
တိုး တိုးလို့ပင်
မြတ်နိုး ခုံမင် မိပါရဲ့ ။ ။
ယောသိင်္ခ
No comments:
Post a Comment