#ယောဒေသရဲ့ ယောမြို့ဟောင်း ပြန်လည် အသက်ဝင်တော့မှာလား#
လွန်ခဲ့တဲ့ ၂ရက်က ယောမြို့ဟောင်းကို ၂လအတွင်း သုံးကြိမ်မြောက် ထပ်ရောက်ဖြစ်ပါတယ်။ အမေ့ရဲ့ သားပိုးစောင်အတွင်းထဲကနေ ၉တန်းနှစ်အထိ တနှစ်မှ မပြတ်ပဲ ယောမြို့ဟောင်းရွာကို နှစ်တိုင်း ရောက်ဖြစ်ပါတယ် ။ဒီအချိန်ကာလရဲ့ နောက်ပိုင်းကိုတော့ ၁၃နှစ်ကြာသည်အထိ မရောက်ဖြစ်ခဲ့ပါဘူး။အဲဒီ ၉တန်းနှစ်အထိဟာ ယောမြို့ဟောင်းမှာ ရှိတဲ့ သမိုင်းဝင် ကျောင်းကြီးရှင်ချစ် ဘုရားပွဲကို ဦးတည်ပြီး သွားခဲ့တာပါပဲ။ ယောမြို့ဟောင်းရဲ့ သမိုင်းအရ ထင်ရှားမှု့တွေ၊ တခြားသော မြို့ဟောင်းရဲ့ စိတ်ဝင်စရာကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ၊ လေ့လာစရာ အထောက်အထား အကြောင်းရာတွေကို ဂရုတစိုက် မှတ်သားဖို့ရာ အသိမ၀င်ခဲ့ပါဘူး။ ဒါတွေခံစားတတ်ဖို့ကိုလဲ ဒေသခံတွေရဲ့ ကျယ်ပြန်တဲ့ အစီအမံတွေ မလုပ်ဆောင်နိုင် ခဲ့တာတွေက အခြေခံခဲ့တာကြောင့်လို့ ထင်မြင်မိပါတယ်။
ခုတော့ အကြောင်းအဖန်သင့်ပြီး ဒေသအပေါ် တနိုင်ငံလုံးက အာရုံကျလာမှု့က ဒေသတွင်း လူတန်းစားအသီးသီးကို အသိစိတ်တွေ နိုးကြားလာစေခဲ့တယ် ထင်မိပါတယ်။ ဒါကြောင့် ကျနော်တို့တွေ အနေနဲ့ ဒီ့ထက် လေးနက် တိကျတဲ့ သမိုင်းအဖြေကို ထုတ်ဖော် မှတ်ကျောက်တင်ပြီး တန်ဖိုးထားကြဖို့ လိုလာပါပြီ။ မိမိတို့ကိုယ်ကို တန်ဖိုးထား မှတ်ကျောက် အတင်ခံနိုင်ဖို့ဆိုရင် မိမိတို့ သမိုင်းကို သေသေချာချာ သိဖို့လဲ လိုပါမယ်။ ကိုယ်တိုင် ခွဲခြား သုံးသပ်နိုင်ဖို့ မစွမ်းနိုင်ရင် ပညာရှင်တွေရဲ့ အကူအညီ ရယူရပါမယ်။ဒီစကားတွေနဲ့ ဆက်စပ်လို့ပဲ ကျောက်ထုဒေသက ယောမြို့ဟောင်းကို စနစ်တကျ သုတေသနလုပ်ဖို့ အချိန်ကျလာပြီဖြစ်တယ်။ ပုဂံခေတ်မှသည် လွတ်လပ်ရေးရပြီးစ ရောင်စုံ သူပုန်တွေ၊ကွန်မြူနစ် အလံနီတွေ ခေတ်အထိ ထောင်းလမောင်းကြေ ဒုက္ခအမျိုးမျိုးခံခဲ့ရတာကြောင့် မြန်မာ့ ရှေးဟောင်း သမိုင်းဝင်မြို့တွေလိုပဲ နယ်စပ် ကင်းတပ်မြို့ကြီး၊စော်ဘွားများ အပိုင်စားရာ မြို့ကြီး အဖြစ်မှ ကျေးရွာသေးသေးလေး အဖြစ် ယုတ်လျော့ ကျဆင်းခဲ့တာ ဖြစ်တယ်။
ခုတော့ သမိုင်းကြောင်းကြီးတဲ့ ဒီမြို့ဟောင်းကို လေ့လာနိုင်ဖို့ အကောင်းဆုံးအခြေအနေအဖြစ် အတာဘုရားလို့ခေါ်ခဲ့တဲ့ ရွာလည်ဘုရား(မြို့လည်ဘုရား)နဲ့ စော်ဘွား နန်းတော်ရာကုန်းက အုတ်ပုံအပျက်တွေနဲ့ လက်ကျန် လက်မှု့ပစ္စည်း တို့ကိုပဲ လက်ညိုး ထိုးရတော့မှာပါ။ယောမြို့တောင်ကျောင်းရဲ့ တောက်ဖက်မှာရှိတဲ့ သိမ်ကျောင်းဘုရားကနေ အနောက်ဖက်တည့်တည့်ကနေ အတာဘုရားကို စောင်းတန်းဖောက်ခဲ့တဲ့ အမှတ်အသားတွေ ရှိနေပါတယ်။ခုတော့ လူနေအိမ်ခြေတွေ အစားထိုး ၀င်ရောက်နေပြီး အတာဘုရားဟာလဲ ယခုတော့ အသစ်ပြန်ငုံတည်ဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်။ဒီတော့ လေ့လာအတည်ပြုဖို့ နေရာတစ်ခု ထပ်မံ ဆုံးရှုံးဖို့ အကြောင်းဖန်လာပြီဖြစ်တယ်။ဒါကိုသိတဲ့ ဒေသခံ ပညာတတ်လူငယ်အင်အားစုတွေက ဆောက်တည်ရာမရ ဖြစ်နေကြချိန်မှာ ပေါ့ပျက်ပျက်ဆန်တဲ့ ခံယူချက်ရှိတဲ့ လူတစ်စုရှိနေတာဟာလဲ စိတ်မကောင်းစရာပါ။
ဘာပဲဖြစ်ဖြစ် ဒီယောမြို့ဟောင်းလေးကို စိတ်ဝင်စားတဲ့ အသိုင်းဝိုင်းတစ်ခုအတွက် စိတ်သက်သာရာ ရဖို့ ယခုတော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပါပြီ။ ဒါကတော့ မြန်မာ့ ဗိသုကာပညာရှင် ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင်နဲ့ နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင် အဲလီဇဘတ်မိုးနဲ့ ဘော့ဗ်လို့ အမည်ရတဲ့ သူနှစ်ဦးအပြင် ဂျာနယ်လစ် အချို့ဟာ ဖေဖော်ဝါရီ လဆန်းပိုင်းထဲမှာ လာရောက်ကြဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ကျောက်စာပညာရှင် ဖြစ်တဲ့ မြန်မာလူမျိုး ထိုင်းနိုင်ငံသား ဆရာကြီး မက်ကီဟာ့ဗ်( အမရပူရ လင်းဇင်း သုသာန် ပရောဂျက်ကို ဦးစီး ကိုင်တွယ်သူ)ကတော့ ကျန်းမာရေး အခြေအနေကြောင့် ဒီတစ်ခေါက် ယောဒေသ လေ့လာရေး ခရီးစဉ်ကိုတော့ လိုက်ပါလာနိုင်မှာ မဟုတ်ဖူးလို့ သိရပါတယ်။ ပညာရှင်အဖွဲ့ဟာ ယောမြို့ဟောင်းကိုတင် လေ့လာမှာ မဟုတ်ပဲ ပျူလူမျိုး လက်ကျန်လို့ ယုံကြည်ထားကြတဲ့ တောင်သား(တောင်သူ) လူမျိုးစုတွေကိုလဲ လေ့လာကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပညာရှင်အဖွဲ့ လာရောက်ရာမှာ လိုအပ်တဲ့ လုပ်ငန်းဆောင်တာ ကိစ္စနှင့် ဝေယျာဝစ္စတွေကို အဆင်ပြေချောမွေ့အောင် အတာဘုရား ဘက်စုံပြုပြင်ရေး ဘုရားဂေါပကအဖွဲ့ထံ ယောလူငယ်အဖွဲ့ ကိုယ်စား သွားရောက် ညှိနှိုင်း ဆွေးနွေးဖြစ်ပါတယ်။ အနီးကပ် ရက်သတ်မှတ်ပြီးနောက်ပိုင်းမှာလဲ ဂေါပက လူကြီးများနှင့် ထပ်မံဆွေးနွေးအုံးမှာဖြစ်ပါတယ်။ဒီလို စီစဉ်ထားရှိမှု့ များကြောင့် ဒေသတွင်းက သမိုင်းဝင် အထောက်အထားလို့ ယူဆရတဲ့ နေရာဒေသ၊ အသုံးအဆောင် လက်မှု့ပစ္စည်း တို့ကို အကဲဖြတ် စစ်ဆေးလိုပါက ကျနော်တို့ ယောလူငယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နိုင်ကြောင်း အသိပေး တင်ပြအပ်ပါတယ်။
တစ်ခုတော့ရှိပါတယ် ။ (ပညာရှင်အဖွဲ့က လေ့လာစစ်ဆေးပြီး တွေ့ရှိချက်ကို အတည်ပြုရာမှာ ထင်မှတ်ထားတဲ့ မျှော်လင့်မှု့မျိုး ကြားရသည်ဖြစ်စေ ၊မကြားရသည်ဖြစ်စေ လက်ခံနိုင်ဖို့ ကျနော်တို့ စိတ်တွေကို ပြင်ဆင်လေ့ကျင့်ထားဖို့တော့ လိုပါလိမ့်မယ်ခင်ဗျာ)
ကိုရင်

No comments:
Post a Comment