* မိုး *
ဝသန်ကာလ
မိုးဦးလေးကျပြီဆို
အမေ့ကို လွမ်းစိတ်
တရိပ်ရိပ်နဲ့ 
အိပ်မက်ထဲမှာ
ပြန်ပြန်လာမိတယ် အမေ။
မိုးရာသီတနေ့
ဘယ်လိုမှ မေ့မရ
ကျောင်းကအပြန်မှာ
မိုးကာမပါတဲ့ သားကို
မိုးစိုမှာစိုးစိတ်နဲ့ 
ရွာထိပ်မှာလာလာ ကြို
အမေ့မှာတော့
မိုးတွေစိုလို့ ။
ခုတော့ အမေရာ…
ကံကြမ္မာမိုးရေက
သားကိုမှ အညှိုးတကြီး
ရွေးရွေးပြီး ရွာချ
ခဏခဏလဲပြို
အမြဲလိုပြန်ပြန်ထ
နေသားကျနေပါပြီ အမေ။
ရိုးဂုဏ်က အလှဆုံး
အမေ့လက်သုံးပေတံ
အမေ့ စံတွေနဲ့
အမေ့ရဲ့သားလေ
အသက်တွေရလာပေမဲ့
ဝသန်ကာလ
မိုးဦးလေးကျလာရင်
အမေ့ရင်ခွင်ကို
ပြေးပြေးပြီး ခိုချင်ရဲ့ ။ ။
့ ယောသိင်္ခ
29/5/2015. (4;26 am )
No comments:
Post a Comment